ပြည်ပ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာရောက်ရှိလာသူများအတွက် Quarantine ထားမည့် နေရာများ အလုံ အလောက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်ရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ လေယာဉ်က တရက်ကို ၈ စင်းလောက် ဆင်းလာတာတွေ ရှိတယ်လေ။ အဲ့ဒီလို ပြုံပြီးဆင်းလာတာမျိုး ဆိုရင် ခဏစောင့်ရတာမျိုးရှိတယ်။ ခဏဆိုတာက ၃နာရီလည်းကြာရင် ကြာမယ်၊ ၄ နာရီလည်း ကြာရင်ကြာ မယ်ပေါ့။ ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း စီစဉ်စရာတွေ ရှိသေးတယ်လေ ” ဟု ဆိုသည်။
မတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် ပြည်ပမှ ပြန်လာသူတချို့ကို quarantine ၁၄ ရက်ထားရန် နေရာမလုံလောက် တော့၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြမ်းပြင်ပေါ်တွင် အိပ်ကာ စောင့်ဆိုင်းနေကြသည့် ပုံများ ပြန့်နှံ့လျက်ရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေသော မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်သန္တာမိုးက “ လူအယောက် ၂၀၀ မဟုတ်ပါဘူး။ အခုလက်ရှိက အယောက် ၄၀ ပဲ ရှိပါသေးတယ်။ ပို့မယ့်နေရာတွေက လောက်ပါတယ်။ ပို့ပေးမယ့် နေရာတွေကတော့ အများကြီးပဲ အခုလည်း အစိုးရက စီစဉ်ထားတဲ့ နေရာတွေ အားလုံးကို ဖြန့်ပြီး ပို့ပေးဖို့ လုပ်နေပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအစိုးရက စီစဉ်ဆောင်ရွက်ပေးထားသော ဘုန်းကြီးကျောင်းများ၊ သင်တန်း ကျောင်းများ (facilities quarantine)၊ အခကြေးငွေ တတ်နိုင်သူများအတွက် Hotel quarantine နှင့် ကျန်း မာရေးစောင့် ကြည့်ရန် လိုအပ်သူများအတွက် ဆေးရုံ quarantine နေရာများ စီစဉ်ထားပြီး မြဝတီနယ်စပ်ဂိတ်မှ ပြန်လာ ဝင်ရောက်လာသူများကို Home quarantine ဖြင့် နေထိုင်စေကြောင်း သိရသည်။
ဒေါ်သန္တာမိုးက ဆက်လက်၍ “ ကျမတို့ ပြည်တော်ပြန်ကို တခုပဲ မေတ္တာရပ်ခံချင်တာက တဦးချင်းစီ အသိရှိပြီး quarantine နေဖို့ ကိစ္စကို ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ် ” ဟု ဆိုသည်။
ယခု ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများသည် အမေရိကနှင့် ဥရောပ နိုင်ငံများမှ အများဆုံး ပါဝင်ကြောင်း သိရသည်။
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်