မတ် ၂၆ ရက် မနက်ပိုင်းက ဒဂုံအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်ရှိ Grand Enterprises Garment Co., Ltd တွင် လုပ်သား လျှော့ချမည့်ကိစ္စ၊ ခံံစားခွင့် ကိစ္စများနှင့်ပတ်သက်ပြီး အလုပ်သမားများက ဆန္ဒပြကြသဖြင့် စက်ရုံပိုင်ရှင်ဘက်မှ အလုပ် သမား လျှော့ချမည့် မူဝါဒကို ပြန်လည်သုံးသပ်သွားမည်ဟု သဘောတူညီချက် ရရှိခဲ့သည်။
ထိုဆန္ဒပြမှုကို ညှိနှိုင်းပေးခဲ့သည့် ဒဂုံအရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “အခု ရပ်နားထားစဉ်မှာ အလုပ်သမား လျော့ချမယ့်အရေးကို စက်ရုံပိုင်ရှင်ဘက်က ပြန်သုံးသပ်ပါ့မယ်လို့ ပြောပါတယ်။ တချို့က ထွက်ချင်လည်း ထွက်လို့ရတယ်ပေါ့။ ဒါပေမယ့် နှစ်စဉ်ပေးနေကြ ဘောနပ်(သင်္ကြန်အပိုကြေး) ကိုတော့ မရရှိ တော့ဘူးပေါ့။ နောက် ထွက်မယ့်သူတွေအတွက်ရော၊ ဒီလအတွက်ရော လခတွေ ရှင်းပေးမယ်ပေါ့။ တချို့ အလုပ်သမား တွေက ထွက်ချင်ထွက်မယ်၊ မထွက်ချင်မထွက်ဘူး စတဲ့ အလုပ်သမားတွေရဲ့ ဆန္ဒကိုလည်း ပြန်တောင်းယူပြီး သုံးသပ် မယ်ပေါ့။ အဲဒီလိုအဖြေထွက်လာတယ်” ဟု ရှင်းပြသည်။
စက်ရုံ အလုပ်သမား ၃ဝဝဝ ကျော်ကို လျှော့ချမည့်ကိစ္စနှင့် ပတ်သက်ပြီး ယနေ့မနက်ပိုင်းတွင် စက်ရုံရှေ့၌ ထောင်နှင့်ချီ သော အလုပ်သမားများက ပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ စက်ရုံသည် ဧပြီ ၁ ရက်နေ့မှ စတင်ပြီး မေ ၁၀ ရက်နေ့အထိ ယာယီရပ်နားမည်ဟု ကြေညာထားသော်လည်း ရပ်နားစဉ်တွင် အလုပ်သမားအချို့ကို လျှော့ချမည်ဟု သတင်းများ ထွက်နေသဖြင့် ယခုလို ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောကြသည်။
လက်ရှိ စက်ရုံတွင်းရှိ ပိုင်ရှင်ဘက်မှ သတ်မှတ် အလုပ်သမား ဦးရေ မပြည့်မချင်း ထုတ်ပယ်မည့် သဘောမျိုး ဖြစ်နေသလို ထုတ်ပယ်မည့်ကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမားများနှင့် ညှိနှိုင်းမှု မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒပြမှု ဖြစ်လာရခြင်း ဖြစ် ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမားဖြစ်သူ မစိန်စိန်လွင်က ပြောသည်။
အဆိုပါစက်ရုံမှ မထက်ဝေဦးက “ကျမတို့က အလုပ်ရုံ ပိတ်လိုက်မလား။ ပိတ်လိုက်ပါ။ ရတယ်။ လက်ခံတယ်။ သူတို့မှာ ကုန်ချော ပို့ရတာ အဆင်မပြေဘူး ဆိုတာလည်း လက်ခံတယ်။ စက်ရုံကို ရက် ၄ဝ ရပ်မလား၊ ၂ လ ရပ်မလား။ ရတယ်။ မကျေနပ်တာက အလုပ်သမားတွေကို အကြောင်းပြချက် ဘာမှမရှိဘဲ ထုတ်တာကိုပဲ။ စက်ရုံပိတ်နေတယ်။ ပြန်ဖွင့်ရင် လည်း အကုန်လုံး ပြန်ဆင်းခွင့်ရှိရမယ်။ အလုပ်သမား အားလုံး တန်းတူ အလုပ်ခွင် ပြန်ဝင်ခွင့်ပေးရမယ်” ဟု ဆိုသည်။
မိမိတို့စက်ရုံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ်ကတည်းက အခြေအနေတခု ရပ်တည်နိုင်ရန် ပြင်ဆင်ခဲ့ပြီး ကုန်ကြမ်းအနေဖြင့် တရုတ်ပြည်မှ တင်သွင်းရသည်ဆိုသော်လည်း စုဆောင်းထားမှုများ ရှိခဲ့သည့်အတွက် အခက်အခဲ မဖြစ်ခဲ့သော်လည်း မိမိတို့ စက်ရုံထွက် ကုန်ချောများသည် ဥရောပ ဈေးကွက်ဖြစ်နေသည့်အခါ ယနေ့အချိန်တွင် ဥရောပ နိုင်ငံအများအပြားက ကိုရိုနာဂယက်ကြောင့် ဆိုင်များပိတ်ခြင်း၊ မြို့များ ပိတ်ခြင်း ပြုလုပ်သည့်အခါ ကုန်ချောဈေးကွက် ရပ်တန့်သွားကြောင်း အဆိုပါ စက်ရုံ၏ မန်နေဂျာတဦးဖြစ်သူ မစ္စအမ်းလီက ရှင်းပြသည်။
မစ္စအမ်းလီက “အထည်ချုပ်မှာ ကုန်ကြမ်းတွေ ပြတ်တယ်ဆိုတာ ကျမတို့အတွက် သိပ်မခက်ဘူး။ အဓိကက ကုန်ချောတွေ မထွက်တော့တာပဲ။ ကျမတို့ဆီက ထွက်နေဦး၊ ဥရောပမှာ ကျမတို့ဖောက်သည်တွေက လက်ခံလို့ရမှာမဟုတ်ဘူး။ ဘယ်နေ့ ပြန်ပြီး အဆင်ပြေမလဲ ဆိုတာလည်း မသိသေးဘူး။ ဘယ်အချိန်မှ အော်ဒါ ပြန်ရမယ်ဆိုတာလည်း မပြောနိုင်ဘူး” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံပိတ်သိမ်းရန်နှင့် လုပ်သားအင်အား လျော့ချရန်အတွက် ဆောင်ရွက် နေသည့် စက်ရုံပေါင်း ၂၀ ကျော်ရှိကာ အလုပ်လက်မဲ့ ဖြစ်သူ သောင်းနှင့်ချီ၍ ရှိနေကြောင်း သိရသည်။
ဆက်စပ်လင့်
အလုပ်လက်မဲ့ အလုပ်သမားများ အတွက် လူမှုဖူလုံရေး ခံစားခွင့်များ တိုးမြှင့်
စက်ရုံ ပိတ်သိမ်းမှု သတင်းမပို့လျှင် MIC ဥပဒေနှင့် အရေးယူနိုင်