မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၅ ဦးတွေ့ရှိပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားသော မြို့နယ်အချို့တွင် တားမြစ်ကန့်သတ်မိန့်အဖြစ် ဒေသန္တရအမိန့်များ ထုတ်ပြန်ထားလျှက်ရှိသည်။
ထိုတားမြစ်မိန့်များတွင် ပြည်ပမှပြန်လာသူများအနေဖြင့် နေအိမ် (သို့) သတ်မှတ်နေရာများတွင် ၁၄ ရက်ကြာ စောင့်ကြည့်နေထိုင်ရန် ညွှန်ကြားထားပြီး လိုက်နာခြင်းမရှိပါက ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူမည်ဟု သတိပေးထားသည်။
ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအား ၁၉၉၅ ခုနှစ်၊ မတ်လတွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေအား ပြင်ဆင်သည့် ဥပဒေကိုလည်း ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလက ထပ်မံပြဌာန်းခဲ့သည်။
ယင်းဥပဒေအရ ကူးစက်မြန်ရောဂါ (သို့) တိုင်ကြားရမည့်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး နီးစပ်ရာကျန်းမာရေး ဌာန (သို့) ဆေးရုံတို့ကို အသိပေးတိုင်ကြားရန် ပျက်ကွက်ပါက ထောင်ဒဏ် ၁ လအထိဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း ပြဌာန်းထားသည်။
ယင်းအပြင် ကျန်းမာရေးအရာရှိက စားသုံးရန်မသင့်၍ အစားအသောက်များ ဖျက်စီးရန်၊ ဆိုင်များ၊ အလုပ်ရုံများ ပိတ်သိမ်းရန် တားမြစ်ချက်ကို မလိုက်နာပါကလည်း ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ကျပ် ၅ သောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင် ဆိုထားသည်။
အထူးသဖြင့် ကူးစက်ရောဂါဖြစ်ပွားရာ နေရာများ၊ ယင်းနေရာများရှိသူများအား အသွားအလာကန့်သတ်ခြင်း၊ ပွဲလမ်းသဘင်များ ပိတ်သိမ်းခြင်း၊ နေအိမ်များ မထွက်ခွာကြရန် တားမြစ်ခြင်းများအား ဖောက်ဖျက်ပါကလည်း ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ကျပ် ၅ သောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
လက်ရှိတွင် ကမ္ဘာတဝှမ်း ဖြစ်ပွားနေပြီး သေဆုံးမှုမြှင့်တက်နေသည့် COVID-19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း “တိုင်ကြားရမည့်ကူးစက်ရောဂါ” အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အတည်ပြုသတ်မှတ်ထားပြီဖြစ်သည်။
COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ထိုင်း၊ မလေးရှားနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ကျန်းမာရေးဌာနများသို့ အကြောင်းကြားကာ စစ်ဆေးမှုခံယူရန်၊ နေအိမ်တွင် ၁၄ ရက် သီးခြားစောင့်ကြည့် နေထိုင်ရန်နှင့် ညွှန်ကြားချက်များအား လိုက်နာကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ပုဒ်မ တခုချင်းအလိုက် လိုက်နာရမည့် အချက်များနှင့် ပြစ်ဒဏ်များ