ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအတွင်းရှိ လက်ဖက်ရည်ဆိုင် အပါအဝင် စားသောက်ဆိုင် များတွင် ဆိုင်ထိုင်စားသောက်သည့် စနစ်ကို (ယာယီ) ပိတ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန် က “လူစုလူဝေး မဖြစ်အောင် ပါဆယ်စနစ်နဲ့ လုပ်တာပါ။ မနေ့ကမှ အုပ်ချုပ်ရေးပိုင်း အစည်းအဝေး ဆုံးဖြတ်ချက်မှ တဆင့် ချက်ချင်း ဒီနေ့မှာ အကောင်အထည်ဖော်တာပါ” ဟု ဧရာဝတီကို ယနေ့ မွန်းလွဲပိုင်းက အတည်ပြုသည်။
၎င်းက ဆက်၍ “ထိစပ်မှုတွေကနေ အများဆုံးဖြစ်နိုင်တဲ့ လူနေထူထပ်တဲ့နေရာကနေ အများဆုံးဖြစ်နိုင်တဲ့ အနေအထားဆိုတော့ အတတ်နိုင်ဆုံး ဒီဥစ္စာကို ထိန်းသိမ်းတဲ့သဘောပါ” ဟု ဆိုသည်။
ယခုညွှန်ကြားချက်သည် ကာလအားဖြင့် မည်မျှကြာမည်ကို မပြောနိုင်သေးဘဲ COVID-19 ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အနေအထားအပေါ် မူတည်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းပြောသည်။
ပုဂံညောင်ဦးဒေသတွင် လမ်းဘေးဆိုင်၊ လက်ဖက်ရည်ဆိုင်များ အပါအဝင် စားသောက်ဆိုင် ၃၀၀ ခန့် ရှိပြီး မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်) ဝင်ထားသည့် စားသောက်ဆိုင် ၈၀ ခန့် ရှိကြောင်း သိရသည်။
ပုဂံမြို့သစ်ရှိ လမင်းသစ် မြန်မာထမင်းဆိုင် ပိုင်ရှင် ဦးခင်မောင်ထွေး က “ကျနော်တို့ ဆိုင်က မတ် ၂၀ ရက်မှာ စပြီး အရောင်းရပ်လိုက်တယ်” ဟု ပြောသည်။
လတ်တလောတွင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုပေး (delivery) နှင့် အသိမိတ်ဆွေများ လာ လိုလျှင် ကြိုတင် ဖုန်းဆက်ကာ မှာထားသည့် ပုံစံမျိုးလောက်သာ ရှိတော့သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်) အတွင်းရေးမှူးလည်းဖြစ်သူ ဦးခင်မောင်ထွေးက “ကျနော်တို့ အသင်းဝင်ဆိုင် ရာခိုင်နှုန်း ၉၀ ကျော်က ပိတ်ထားပြီလို့ ယူဆတယ်။ ကျနော်တို့လည်း အချိန်နဲ့တပြေးညီ သတင်းယူနေတုန်းပါ။ delivery လို ဝန်ဆောင်မှုပေးဖို့။ နောက် မိသားစု ဆိုင်လေးမျိုးလေးတွေပဲ ရှိတော့မယ်လို့ ယူဆ ပါတယ်” ဟု ရှင်းပြသည်။
ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးတွင် ဖွင့်ထားသော ထန်းတောထဲမှ စားသောက်ဆိုင်များလည်း ယနေ့ စတင် ပိတ်ကုန်ပြီဖြစ်ပြီး ဆိုင်အနည်းငယ်သာ ဖွင့်လှစ်ရောင်းချကာ ပါဆယ်စနစ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထန်းတောထဲတွင် ဖွင့်ထားသည့် စားသောက်ဆိုင်ပိုင်ရှင် တဦးက “ဟုတ်ပါတယ်။ ပိတ်ကုန်ပါပြီ။ ညွှန်ကြားချက် ထွက်ထားလို့ပါ” ဟု ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ဂယက်ကြောင့် ပုဂံတွင် ဖေဖော်ဝါရီ လလယ်လောက်မှ စတင်ကာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်လာရောက်မှု နည်းသွားခဲ့ပြီး ယခုအခါ ပုဂံဒေသ၏ ခရီးသွားလုပ်ငန်းသည် ရပ်လုနီးပါး အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ညွှန်ကြားချက် မထွက်မီကတည်းကပင် ဧည့်သည်လာရောက်မှု မရှိတော့သောကြောင့် ဆိုင်အတော်များများနှင့် ဟိုတယ်တချို့ ပိတ်သွားပြီဖြစ်ကြောင်း သိရသည်။
ဘုရားပုထိုးစေတီများကိုတော့ ပိတ်ထားခြင်းမရှိဘဲ ပုဂံရှေးဟောင်းပြတိုက်ကိုမူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနက ပိတ်လိုက်ပြီဖြစ်ကြောင်း၊ ဟိုတယ်များကို ပိတ်ရန် ညွှန်ကြားမှု မရှိသေးသော်လည်း ထုန်ပြန်ထားသည့် ဒေသန္တ ရအမိန့်များကို လိုက်နာရန်နှင့် အကြောင်းတစုံတရာရှိပါက မြန်ဆန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီမံထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောသည်။
ဆက်လက်၍ ၎င်းက ပုဂံ-ညောင်ဦး မြို့ဝင်မြို့ထွက် ဂိတ်များဖြစ်သည့် ညောင်ဦး-မြင်းခြံ၊ ညောင်ဦး-ကျောက် ပန်းတောင်း၊ ညောင်ဦး-ချောက်ကားလမ်းတို့ရှိ လမ်းအသုံးပြုခကောက်ခံရေးနှင့် မြို့ဝင်ဘီးခွန် ကောက်ခံရေး ဂိတ် များတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် အပူချိန်တိုင်းကိရိယာများဖြင့် ယနေ့(မတ် ၂၇) မှ စတင်ကာ စစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။
ယနေ့အချိန်ထိ ပုဂံဒေသတွင် သံသယလူနာ မရှိသေးသော်လည်း နိုင်ငံခြားမှ ပြန်လာသူများကို အချိန်နှင့်တပြေးညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လောကသစ္စာနှင့် မင်းစံအိမ် ဟိုတယ်နှစ်ခုရှိ အခန်းပေါင်း ၁၁၀ ကိုလည်း COVID-19 စောင့်ကြည့်လူနာများ ထားရှိရန် အသုံးပြုခွင့်ပေးထားကြောင်း၊ အရန် အနေဖြင့်လည်း ပြည်ထဲရေးရိပ်သာအပါအဝင် ဌာနဆိုင်ရာ ရိပ်သာများကိုလည်း အသုံးပြုရန် တိုင်းအစိုးရထံ တင်ပြ ထားကြောင်း ၎င်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၇ ရက် နံနက်အစောပိုင်း သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅ ဦး ရှိပြီဖြစ်သည်။