လက်နက်အပ်နှံလိုက်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန်အတွက် တပ်မတော်က ကူညီပေးရန် သဘောတူညီထားသည်ဟု သတင်းရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မတ် ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပြီး ကောင်းခါးပြည်သူ့စစ်မှ အရာရှိတဦးကလည်း ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သူတို့ တရားဝင် ရပ်တည်နိုင်ဖို့ အတွက် စီးပွားရေး လုပ်ငန်းတွေ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် တပ်မတော်ကနေလည်း ကူညီဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်မြို့ ၊ ကောင်းခါး နှင့် လွယ်ခမ် ကျေးရွာတွင် ကျပ် ၂၉၂ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးနှင့် မူးယစ်ဆေး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခြင်းနှင့် ပတ်သတ်၍ ကောင်းခါး ပြည်သူ့စစ် တပ်ဖွဲ့သည် ၎င်းတို့၏ လက်နက်အားလုံးကို တပ်မတော်ထံ အပ်နှံခဲ့ ရသည်။
မူးယစ်ဆေးဝါးများ ထုတ်လုပ်သည့် ကိစ္စတွင် ကောင်းခါးပြည်သူ့စစ်လည်း ပါဝင်နေသဖြင့် အဆိုပါ ပြည်သူ့စစ်၊ တပ်မဟာ ၁ မှ တပ်မဟာမှူး အပါအဝင် အရာရှိ ၁၀ ဦးကို လားရှိုးမြို့၊ အမှတ် (၂) ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (ဃ) ဖြင့်လည်း အမှုဖွင့်ထားသည်။
ထို့နောက် ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ခေါင်းဆောင်ပိုင်းများနှင့် တပ်မတော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ အစည်းအဝေးပြုလုပ်ကာ ကောင်းခါးတပ်ဖွဲ့ကို လက်နက် အပ်နှံစေပြီး ဒေသတွင်း တပ်မတော်နှင့် ပူးတွဲ လုံခြုံရေး ဆောင်ရွက်နေသည်တို့ကိုလည်း ရပ်ဆိုင်း လိုက်သည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကောင်းခါး ပြည်သူ့စစ်က နဂိုကတည်းက တာရှည် လက်နက်ကိုင် ဖို့မရှိတော့ တပ်ကလည်း တိုက်တွန်းတော့ ဒါတွေကို ပြန်လည် အပ်နှံခြင်း ဖြစ်ပါတယ်။ ရက်ပိုင်း အတွင်းမှာပဲ ပြန်လည် အပ်နှံခဲ့ကြောင်း တွေ့ရပါတယ်” ဟု ပြောသည်။
လက်နက်အပ်နှံခဲ့ပြီးနောက် ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် ၎င်းတု့ိ၏ မိသားစုဝင်များ စားဝတ်နေရေးအတွက် တပ်မတော်က ဆန် ၅၅၀ အိတ်၊ ဆီပိဿပေါင်း ၅၈၀ ကျော်၊ ကုလားပဲ အိတ် ၅၀ တို့ကို ထောက်ပံ့ထားပြီး လစဉ် ပေးသွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသွားသည်။
သို့သော် မည်သည့်ကာလအထိ ထောက်ပံ့သွားမည်ကို ထည့်သွင်း ပြောဆိုသွားခြင်း မရှိပါ။
ထို့ပြင် စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်မည် ဆိုပါကလည်း တပ်မတော်က အတိုးမဲ့ချေးငွေများ ချေးပေးခြင်း၊ လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးခြင်း တို့ကိုလည်း လုပ်ဆောင်ပေးရန် စီစဉ်ထားပါသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့တွင် လက်နက်မအပ်ခင်ကာလအထိ တပ်ဖွဲ့၏ တတိယတန်းအဆင့်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဇော်လုံက တပ်မတော်ဘက်မှ စီးပွားရေး လုပ်ငန်းများ ရှေ့ဆက်လုပ်နိုင်ရန် ကူညီပေးမည်ဆိုသည်မှာ မှန်ကန်ကြောင်း ပြောသည်။
ဦးဇော်လုံက “ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေက အရင်က လုပ်ထားပြီးသား ကုမ္ဗဏီ ရှိတယ်။ ကျနော့်အဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိပါသေးတယ်။ အဲ့တာတွေကတော့ ပုံမှန် ဆက်ပြီး လည်ပတ် နေဦးမှာပါ။ ကျနော်တို့က သတ္ထုတူးဖော်ရေး လုပ်ငန်းတွေ ရှိတယ်။ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ ရှိပါတယ်” ဟု ဆိုသည်။
လက်နက်အပ်နှံလိုက်သည့်အကြောင်းနှင့် ပတ်သတ်၍ ကောင်းခါးပြည်သူ့စစ်မှ လုပ်ကိုင် နေသည့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ဗဏီများမှာ ထိခိုက်မှုရှိမည် မဟုတ်ပဲ ပုံမှန်အတိုင်း ဆက်လက် လည်ပတ် နေမည်ဟု ဦးဇော်လုံက ပြောသည်။
တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစု ဝင်များမှာလည်း လက်နက်မအပ်ခင်ကတည်းက လစာရယူပြီး တာဝန်ထမ်းဆောင် ရခြင်းမျိုး မဟုတ်သဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများဖြင့် ဝင်ငွေရှာကြကာ အလှည့်ကျ လုံခြုံရေး တာဝန်ယူရသူများဖြစ်သဖြင့် စားဝတ်နေရေးအတွက်လည်း ထွေထွေ ထူးထူး ပြောဆိုရန် မရှိပါဟု ဆိုသည်။
ဆက်လက်ပြီး ဦးဇော်လုံ က “အခုဆိုရင် လုံခြုံရေးက ယူစရာ မလိုတော့ဘူးဆိုတော့ စီးပွားရေးက လုံးလုံးလုပ်လို့ ရပြီပေါ့” ဟုလည်း ပြောသည်။
လက်နက်များ အပ်နှံလိုက်ပြီး လုံခြုံရေးတာဝန်ပူးတွဲယူခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သဖြင့် ကောင်းခါး ပြည်သူ့စစ် ဟူသည့် အမည်ဖြင့် တပ်ဖွဲ့မှာ ဆက်လက် တည်ရှိခြင်း ရှိမရှိကို မေးမြန်းရာ ဦးဇော်လုံက တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောဆိုချက်အတိုင်းသာ ဖြစ်ပြီး ၎င်းအနေဖြင့် ဖြေဆိုရန် မရှိပါဟု ပြောသည်။
ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့သည် ယခင်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တပ်မဟာ (၄) မှ အဖွဲ့ဝင်များ ဖြစ်ပြီး ခေါင်းဆောင် ဦးမထုနော်က ဦးဆောင်သည်။
ဦးမထုနော် ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင်များသည် ၁၉၉၁ ခုနှစ်တွင် KIA မှ ခွဲထွက်ကာ ကချင်တိုင်းရင်းသားများ တိုးတတ်ရေးနှင့် လုံခြုံရေး တပ်မတော် (KDA) အဖြစ် သီးခြားဖွဲ့စည်းကာ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။
တပ်မတော်အစိုးရက KDA လှုပ်ရှားသည့် ကွတ်ခိုင်မြို့နယ်ရှိ ဧရိယာများကို အထူးဒေသ (၅) အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဒေသတွင်း လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ တပ်ဖွဲ့ဝင်များ နှင့် ပူးတွဲ လှုပ်ရှားဆောင်ရွက်ခြင်းများကို တာဝန်ယူစေခဲ့သည်။
၂၀၀၉ ခုနှစ်အတွင် တပ်မတော်မှ ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားတပ်ဖွဲ့များကို တပ်မတော်လက်အောက်ခံ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းခိုင်းခဲ့ရာ KDA သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတွင် ကောင်းခါး ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
ပြည်သူ့စစ်အဖြစ် တာဝန်ယူထားစဉ် ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့သည် တပ်မတော်နှင့် ပူးတွဲ လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအချို့တွင် ပါဝင် ဆောင်ရွက်ခြင်း အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင်လည်း တပ်မတော် ဘက်မှ စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ကူညီပေးခြင်းများ ပြုလုပ်သည်။
၂၀၂၀ ခုနှစ်၊ မတ် ၂၆ ရက် တပ်မတော်ထံတွင် လက်နက်အပ်နှံသည့် ကာလအထိ ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်ပေါင်း ၈၀၀ ကျော်၊ အရံအင်အား ၂၀၀၀ ဦးရေနှင့် အထက် ရှိသည်။
You may also like these stories:
ဥပဒေကြောင်းအရ အရေးယူရတာ ပိုပြီး လွယ်ကူသွားတာပေါ့
မင်းပြားတွင် ဗုံးထိ၍ ချင်းလူငယ် ၁ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာပြင်းထန်
ကုလားတန် စီမံကိန်းမှ ကျပ်သိန်း ၅၀ AA လုယူဟု ချင်းပြည်နယ် အစိုးရ စွပ်စွဲ