နိုင်ငံပြင်ပမှ ဝင်ရောက်လာသူများသည် နေအိမ်တွင်ပင် နေထိုင်စေ၍ အသွားအလာ ကန့်သတ်ခြင်း (Home Quarantine) စနစ်ကို လိုက်နာကျင့်သုံးမှု အားနည်းသောကြောင့် သတ်မှထ်ထားသည့် နေရာများတွင် စောင့်ကြပ်ကြည့်ရှုသည့် Facility Quarantine စနစ်ကို ယမန်နေ့မှ စတင် ကျင့်သုံးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မြို့နယ်အသီးသီးရှိ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် Facility Quarantine ပြုလုပ်ရန် အတွက် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။
ဒေါက်တာ ဇော်ဝင်းက “Home Quarantine က သိပ်ပြီး မလိုက်နာကြတဲ့အတွက် Facility Quarantine ဆိုပြီး နေရာ သတ်သတ်မှတ်မှတ်ပေါ့။ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ အခု ဒီနေ့ကစပြီး လုပ်ခိုင်းထား ပါတယ်။ မြို့နယ်တိုင်းမှာ ကျောင်းတွေရှိပါတယ် သင်တန်းကျောင်းတွေ ရှိပါတယ်။ အဲဒီမှာ လုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါ တယ်” ဟု ဆိုသည်။
အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်မှုကို မလိုက်နာပါက ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာ ဇော်ဝင်းက “တကယ် မလိုက်နာရင်တော့ အရေးယူမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတယောက် တည်း ခံရမှာ မဟုတ်ပါဘူး။ သူ့မိသားစုရော၊ ရပ်ရွာရော၊ အပေါင်းအသင်းတွေရော တယောက်တယောက် ပြန့်မယ် ဆိုရင် ဘယ်လိုမှ ထိန်းချုပ်လို့ မရပါဘူး။ တိတိကျကျ အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
န်ိုင်ငံပြည်ပမှ ပြန်ရောက်လာသူများ အနေဖြင့် အသွားအလာ ကန့်သတ်ခြင်းမှုကို ငြင်းဆန်ပါက ၁၉၉၅ခုနှစ် ကူးစက်ရောဂါ များ ကာကွယ်နှိမ်နှင်းရေး ဥပဒေကို ပြင်ဆင်လိုက်သည့် ဥပဒေအရ ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ဖြစ် စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထိုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ရှိသော်လည်း အပြစ်ပေးခြင်းမျိုး မပြုလုပ်ချင်သည့်အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က ပြောသည်။
“လက်ရှိမှာတော့ ကျမတို့အနေနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ အရေးယူ အပြစ်ပေးတာတွေ မလုပ်ချင်ပါဘူး။ ပြည် သူတွေ အနေနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက် ဒါကို လုပ်နေတယ်ဆိုတာကို သိရှိနားလည်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတာ ပြောပါရစေ” ဟု ၎င်းက ဆိုသည်။
ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် မတ် ၂၅ ရက်အထိ ကမာ္ဘ့နိုင်ငံ ၁၉၆ နိုင်ငံအထိ ပြန့်ပွားလျက် ရှိပြီး သေဆုံးသူ ၁၈၅၈၉ ဦး ရှိပြီဖြစ်သည်။
မတ်လ ၂၅ ရက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်လည်း COVID-19 ပိုးတွေ့ရှိ သူ ၃ ဦး ရှိပြီး သံသယလူနာ၂ ဦးနှင့် စောင့်ကြည့်လူနာ၂၇၄ ဦး ရှိသည့်အနက် ပိုးမတွေ့ လူနာ၂၅၃ ဦး၊ ဓာတ်ခွဲ စောင့် ဆိုင်းဆဲ ၂၀ ဦး ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
အပြင်လည်း ပေးမထွက်ဘူး၊ ဆန်လည်း မလာဘူး၊ ကျန်းမာရေးအတွက်လည်း လုပ်ပေးထားတာ မရှိဘူး
Home Quarantine ဆိုတာ လိုအပ်လို့သာ လုပ်ခိုင်းတာ ဖြစ်တယ်