ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပတ်သက်သော သတင်း အချက်အလက်များကို လူမှုကွန်ရက် စာမျက်နှာများမှ တဆင့် ရခိုင်ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိနိုင်ရေး အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် လိုအပ်ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) က တောင်းဆိုလိုက်သည်။
ချင်းပြည်နယ် ပလက်၀မြို့ အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ရှိ စစ်ဘေးရှောင် စခန်းများတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များ ရရှိရန် အလွန်ခက်ခဲနေခြင်းကြောင့် ရောဂါ ဖြစ်ပွားမှု မြန်ဆန်နိုင်ကြောင်းနှင့် ၎င်းတို့အတွက် အစိုးရ က ထုတ်ပြန်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သတိပေး၊ ပညာပေးချက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရေး အင်တာနက်လိုင်းများ ဖွင့်ပေးရန် ရခိုင်မျိုးသား ပါတီက မတ်လ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ANP ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာ တွေ့ပါတယ်။ Facebook ကနေ အသိပညာပေးတာ တော်တော် များပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ အခု လောလောဆယ် အင်တာနက် ပိတ်ထားတယ်ဆိုတော့ ဒီလို အသိပညာပေးတွေကို ဘယ်သူမှလဲ မသိဘူး။ နဂိုတည်းက ရခိုင်ပြည်နယ်က ကျန်းမားရေးနဲ့ ပတ်သက်လို့ အင်မတန်မှ နည်းပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ထို သို့ အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာများမှ ဖြန့်ဝေပေးနေသည့် ထိုဗိုင်းရပ်စ်နှင့် ပတ် သက်သည့် သတင်း အချက်အလက်များ၊ အသိပညာပေးမှုများကို မရရှိဘဲ ဖြစ်နေသည်ဟု ဆိုသည်။
ရခိုင် ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁ သိန်းကျော် ထိရှိလာပြီး၊ အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် သတင်း အချက်အလက်များ မရရှိ၍ ၎င်းတို့ကို ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်သည့် ဆောင်ရန် ရှောင်ရန် အချက်များ၊ အသိပညာပေးမှုများ အစိုးရက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေး သင့်ကြောင်း ဒေါ်ခင်စောဝေ က ထောက်ပြသည်။
ရခိုင်ပြည်နယ်တွင်း အခြေအနေများ တည်ငြိမ်လာသည့်အခါ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးမည် ဖြစ်ပြီး ယခင်က လည်း အင်တာနက်ကို အသုံးပြုကာ အမုန်းစကားများ၊ သတင်း အချက်အလက်မှားများ ဖြန့်ဝေခြင်း၊ အင်တာနက်ကို အသုံးချက အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် သာဓကများလည်း ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
၎င်းက “စဉ်းစားရမှာပေါ့ကွာ။ ဒီဟာကြောင့် ဒါဖြစ်တာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ SMS တော့ ပို့လို့ ရတာပဲ။ ကမာ္ဘ့နိုင်ငံတွေ တော်တော်များများမှာ 2G ပဲ ရနေကြတာပါ။ အခုလည်း သူတို့ကို 2G ပေးထားတာပါ။ တချို့နိုင်ငံတွေက 3G ၊ 4G မပေးပါဘူး။ အခြေအနေပေါ်မှာ မူတည်ပါတယ်။ အခြေအနေ ကောင်းလာတာနဲ့ ဖွင့်ပေးမှာပေါ့” ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် နေရသူများထံ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အသိပညာပေးမှုများ အမြန်ဆုံး ရောက် ရှိနိုင်မည့် နည်းလမ်းမှာ အင်တာနက် ပြန်ဖွင့်ပေးခြင်းသာ အသင့်တော်ဆုံး ဖြစ်ပြီး အင်တာနက်၏ မြန်ဆန်မှုမှ တဆင့် အရှိန်အဟုန်နှင့် အချိန်ပိုင်း အတွင်း အသိပညာပေးနိုင်မည် ဖြစ်ကြောင်း အသံအဖွဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခ က ပြောသည်။
“သူတို့အတွက် အင်တာနက် ဖြတ်ထားတာက တပူပေါ်တပူ ဆင့်တယ်လို့ မြင်တယ်။ စစ်ဘေးရှောင်နေရတဲ့ အချိန်ကာလ မှာ အင်တာနက်ပါ ဖြတ်ထားတဲ့အတွက် အခု လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပါ ထပ်လာတဲ့ အခါမှာ သူတို့ရဲ့အကြပ်အတည်းက ကျနော်တို့ မစဉ်စားနိုင်စရာ မတွေးဝံ့စရာပဲ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ် များနှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်များတွင် အင်တာနက် ဆက်သွယ်ရေးကို၂၀၁၉ ခုနှစ် ဇွန်လကတည်းက ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖြတ်တောက်ထားသည်။
ထိုသို့ ဖြတ်တောက်ထားပြီးနောက် ၃ လ အကြာ ၂၀၁၉ စက်တင်ဘာတွင် ပလက်၀မြို့နယ် အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်များကို အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့ သော်လည်း၂၀၂၀ ဖေဖော်ဝါရီ ၃ ရက်တွင် တကြိမ် ပြန်ပိတ်ခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ရခိုင်ပြည်နယ်တွင်း ၈ မြို့နယ်နှင့် ချင်းပြည်နယ် ၁ မြို့နယ် စုစုပေါင်း ၉ မြို့နယ်မှ ပြည်သူ ၁ သန်း ခန့်မှာ အင်တာနက် သုံးစွဲခွင့် မရရှိသေးပေ။
ရခိုင်ပြည်နယ်တွင်း ကာလရှည်ကြာစွာ အင်တာနက်လိုင်းများ ဖြတ်တောင်ခံရခြင်းအပေါ် ရခိုင်လွှတ်တော် အမတ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ၂၀၁၉ ဒီဇင်ဘာက ရန်ကုန်မြို့တွင် ဆန္ဒဖော်ပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုထိ ထူးခြားမှု မရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ရခိုင်စစ်ရှောင်စခန်းများ၌ ဆပ်ပြာနှင့်ရေ လိုအပ်
ရခိုင်တွင် အင်တာနက် ဖြတ်ရခြင်းမှာ ဒေသတွင်း တည်ငြိမ်မှုရှိရန် ဖြစ်ဟု ပို့ဆက် ဒုဝန်ကြီးပြော
အင်တာနက်ပိတ်ခြင်းက နိုင်ငံသား အခွင့်အရေးမညီမျှမှု ဖြစ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်