မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် အတွင်းရှိ စားသောက်ကုန်နှင့် ဆေးပစ္စည်းဆိုင်များမှ လွဲ၍ ကျန်ဈေးဆိုင်တန်းများ အားလုံး ရက်အကန့်သတ်မရှိ ပိတ်သွားမည်ဖြစ်ကြောင်း ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
ထို့နည်းတူ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ကော်မတီပိုင် ဈေးပေါင်း ၄၀ ကျော်ရှိပြီး ဈေးများ အားလုံးအား ဈေးရောင်းချိန် ကန့်သတ်ပေးသွားမည်ဟု သိရသည်။
ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက “ဈေးချိုတော်ပိတ်တာနဲ့ ပတ်သက်ပြီး အပြင်မှာ အတော်လေး ဂယက်ရိုက်တာ ရှိတာပေါ့နော်၊ ကုန်ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်မှာလားဆိုပြီး မြို့နေလူထု စိုးရိမ် ပူပန်မှုတွေ ရှိတာပေါ့။ ဒါကြောင့် ကျနော်တို့ အနေနဲ့က လူသုံးကုန်နဲ့ အထည် အလိပ်တန်းတွေကိုတော့ လူစုဝေးမှုကို လျှော့ချတဲ့ အနေနဲ့ ပိတ်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်၊ ဒါပေမယ့် အစားအသောက်တန်းကိုတော့ အချိန်အကန့် အသတ်နဲ့ ရောင်းချမှုပုံစံ အကန့်အသတ်နဲ့ ဆက်လက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
COVID -19 ထိန်းချုပ်ရေးတွင် အထောက်အကူ ဖြစ်စေရန် ဈေးချိုတော် ခေတ္တယာယီပိတ်သိမ်းမှုအား အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များအရ လုပ်ဆောင်ခြင်း ဖြစ်ပြီး အထက်မှ ထပ်မံညွှန်ကြားချက် တစုံတရာ မထွက်မချင်း ခေတ္တယာယီပိတ်သွားမည် ဖြစ်သည်။
မန္တလေးဈေးချိုတော်ကြီးတွင် ရုံတော်ကြီး ၈ ရုံ၊ ဆိုင်ခန်းပေါင်း ၃၀၀၀ ကျော်ရှိပြီး ဆက်လက်ရောင်းချခွင့်ပြုမည့် စားသောက်ကုန်များကို အချိန် ကန့်သတ်ချက်များဖြင့် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အချိန်ကန့်သတ်ချက်အား ကုန်စည်ဝင်ရောက်မှုအပေါ် မူတည်ပြီး ညှိနှိုင်းမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သလို ရောင်းချမှု ပုံစံအနေဖြင့် ဝယ်ယူသူနှင့် ရောင်းချသူကြား ထိတွေ့မှု နည်းနိုင်သမျှ နည်းစေရန်အတွက် စီစဉ်ပေးသွားမည်ဟု သိရသည်။
ဦးမင်းမင်းက “ဝယ်ယူသူနဲ့ ရောင်းချသူ ထိတွေ့မှုကို အတတ်နိုင်ဆုံး နည်းအောင် ကျနော်တို့အနေနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးထားပြီးဖြစ်ပါတယ်၊ ဥပမာပြောရမယ်ဆိုရင် ငါးခြောက်လို ကုန်စည်မျိုးဆိုရင် ကုန်ချိန်တွေကို ချိန်တွယ်ပြီး ကြိုတင်ထုတ်ပိုးမှုနဲ့ လုပ်ဆောင်ပြီး ရောင်းချတဲ့ပုံစံနဲ့ ဆက်လက် လည်ပတ်သွားမှာမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။
မန္တလေးဈေးချိုတော်တွင် ယနေ့ ညနေ ၄ နာရီအထိ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်၊ သယ်ယူခွင့်ပေးထားကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
ဈေးချိုတော်နှင်းဆီရုံမှ အထည်ဆိုင်ရှင်တဦးက “ဒီနေ့ကတော့ ညနေ ၄ နာရီထိ ဖွင့်လို့ရသေးတယ်၊ မနက်ဖြန်ကစပြီး ပိတ်ရမှာပေါ့နော်၊ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ရောဂါ ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ၊ ပြီးတော့ ကျမ ရောင်းတာက အထည်ဆိုတော့ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းမျိုးလည်း မဟုတ်ဘူးဆိုတော့ အိမ်ကနေရောင်းဖို့ပဲ စီစဉ်ရတော့မှာပေါ့” ဟု ပြောသည်။
ဈေးချိုတော် အလားတူ မန္တလေးမြို့ပေါ်ရှိ ဈေးများအားလုံးလည်း စားသောက်ကုန်၊ ဟင်းသီးဟင်းရွက်၊ သားငါးဆိုင်နှင့် ဆေးပစ္စည်းဆိုင်များမှအပ ကျန်ရှိသည့် အဝတ်အထည်၊ အလှကုန်၊ လူသုံးကုန်ဆိုင်များ ပိတ်ထားရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
မန္တလေးမြို့ပေါ် ဈေးများရှိ ယာယီ ပိတ်သိမ်းရမည့်ဆိုင်များ အနေဖြင့် ရောင်းချသည့်ကုန်ပစ္စည်းများကို မိမိတို့၏ နေအိမ်သို့ သယ်ယူရောင်းချနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က “မြို့ပေါ်ဈေးတွေအားလုံး ဒီနေ့ကစပြီး ပိတ်မယ့်အကြောင်းကို ဈေးအကျိုးတော်ဆောင်များကနေ ကြေညာပေးနေပါတယ်၊ ပိတ်ရမယ့်ဆိုင်တွေ အနေနဲ့ အိမ်ကနေ ရောင်းချမယ်ဆိုလည်း ခွင့်ပြုပေးဖို့အတွက် ညနေပိုင်းအထိ လိုအပ်တဲ့ပစ္စည်းတွေကို သယ်ခွင့်ပေးထား ပါတယ်၊ အဓိက ရုတ်ရုတ်သဲသဲ မဖြစ်ရေး အထူးသတိပြု ညွှန်ကြားရန်ဆိုပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရေးအတွက် လူစုလူဝေး ဖြစ်စေမည့် ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ ရုပ်ရှင်ရုံများ ယာယီပိတ်ရန် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသလို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ ကလည်း နိုက်ကလပ်၊ စင်တင်၊ ဘား၊ ကေတီဗီများ ယာယီပိတ်ရန်နှင့် လက်ဖက်ရည်ဆိုင်များ အပါအဝင် စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဒေသဆိုင်ရာစည်းကမ်း သတ်မှတ် ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုးရှိသူ ၈ ဦးရှိပြီ ဖြစ်သည်။
ဆက်စပ်လင့်-
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ