COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အမျိုးသား လူနာရှင် မိသားစုနှင့် နေအိမ်နှင့် မန္တလေးမှ လူနာ၏ နေအိမ်တို့အား ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ထားပြီး အသွားအလာ ကန့်သတ်လိုက်ပြီဟု သိရသည်။
မဂ်လာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “လူနာက စာရင်းကောက်ထားတုန်းက နှာခေါင်းကင်ဆာနဲ့ပဲ ရထားတာ၊ ဆေးမှတ်တမ်းအရ သူက ရောဂါအခံဖြစ်တဲ့ ကင်ဆာက နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်၊ ဒီလိုကိုယ်ခံအား နည်းရာကနေ ဒီ COVID-19 ရောဂါ ထပ်ဝင်လာတဲ့သဘောမျိုးဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
၎င်းလူနာသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ၁၀၁ လမ်းတွင် နေထိုင်သူဖြစ်ပြီး အသက် ၆၉ နှစ်ရှိပြီ ဖြစ်ကာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရသူလည်း ဖြစ်သည်။
အဆိုပါမိသားစု ၁၁ ဦးခန့် နေထိုင်သည့် ၈ ထပ်တိုက်နှင့် ဘေးပတ်ဝန်းကျင်အား ဆေးဖြန်းကာ စောင့်ကြည့်မှုပြုလုပ်ထားပြီး လူနာနှင့် ၎င်းအား အနီးကပ်ပြုစုခဲ့သည့် သမီးဖြစ်သူ အပါအဝင် ၃ ဦးတို့အား ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ အနေဖြင့် သီးခြားနေထိုင်မှုပြုလုပ်ရန် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းလျှက်ရှိပြီး ပတ်ဝန်းကျင်သို့ သွားလာမှုမပြုလုပ်ရန်ပင် ပြောဆိုထိန်းချုပ်ရန် ခက်ခဲကြောင်းလည်း ဦးလှဌေးက ပြောသည်။
ထို့ပြင် ပိုးတွေ့လူနာသစ် တဦး နေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ မမ-၂၇ တိုက်နံပါတ် ၆ တွင် နေထိုင်သူအားလုံး Home Quarantine (အသွားအလာကန့်သတ်ကာ မိမိနေအိမ် တွင်သာနေထိုင်ရန်) ပြုလုပ်ရမည် ဖြစ်ကြောင်း မန္တလေးတိုင်းခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
ထို့ပြင်မန္တလေးတွင် တွေ့ရှိသည့် COVID -19 ရောဂါပိုးရှိသူ တရက်နေထိုင်ခဲ့သော တောင်ဥက္ကလာမြို့နယ် ကျော်သူလမ်းရှိ ၆ ထပ်တိုက်ကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်း၏ မိသားစုဝင်များ နှင့် ယင်းတိုက်တွင် နေထိုင်သူများကို ကျန်းမာရေး စောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တောင်ဥက္ကလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ အခုက တိုက်ကို ပိတ်ထားလိုက်ပြီး တိုက်ကို ပိုးသတ်ဆေးဖြန်းနေတယ်။ သူတို့ မိသားစုကတော့ သုံးယောက်ရှိတယ်။ သူတို့က ပထမထပ်မှာ နေတာဆိုတော့ တခြားအခန်းတွေမှာ နေတဲ့သူတွေ အကုန်လုံးကိုလည်း စောင့်ကြည့်တဲ့ စာရင်းထဲမှာ ထည့်ထားလိုက်ပြီး ဆက်လက်စောင့်ကြည့်သွားမှာပါ ” ဟု ရှင်းပြသည်။
“လူနာနေထိုင်ခဲ့တဲ့အခန်းက တိုက် ၁ တိုက်လုံး Home Quarantine လုပ်ရပါမယ်။ လူနာရဲ့ မိသားစုဝင်တွေကိုတော့ လိုအပ်တဲ့ကျန်းမာရေးစောင့်ကြည့်မှုတွေလုပ်ဖို့ ဆေးရုံကို ခေါ်ထုတ်ပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုလူနာသည် အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ်လ ၁၉ ရက်က အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ နေထိုင်ရာ မန္တလေးမြို့ရှိ အထက်ပါအိမ်ရာရှိ ၎င်း၏နေအိမ် သို့ မတ်လ ၂၁ ရက်က ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။
“လူနာရဲ့ဇနီးဖြစ်တဲ့သူကတော့ ဆေးရုံရောက်နှင့်ပြီးသားဆိုတော့ ကျန်တဲ့သူမိသားစုဝင် ၅ ဦးကို လိုတဲ့ ဆေးကုသမှုခံယူဖို့ ခေါ်ထုတ်သွားပါပြီ။ သူနေခဲ့တဲ့ တိုက်ခန်းအပါအဝင် တတိုက်လုံး ဆေးဖြန်းတာတွေလဲ လုပ်ပြီးပါပြီ” ဟု ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ဧရာဝတီကို ပြောသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာသည် မန္တလေးမြို့သစ်တွင် တည်ရှိပြီး လူနေထူထပ်သည့် အိမ်ရာလည်း ဖြစ်သည့်အတွက် ရောဂါပိုး ကူးစက်မှု ပိုများမည်ကို မန္တလေးမြို့ခံအများစုက စိုးရိမ်နေကြပြီး အဆိုပါလူနာ နေထိုင်ခဲ့သော တိုက်တွင် တိုက်ခန်းပေါင်း ၁၆ ခန်းရှိပြီး နေထိုင်သူခန့်မှန်းခြေ လူဦးရေ ၈၀ ကျော်ခန့် ရှိနိုင်သည်ဟု ဦးမြင့်အောင်မိုးက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ် ၂၇ ရက်နံနက်အစောပိုင်းက သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ နောက်ထပ် ၂ ဦးရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၅ ဦး ရှိလာပြီ ဖြစ်သည်။
ထိုလူနာများ သွားလာခဲ့ရာ လမ်းကြောင်းတလျှောက်ရှိ ထိတွေ့မှုရှိခဲ့သူများကိုလည်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ဆက်စပ်လင့်
ကိုရိုနာဗိုင်းရပ်စ် သတင်းများ သိနိုင်ရန် ရခိုင် အင်တာနက် ပြန်ဖွင့်ပေးရေး တောင်းဆို
မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ လူနာ စတင်တွေ့