မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း အတည်ပြုလူနာ သုံးဦးရှိလာချိန်တွင် ပုဂ္ဂလိကဘော်ဒါဆောင်များတွင် နေထိုင်လျက်ရှိသော မန္တလေးရှိ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးလုပ်သားများထံမှ ဗိုင်းရပ်ကူးစက်မည်ကို ကြောက်ရွံ့ထိတ်လန့်နေသော အဆောင်ပိုင်ရှင်များက နှင်ချမှုများရှိနေသည်။
မြန်မာနိုင်ငံတွင် ၎င်းတို့နေအိမ်မှ ဝေးလံသောအရပ်များတွင် အလုပ်လုပ်ရသော အငယ်တန်းဆရာဝန်၊ သူနာပြုနှင့် ဓါတ်ခွဲခန်းပညာရှင်များမှာ ၎င်းတို့အတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာနက နေရာထိုင်ခင်း မပေးနိုင်သဖြင့် ပုဂ္ဂလိကဘော်ဒါဆောင်များတွင် နေထိုင်ကြရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာရှိနေပြီ ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် ကူးစက်မှုနှင့် ပတ်သက်ပြီး ဒေသခံများ၏ စိုးရိမ်မှုများမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများကို တိုက်ရိုက် စတင် ထိခိုက်လာသည်။
အဆောင်ပိတ်တော့မည်ဖြစ်၍ ၎င်းတို့အနေဖြင့် အဆောင်မှထွက်ခွာရမည်ဖြစ်ကြောင်း ၎င်းနှင့် ၎င်း၏သူငယ်ချင်းတဦးကို အဆောင်ပိုင်ရှင်က ပြောကြားခဲ့ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် တာဝန်ကျသည့် ရှမ်းပြည်နယ်မှ သူနာပြုတဦးက ဧရာဝတီသို့ ကြာသပတေးနေ့က ပြောသည်။
“တကယ်တော့ ပိုင်ရှင်က ကျမနှင့် ကျမသူငယ်ချင်းကိုသာ ပြောတာပါ။ တခြားသူတွေကို မပြောပါဘူး။ ပိုင်ရှင်က ကိုရိုနာဗိုင်းရပ်ကူးစက်မှာကို ကြောက်နေတာကို ကျမ နောက်တော့မှ သိလာရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့က မန္တလေးဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ သူနာပြုတွေဖြစ်လို့ပါ” ဟု အမည်မဖော်လိုသည့် အဆိုပါသူနာပြုက ပြောသည်။
မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိကအဆောင်များတွင် နေထိုင်လျက်ရှိသော ဆရာဝန်နှင့် သူနာပြု တဒါဇင်ကျော်မှာ နှင်ချခံနေရသည်ဟု ဧရာဝတီက သိရှိထားသည်။ မန္တလေးတွင် ကန်တော်နဒီဆေးရုံ၊ မန္တလေးဆေးရုံကြီးနှင့် မန္တလေး ကလေးဆေးရုံတို့တွင် ဖြစ်နိုင်ဖွယ် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအတွက် စစ်ဆေးကုသနေသည့် လူနာ ၃၈ ဦးရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၈ ရက် နံနက်အစောပိုင်း သတင်းထုတ်ပြန်ချက်အရ ယနေ့အထိ စုစုပေါင်း ကိုဗစ်လူနာ ၈ ဦးရှိပြီး ၎င်းတို့အနက် မတ်လ ၂၇ ရက်နံနက်က သတင်းထုတ်ပြန်ချက်တွင် ပါဝင်သော အသက် ၃၃ နှစ်အရွယ် လူနာအမျိုးသားသည် လွန်ခဲ့သော ၂ ပတ်အတွင်းက အမေရိကန်နိုင်ငံမှ မန္တလေးသို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံသားတဦးဖြစ်သည်။
ရန်ကုန်မှ ကလေးသို့ ကိုရိုနာဗိုင်းရပ်အတည်ပြုလူနာတဦးနှင့်အတူ လေယာဉ်တစီးတည်း လိုက်ပါခဲ့သည့် လူတဦးကိုလည်း မန္တလေးရှိ နဒီမြန်မာဟိုတယ်တွင် စောင့်ကြည့်လျက်ရှိသည်။ ၎င်းဟိုတယ်တွင် အစိုးရက သံသယနှင့် အတည်ပြုကိုရိုနာဗိုင်းရပ်လူနာများ ကို လက်ခံကုသရန် ယာယီဆေးရုံတစ်ခု ဆောက်လုပ်ထားသည်။
ဆေးရုံတွင် ဖြစ်နိုင်သည့်ကူးစက်မှုများအတွက် စိုးရိမ်သောကြောင့် အဆောင်မှ အမြန်ဆုံးရွှေ့ပေးရန် သူ၏ အဆောင်ပိုင်ရှင်က ပြောကြောင်း မန္တလေးရှိ ကလေးဆေးရုံတွင် အလုပ်လုပ်နေသည့် နောက်သူနာပြုတဦးက ပြောသည်။
“အန္တရာယ်နှင့် ရင်မဆိုင်ချင်ဘူးလို့ သူတို့က ပြောတယ်” ဟု ၎င်းသူနာပြုကဆိုသည်။ အလားတူ အတွေ့အကြုံတစ်ခုကို မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တဦးကလည်း ပြောပြသည်။ “ညနေပိုင်း ကျနော်ဆေးရုံက ပြန်လာတော့ အဆောင်ပိုင်ရှင်က ဗိုင်းရပ်ကူးမှာကြောက်လို့ ဆရာဝန်တွေကို မထားချင်တော့လို့ အခြားနေရာကို ရှာဖို့ ကျနော့်ကို ပြောပါတယ်” ဟု သူက ဆိုသည်။ ထို့အပြင် တချို့သော ဓါတ်ခွဲခန်းလက်ထောက်နှင့် နည်းပညာရှင်များလည်း နှင်ချခံရမှုနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ထပ်မံပြောဆိုသည်။
ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများ လိုက်နာရသည့် ကာကွယ်ရေး နည်းလမ်းများအကြောင်း၊ ၎င်းတို့မှာ အနီးရှိလူများအတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း အဆောင်ပိုင်ရှင်ကို ရှင်းပြခဲ့သည်ဟု အဆိုပါဆရာဝန်က ပြောသည်။ သို့သော်လည်း ၎င်း၏ကြိုးပမ်းမှုမှာ အချည်းနှီးသာဖြစ်ခဲ့သည်ဟု ဆိုသည်။
ပိုင်ရှင်က စိုးရိမ်ကြောင်းသာ တွင်တွင်ပြောနေသည့်အတွက် ၎င်းအနေဖြင့် ရွှေ့ပေးရန် ဆုံးဖြတ်ခဲ့သည်။ တခြား အငယ်တန်းဆရာဝန်များနှင့် သူနာပြုများလည်း အလားတူ အခြေအနေနှင့် ကြံတွေ့နေရသည်ကို ကြားသိရကြောင်းလည်း ၎င်းကပြောသည်။ ဆရာဝန်၊ သူနာပြုများ နေထိုင်သော မဟာအောင်မြေမြို့နယ်ရှိ အဆောင်သုံးခုသို့ ဧရာဝတီက ဖုန်းဆက်သည့်အခါ ၎င်းတို့နှင့် စကားပြောနေသူမှာ သတင်းထောက်တဦးဖြစ်ကြောင်း သိသည်နှင့် သုံးသပ်ချက်ပေးရန် ငြင်းဆို သို့မဟုတ် အမြန်ဆုံး ဖုန်းချသွားကြသည်။
သို့သော်လည်း ကျန်းမာရေးလုပ်သားများ ရင်ဆိုင်နေရသည့်အခြေအနေတွင် အဆိုးထဲမှ အကောင်းတခုတော့ ရှိသည်။ ယင်းဆရာဝန်နှင့် သူနာပြုများ နှင်ထုတ်ခံနေပြီဆိုသည့် သတင်းပျံ့ ပျံ့ခြင်း ဟိုတယ်တခု၊ အဆောင်နှစ်ခုနှင့် ဘုန်းကြီးကျောင်းများက ၎င်းတို့ကို လက်ခံမည့်အကြောင်း စတင်ကြေညာကြသည်။ ယင်းဆရာဝန်နှင့် သူနာပြုများကို အဆောင်များတွင် ပေးရသည့် အနည်းဆုံးနှုန်းထားဖြင့် ၎င်းတို့ ဟိုတယ်တွင် နေခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးဆေးရုံကြီးနှင့် နီးပြီး မြို့လယ်တွင်ရှိသည့် အိုးဝေဟိုတယ်က ဧရာဝတီသို့ ကြာသပတေးနေ့က ပြောသည်။
“ကျမတို့ အခု သူတို့ရဲ့အဆောင်တွေကနေ နှင်ချခံရတဲ့ ဆရာဝန်၊ သူနာပြုတွေကို လက်ခံဖို့ အလွှာနှစ်ခုကို ကြိုတင်ပြင်ဆင်နေပါတယ်။ ကျမတို့ လူ ၄၀လောက် နေရာပေးမှာပါ” ဟု မန္တလေးရှိ အိုးဝေဟိုတယ်ပိုင်ရှင် ဒေါ်တင်တင်ဇော်က ပြောသည်။
ဟိုတယ်ခန်းများမှာ သောကြာနေ့တွင် အဆင်သင့်ဖြစ်ကာ သုံးလအထိ ရရှိမည်ဟု သူမက ပြောသည်။ ဒေါ်တင်တင်ဇော်ပိုင်သည့် နောက်တနေရာဖြစ်သည့် အိုးဝေအဆောင်တခုကလည်း ဆရာဝန်သူနာပြုများကို လက်ခံမည်ဖြစ်ပြီး သူနာပြုတဒါဇင်ကျော်ကို နေရာပေးထားပြီဖြစ်သည်။
“ဒီမနက်ကစပြီး ကျမအဆောင်ကို သူနာပြုတွေအများကြီးရောက်လာကြတယ်။ အဆောင်ပိုင်ရှင်တွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုကို ကျမတို့နားလည်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီလိုမျိုး မဆက်ဆံဖို့တော့ ကျမတို့ တောင်းဆိုချင်ပါတယ်။ သူတို့က ကျမတို့ရဲ့ သူရဲကောင်းတွေပါ။ သူတို့က ကျမတို့အတွက် ကိုရိုနာဗိုင်းရပ်ကို ရှေ့တန်းကနေ တိုက်ခိုက်နေရတာပါ”ဟု သူမက ထပ်ပြောသည်။
ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကလည်း ဆရာဝန်နှင့် သူနာပြုများ အခမဲ့ လာရောက်နေထိုင်နိုင်ကြောင်း ပြောကြားထားသည်။ ၎င်းအနေဖြင့် ဆရာဝန် သူနာပြုများကို နေရာထိုင်ခင်းပေးရုံတင်မက ချက်ပြုတ်စားသောက်ရန် ဆန် ဆီ ဆား ငရုတ် ကြက်သွန်များလည်း ပေးမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးအာလောက ကပြောသည်။
ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ ယခုကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်မှာ ၎င်းတို့အား သင့်လျော်သည့် အိမ်ရာများပေးရန် အစိုးရက ပျက်ကွက်သောကြောင့်ဟု ပြည်သူတချို့က ဝေဖန်ကြသည်။
သို့သော်လည်း ဆရာဝန်သူနာပြုများအတွက် နေရာမပေးသောကြောင့် အစိုးရကို ဝေဖန်ခြင်းက အဓိပ္ပါယ်မရှိဟု ဆရာတော်ဦးအာလောကက ပြောသည်။ “အခုအချိန်က အရေးကြီးနေတဲ့ အချိန်ဖြစ်လို့ အားလုံးက ပူးပေါင်းဆောင်ရွက်ရမယ်၊ ကိုယ်တတ်နိုင်သလောက် ကူညီရမယ့် အချိန်။ အစိုးရဖက်က ဘတ်ဂျက်အလုံအလောက်မရှိလို့ ကျန်းမာရေးဝန်ထမ်းတိုင်းကို နေရာထိုင်ခင်း ပြည့်ပြည့်စုံစုံ မပေးနိုင်ဘူးဆိုတာ ဘုန်းဘုန်းတို့က သိပြီးသားလေနော်။ ဒါက အပြစ်တင်ရမယ့်အချိန်လည်း မဟုတ်ဘူး။ ကိုယ်တွေ အန္တရာယ်ကင်းဖို့၊ ကိုယ်တွေကို ကုသပေးဖို့ အလုပ်လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရွံစရာ သတ္တဝါတွေလို သဘောထားပြီး ဒီလိုလုပ်တာမျိုးကတော့ လူသားမဆန်ဘူး။ မလုပ်သင့်ဘူးပေါ့” ဟု ဆရာတော်က မိန့်သည်။
ပုဂ္ဂလိကဘော်ဒါဆောင်များတွင် နေထိုင်နေသည့် ရန်ကုန်ရှိ ဆရာဝန်သူနာပြုများစွာလည်း ၎င်းတို့၏ အဆောင်ပိုင်ရှင်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ “အငယ်တန်းဆရာဝန်နဲ့ သူနာပြု တချို့ပြောတာက သူတို့ရဲ့ အဆောင်ပိုင်ရှင်တွေလည်း သူတို့ရှိနေတာ မကြိုက်လို့ သူတို့လည်း မကြာခင် အဆောင်ကနေ ထွက်ရနိုင်တယ်လို့ ဆိုပါတယ်” ဟု မြောက်ဥက္ကလာဆေးရုံကြီးမှ အကြီးတန်းအတိုင်ပင်ခံ ဆရာဝန်ကြီးတဦးက ပြောသည်။ ” ကျနော်တို့ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ကတော့ အထူးသဖြင့် အခုလို ရုန်းကန်နေရတဲ့အချိန်မှာ သူတို့ကို နေရာပေးဖို့ စီစဉ်နေပါတယ်” ဟု၎င်းက ဆက်ပြောသည်။
(Zarni Mann ၏ Myanmar’s Nurses, Doctors Face Eviction as Landlords Panic Over COVID-19 ကို ဘာသာပြန်သည်။)
You may also like these stories:
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ