မည်သည့်ပြည်ပနိုင်ငံမှမဆို မန္တလေးတိုင်းသို့ လာရောက်ပါက Facility Quarantine (သတ်မှတ် နေရာတွင် ကျန်းမာရေးစောင့်ကြည့်မှုခံယူခြင်း) မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
“မန္တလေးတိုင်းကို ပြည်ပဘယ်နိုင်ငံကနေပဲ ရောက်လာလာ၊ ရောက်လာသူအားလုံး Facility Quarantine ၁၄ ရက် မဖြစ်မနေ ဝင်ကိုဝင်ရပါမယ်။ မဝင်ရင် ကူးစက်ဥပဒေနဲ့ အရေးယူပါမယ်”ဟု ၎င်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၇ ရက် နံနက်အစောပိုင်း သတင်းထုတ်ပြန်ချက်အရ နိုင်ငံခြားမှ ပြန်ရောက်သော မြန်မာနိုင်ငံသား ၂ ဦး၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရ၍ ယနေ့အထိ စုစုပေါင်း ကိုဗစ်လူနာ ၅ ဦးရှိပြီး အဆိုပါလူနာအားလုံးသည် လွန်ခဲ့သောနှစ်ပတ်အတွင်းက အမေရိကန်၊ အင်္ဂလန်၊ စင်ကာပူနိုင်ငံတို့မှ ရောက်ရှိလာသူများဖြစ်သည်ဟု သိရသည်။
၎င်းတို့အနက် မတ်လ ၂၇ ရက်နံနက်က သတင်းထုတ်ပြန်ချက်တွင် ပါဝင်သော အသက် ၃၃ နှစ်အရွယ် လူနာအမျိုးသားသည် လွန်ခဲ့သော ၂ ပတ်အတွင်းက အမေရိကန်နိုင်ငံမှ မန္တလေးသို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံသားတဦးဖြစ်သည်။
အဆိုပါလူနာသည် မန္တလေးတွင် ပထမဆုံးတွေ့ရှိသည့် ကိုဗစ်လူနာဖြစ်ပြီး ကန်တော်နဒီ ဆေးရုံ၌ ထားရှိကာ ဆေးကုသမှုများဆောင်ရွက်နေပြီး ၎င်းသည် အဆုတ်ရောင်ရောဂါလက္ခဏာ ခံစားနေရပြီး ရောဂါအခြေအနေ အရမ်းမပြင်းထန်ကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ယနေ့နံနက် ၁၁ နာရီက ဧရာဝတီသတင်းဌာနအား အတည်ပြုပြောကြားထားသည်။
အထက်ပါအခြေအနေများကြောင့် မန္တလေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန် ပြည်ပနိုင်ငံများမှ လာရောက်သူများအားလုံး မဖြစ်မနေသတ်မှတ်နေရာတွင် ကျန်းမာရေး စောင့်ကြည့်မှုခံယူရမည်ဖြစ်ကာ မလိုက်နာပါက အရေးယူမည်ဟု ခေတ္တဝန်ကြီးချုပ်က ဆိုသည်။
၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြည်ပမှ ပြန်ရောက်လာသူများအနေဖြင့် ထိုသို့ကျန်းမာရေးအရ အသွားအလာကန့်သတ်မှုအား ငြင်းဆန်ပါက ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ဒဏ်ငွေ ၅ သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
လက်ရှိတွင် မန္တလေးတိုင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်လူနာအပါအဝင် စောင့်ကြည့်၊ သံသယလူနာများအတွက် ကန်တော်နဒီဆေးရုံ၊ နဒီမြန်မာဟိုတယ်တွင်သာမက သာသနာရေးဆိုင်ရာ အဆောက်အဦးများ ဖြစ်သော ရိပ်သာများ၊ ပညာရေးနှင့်သက်ဆိုင်သော တက္ကသိုလ်၊ ကောလိပ်ရှိအဆောင်များတွင် နေရာများ ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
“လောလောဆယ်အရ Lockdown လုပ်ဖို့ မလိုသေးပေမယ့် အဲဒီအခြေအနေ မရောက်သွားအောင် ပြည်သူ အားလုံး ဝိုင်းဝန်းပေးကြပါ” ဟု တိုင်းခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က မေတ္တာရပ်ခံသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ရန်အတွက် ယခုသီတင်းပတ်မှစတင်ကာ မန္တလေးတိုင်းအတွင်း လူစုလူဝေး ဖြစ်စေမည့် ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ လူစည်ကားသော မန္တလေးကျောက်ဝိုင်းအား ယာယီပိတ်ခြင်း၊ နိုက်ကလပ်၊ စင်တင်၊ ဘား၊ ကေတီဗီများအား ယာယီပိတ်ရန်နှင့် လက်ဖက်ရည်ဆိုင်များအပါအဝင် စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် တိုင်းအစိုးရအဖွဲ့က ဒေသဆိုင်ရာစည်းကမ်း သတ်မှတ်ထုတ်ပြန်ပြီးဖြစ်သည်။
သို့သော် လက်ရှိအနေအထားအရ အများပြည်သူ၏ စားဝတ်နေရေး၊ လူမှုစီးပွားရေးတို့အတွက် ဈေးချိုအပါအဝင် ဈေးများပိတ်ခြင်းအား မပြုလုပ်သေးဘဲ အခြေအနေအရ လိုအပ်သည်များအား ဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး ကူးစက်ခံရသူ ၄ သိန်းနီးပါးနှင့် သေဆုံးသူ ၂သောင်းနီးပါးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ပိုးတွေ့လူနာသစ် ၂ ဦး၏ နေအိမ်များကို အသွားအလာကန့်သတ်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
Home Quarantine လိုက်နာမှု အားနည်း၍ Facility Quarantine စစ်ကိုင်း၌ လုပ်ဆောင်