ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ လူနာတွေ့ခဲ့သဖြင့် အဝင်အထွက်ပိတ်ထားခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ရွာသို့ ချင်းပြည်နယ်အစိုးရမှ ဆန်အိတ် ၁၀၀ နှင့် ဆေးပစ္စည်းများ ပေးအပ်ခဲ့ပြီး ပိုးသတ်ဆေးဖြန်းပေးခဲ့ကြောင်း သိရသည်။
ချင်းလူမူရေးဝန်ကြီး ပေါင်လွန်မင်းထန်က “အခုပြဿနာက ဘာဖြစ်သွားလဲဆိုတော့ အဝင်အထွက် ပိတ်လိုက်တော့ အစားအသောက် အခက်အခဲရှိတယ်။ အစိုးရက ဆန်အိတ် ၁၀၀ နဲ့ ဆေးပစ္စည်းတွေ မနေ့က ပို့လိုက်ပါပြီ။ သူတို့ အပြင်မထွက်အောင်နဲ့ အစားအသောက် ပြတ်လပ်တာ မဖြစ်အောင်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ တီးတိန်မြို့ပေါ်၌ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ Disinfectant Solutions ဆေးများ လိုက်လံဖြန်းပေးကြောင်းလည်း ချင်းလူမူရေးဝန်ကြီး ပေါင်လွန်မင်းထန်က ပြောသည်။
တီးတိန်သို့ နေပြည်တော်မှ ညွှန်ကြားချက်ဖြင့် တာဝန်ထမ်းဆောင်မည့် စေတနာ့ဆရာဝန် ၅ ဦးအနက် တဦးက ဗိုင်းရပ်စ်ပိုးရှိသည့် လူနာတွေ့ရှိခဲ့သည့် ကပ်တဲလ်ရွာကို တာဝန်ယူသွားမည်ဟု သိရသည်။
ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်က “Lockdown ချတော့ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားမရှိတော့ဘူး။ ၃ ရက်လောက် ပိတ်လိုက်တော့ တော်တော် ဒုက္ခရောက်သွားတာ။ မနေ့ကတော့ ဆေးပစ္စည်းတွေ လာပို့တယ်။ ဒီနေ့ ရောဂါဖြစ်တဲ့ လူနာအိမ်ကို ဆေးဖြန်းတယ်။ ဆန်အိတ်လည်း ရောက်နေပြီ” ဟု ပြောသည်။
ချင်းပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ဘတ်ဂျက်အခက်အခဲ မရှိစေရန် ပြည်ထောင်စုအစိုးရမှ ပြည်နယ်နှင့်တိုင်းများကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပေးအပ်ထားသည့် ငွေကျပ်တစ်ဘီလီယံကို ချင်းပြည်နယ်အစိုးရအား သုံးစွဲခွင့်ပေးခဲ့ကြောင်း သိရသည်။
ဝန်ကြီး ပေါင်လွန်မင်းထန်က “အဲဒါက သဘာဝဘေးရန်ပုံပါ။ အခုက ကိုဗစ်က ကူးစက်ရောဂါဖြစ်နေတော့ တကယ်လို့ ထိန်းမနိုင်ဖြစ်ရင် သုံးစွဲခွင့်ပြုပါဆိုတာကို ခွင့်ပြုပေးတဲ့သဘောပါ။ အတတ်နိုင်ဆုံး ကျန်းမာရေး အသုံးစရိတ် သုံးဖို့ပြောထားပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံမှ မတ် ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူ ၃၆ နှစ်အရွယ် အမျိုးသားသည် ကိုရိုနာ ဗိုင်းရပ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သဖြင့် ထိုလူနာသည် လက်ရှိ တီးတိန်ပြည်သူ့ ဆေးရုံတွင် သီးသန့်ခန်းအတွင်း၌ စောင့်ကြည့်ကုသမှု ခံယူလျှက်ရှိသည်။
ထို့သို့ ရောဂါပိုးတွေ့ရှိသည်နှင့်တပြိုက်နက်ထဲ ကပ်တဲလ်ရွာကို ဝင်ထွက်သွားလာခွင့် ကန့်သတ်ခဲ့ပြီး ၎င်းသွားလာခဲ့သည့် ကလေးမြို့ကိုလည်း ခရီးသည် ဝင်ထွက်သွားလာခွင့် ကန့်သတ်ခဲ့သည်။ ၎င်းနှင့် တွေ့ဆုံခဲ့သူများအပါအဝင် မိသားစု ဝင်များကိုလည်း home quarantine ပြုလုပ်ထားသည်။
ကပ်တဲလ်ရွာ အဝင်အထွက် ပိတ်လိုက်ပြီးနောက် ၃ရက်မြောက်သည့်နေ့အထိ အစိုးရထံမှ အစားအသောက် ရိက္ခာမရရှိသလို ကျန်းမာရေးအတွက် ဝန်ဆောင်မှု တစုံတခုမှ မရသည့်အတွက် အခက်အခဲများစွာ ရှိနေခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်က ဧရာဝတီအပါအဝင် သတင်းမီဒီယာများကို ပြောခဲ့သည်။
အိမ်ခြေ ၆၉၂ အိမ်ရှိပြီး လူဦးရေ ၃၆၆၀ ရှိ ကပ်တဲလ်ရွာတွင် ဒေသခံရွာသားတချို့က ကူးစက်တတ်သည့် ရောဂါဆိုခြင်းကို မယုံသဖြင့် အပြင်ထွက် သွားလာမှုပြုသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရွာသားတချို့ ပြဿနာ ဖြစ်ပွားခဲ့သည် ဟု သိရသည်။
Covid-19 ရောဂါပိုးရှိသည့် လူနာတွေ့ပြီးနောက် ချင်းပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၅ ရက်နေ့မှ စတင်ကာ ချင်းပြည်နယ်အတွင်း ဘုရားကျောင်း၊ ဘာသာရေးပွဲတော်၊ ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခွင့်ကို ပိတ်လိုက်သည်။
မြန်မာနိုင်ငံတွင် မတ် ၂၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ ၅ ဦးအထိရှိလာပြီး သံသယ၊ စောင့်ကြည့်လူနာ စုစုပေါင်း ၃၂၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ပိုးတွေ့လူနာသစ် ၂ ဦး၏ နေအိမ်များကို အသွားအလာကန့်သတ်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
Home Quarantine လိုက်နာမှု အားနည်း၍ Facility Quarantine စစ်ကိုင်း၌ လုပ်ဆောင်