ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့မှုနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဇင်ပြွန်းကုန်း ကျေးရွာနေ ဒေါ်ပြော့ (ခ) ဒေါ်ခင်လှိုင် (အသက် ၈၀ နှစ်) သေဆုံးခဲ့သဖြင့် မတ်လ ၂၅ ရက်က အသုဘ ချခဲ့ရာ ကျေးရွာ၏ ရွာလယ်လမ်းမကြီးမှ အသုဘချခြင်း မပြုရန်နှင့် ကျွဲနွားများ ရွာတွင်းသို့ အသွင်းအထုတ် ပြုလုပ်သော လမ်းမှ အသုဘချရန် ရွာအရှေ့ခြမ်းရှိ ဒေသခံများက တားမြစ်ခဲ့သည့်အတွက် ရွာအရှေ့ခြမ်းနှင့် ရွာအနောက်ခြမ်းမှ ဒေသခံများ ပဋိပက္ခ ဖြစ်ပွားမည့်အခြေအနေ ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့် ဦးစီးသော ရဲအင်အား ၅၀ ဖြင့် လာရောက် ထိန်းသိမ်းခဲ့ရာ အသုဘ ပို့သူများက ရဲတပ်ဖွဲ့ အတားအဆီးများကို ကျော်ဖြတ်၍ အသုဘပို့ရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇင်ပြွန်းကုန်းရွာသား တချို့က တုတ်များ၊ ခဲများဖြင့် ရဲတပ်ဖွဲ့ကို ပစ်ပေါက်ခဲ့သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က သေနတ် ၁၅ ချက်ထက်မနည်း မိုးပေါ်ပစ်ဖောက်ခဲ့ပြီး လူအုပ်အတွင်းသို့လည်း သေနတ်ဖြင့် ပစ် ခတ်ခဲ့သည့်အတွက် ဇင်ပြွန်းကုန်း ကျေးရွာသား ကိုသိန်းထွန်းအောင် (အသက် ၂၆ နှစ်)မှာ သေနတ်မှန်၍ သေဆုံးခဲ့ သည်။
အရပ်သား ကိုသိန်းထွန်းအောင် သေနတ်မှန် သေဆုံးမှုနှင့် ပတ်သတ်၍ ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် အဓိကရုဏ်းဖြစ်စဉ်တွင် လုံခြုံရေးတာဝန်ယူခဲ့သူ ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ ညီ၊ မညီဆိုတာကို ကျနော်တို့ စစ်ဆေးသွားမှာပါ။ အဲဒီအတွက် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က အကြီးတန်း ရဲအရာရှိ တွေ ဦးဆောင်ပြီး စစ်ဆေးဖို့ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပါတယ်။ အဓိကရုဏ်းမှာ တာဝန်ယူခဲ့သူ ရဲတပ်ဖွဲ့ဝင် အားလုံးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇင်ပြွန်းကုန်း ကျေးရွာ အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ ကိုသိန်းထွန်းအောင် သေဆုံးခဲ့သလို ဆရာ တော် ၁ ပါးနှင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသည့် အတွက် ကျုံပျော်မြို့နယ် ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ကျုံပျော်မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများက သေဆုံးသူ ဒေါ်ပြော့ (ခ) ဒေါ်ခင်လှိုင်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် သယ်ယူ၍ ဇင်ပြွန်းကုန်း ကျေးရွာသုဿာန်သို့ ပို့ဆောင်မြေ ချခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ ကိုသိန်းထွန်းအောင် (၂၆ နှစ်)၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ကျုံ ပျော်မြို့၊ သုဿာန်၌ ရဲအစောင့်အရှောက်ဖြင့် မီးသဂြိုလ်ခဲ့ရာ ဇင်ပြွန်းကုန်း ဒေသခံများ၊ နာရေးရှင် မိသားစုများနှင့် ဧရာ ဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ရွှေသောင်းတို့ နာရေးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကိုသိန်းထွန်းအောင်၏ အစ်မဖြစ်သူ မမြင့်သန်းကြည် က “ကျမမောင်လေး နာရေးကို ရဲတပ်ဖွဲ့ဘက်က လိုအပ်တာ အကုန် လုံး ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ သူတို့ (ရဲတပ်ဖွဲ့) ဘက်က ဘာဖြစ်ချင်သလဲလို့ မေးတယ်။ ကျမကတော့ အများပြည် သူပိုင်၊ နိုင်ငံတော်က ချထားပေးတဲ့ ဒီလမ်းမကြီးကနေ အသုဘချလို့ရအောင် တရားဝင် ဆောင်ရွက်ပေးပါ။ ဒါမှသာ ပြဿ နာတွေ အားလုံး ပြေလည်မှာ ဖြစ်ပါတယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။
ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာ၌ အသုဘချရာတွင် ရွာလယ်လမ်းမကြီးကို အသုံးပြုလိုသည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ အထိ ကျေးရွာအရှေ့ခြမ်းရှိ အယူသည်းသူများနှင့် ကျေးရွာ အနောက်ခြမ်းရှိ ဒေသခံများကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးဌာနက ဇင်ပြွန်းကုန်း ကျေးရွာ အတွင်းရှိ မည်သည့် လမ်းကိုမဆို အသုံးပြုနိုင်သည်ဟု ဒေသန္တရ အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားသော်လည်း ရွာအရှေ့ခြမ်းရှိ အယူသီး ဒေသခံများက အသုဘမချရန် ပိတ်ပင်တား ဆီးမှုများ ဆက်လက် ပြုလုပ်နေသည့်အတွက် ဇင်ပြွန်းကုန်းကျေးရွာ အနောက်ခြမ်းတွင် နာရေးဖြစ်ချိန်တိုင်း ပဋိပက္ခများ ပေါ်ပေါက်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဆက်စပ်ဖတ်ရှုရန်-
အသုဘချစဉ် အဓိကရုဏ်းဖြစ်၊ ရဲမှ သေနတ်ဖြင့် ပစ်၍ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ