ထိုင်း- မြန်မာ နယ်စပ်ဂိတ်တခု ဖြစ်သည့် မယ်ဆိုင်-တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က ယနေ့တွင် ရွှေ့ပြောင်းလုပ်သားများ ဖြတ်သန်းခွင့် မပေးတော့ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်မှ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ပိတ်ထားခြင်းဖြစ်သော်လည်း မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အထိ နှစ်နိုင်ငံ နားလည်မှုအရ ရွှေ့ပြောင်းလုပ်သားများကို ဖြတ်သန်းခွင့် ပေးခဲ့ပြီး ယနေ့တွင် ထိုင်းနိုင်ငံဘက်က ဖြတ်သန်းခွင့် မပေးတော့ခြင်း ဖြစ်ကြောင်း နယ်စပ်က ပြန်ဝင်နေသည့် လုပ်သားများ အရေး ကူညီဆောင်ရွက်ပေးနေသော ဦးထွန်း (မယ်ဆိုင်) က ဧရာဝတီသို့ ပြောသည်။
၎င်းက “ ဒီနေ့ကတော့ လုံးဝလက်မခံတော့ပါဘူး။ ဒီနေ့ကတော့ ၁၀ ယောက်ကျော်လောက်ပဲ ရှိပါတယ်။ ထိုင်းနိုင်ငံဘက်ကလည်း သူတို့ လုပ်ပေးနိုင်ထက် ကျော်နေပြီပေါ့လေ။ သူတို့စောင့်လည်း စောင့်ပေးခဲ့ပါတယ်။ မနေ့ကတောင် ၁၀၀ လောက်ဖြစ်သွားလို့ နောက်ဆုံးသဘောမျိုး ဖွင့်ပေးခဲ့တာ” ဟု ဆိုသည်။
ယနေ့တွင် ထိုင်းနိုင်ငံဘက်က မယ်ဆိုင်-တာချီလိတ် ဘက်ခြမ်းကို ပိတ်လိုက်သော်လည်း မဲဆောက်-မြဝတီ နယ်စပ်ဂိတ် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဖွင့်ပေးခဲ့ပြီး မြဝတီနယ်စပ်ဂိတ်မှ ယနေ့တွင် ရွှေ့ပြောင်း လုပ်သား ၁၂၀၀ ကျော်အထိ ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က “ဒီနေ့ နေ့လည် ၁၂ နာရီစာရင်း အရ ၁၂၀၀ ကျော်ရှိတယ် ထပ်ဝင်ဖို့ကတော့ နည်းနည်းလောက်ပဲ ရှိတော့မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံဘက်တွင် အရေးပေါ် အခြေအနေကြေညာထားပြီး မြို့တချို့ကို အဝင်အထွက်ပိတ်ထားခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်မည့် အခြေအနေများသည် ထပ်မံ လျော့ကျနိုင်ချေရှိကြောင်း ၎င်းက ဆိုသည်။
ဦးသန့်ဇင်အောင် က “ရွှေ့ပြောင်းလုပ်သားများတွေကို ပြောချင်တာက သူတို့ ကိုယ့်နေရပ် ပြန်ဝင်လာတဲ့ ကိစ္စကို ကျနော်တို့ ကူညီသလို ဘယ်မှ မသွားဘဲ နေအိမ်မှာပဲ ၁၄ ရက်နေပြီး ကျနော်တို့ကို ပြန်ကူညီပါလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်လာမှုကို ထိုင်းနိုင်ငံဘက်က ဖွင့်ပေးသ၍ မြန်မာနိုင်ငံဘက်မှ ပြန်လည် လက်ခံပေးမည့် အစီအစဉ်များ ရပ်တန့်မည် မဟုတ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီ သို့ မတ်လ ၂၁ ရက်နေ့မှ ယနေ့ အချိန်အထိ ရွှေ့ပြောင်း လုပ်သား လူဦးရေ ၃ သောင်း ကျော်အထိ ရှိလာပြီး မယ်ဆိုင်-တာချီလိတ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူ အရေအတွက်သည် မတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ လေးရက်အတွင်း ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးရှိသူ ထပ်မံ တွေ့ရှိခြင်းကြောင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေး စစ်ဆေးမှုများ၊ နေရပ်ပြန်လည်ပို့ဆောင်သည့် ကိစ္စရပ်နှင့် နေအိမ်များတွင် ၁၄ ရက် သီးသန့် နေထိုင်ရန် ညွှန်ကြားမှုများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ပူးပေါင်းကာ တင်းတင်းကျပ်ကျပ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်း လုပ်သားများထဲတွင် COVID 19 ရောဂါ သံသယလူနာ တချို့ တွေ့ရှိခဲ့သော်လည်း မတ်လ ၂၇ ရက်နေ့ ညပိုင်းအထိ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းဘက်မှ ဝင်ရောက်လာသူများထံက ရောဂါပိုးရှိသူ မတွေ့ရှိရသေးကြောင်း သိရသည်။
You may also like these stories:
ပြည်ပက ပြန်လာသူများအတွက် Quarantine ထားမည့် နေရာအလုံအလောက်ရှိဟု ဆို
နယ်စပ်မှ ရွှေ့ပြောင်းလုပ်သားဝင်ရောက်သည့် ဦးရေ နည်းလာ