နေပြည်တော်ရှိ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးတဦးတွင် COVID – 19 ရောဂါ ရှိကြောင်း အ တည်ပြုပြီးနောက် ၎င်းနှင့် ထိတွေ့ ခဲ့သူ အားလုံးကို Quarantine လုပ်၍ စောင့်ကြည့်လျက်ရှိကြောင်း နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက ပြောသည်။
ယင်းလူနာသည် နေပြည်တော်သို့ မတ်လ ၁၈ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခြင်း ဖြစ်ပြီး Covic – 19 ကူးစက်ခံထားရသည့် ဖခင်နှင့် အနီးကပ် ထိတွေ့ မှု ရှိခဲ့သဖြင့် သူ့ကိုယ်သူ Self Quarantine လုပ်၍ နေထိုင်ခဲ့သည်ဟု သိရသည်။
ယင်းဆွစ်ဇာလန် နိုင်ငံသူသည် နေပြည်တော်တွင် ရောက်ရှိနေထိုင်လျက်ရှိသည့် ကုလသမဂ္ဂ ဝန်ထမ်းတဦး ဖြစ်သဖြင့် နေ ပြည်တော်သည် ကိုရိုနာဗိုင်းရပ်စ် တွေ့ ရှိသည့် နေရာများထဲတွင် စတင်ပါဝင်လာပြီ ဖြစ်သည်။
၎င်းကို Covic – 19 လူနာ အဖြစ် အတည်ပြုခံရပြီးနောက် ၎င်းနှင့် လေယာဉ်တွင် အတူစီးခဲ့သူများ၊ လေဆိပ်တွင် စစ်ဆေး သူ၊ တက္ကစီ ဒရိုင်ဘာ၊ အိမ်အကူနှင့် M Gallery ဟိုတယ် ဝန်ထမ်းများ၊ ယင်းဟိုတယ်တွင် Long Stay နေထိုင်သူများ အားလုံးကို ၁၄ ရက် စောင့်ကြည့်ရမည့်သူများ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောသည်။
“ကျနော်တို့ကတော့ လိုရမယ်ရ သူ့လမ်းကြောင်းမှာ ထိခဲ့တဲ့သူအားလုံးကို Quarantine လုပ်ထားပြီ။ လေဆိပ်က လူလည်း လုပ်ထားတယ်။ ကားသမားလည်း လုပ်ပြီးပြီ။ သူ့အိမ်ဖော်ကိုလည်း လုပ်ထားတယ်။ ဟိုတယ်ကိုလည်း လုပ်လိုက်ပြီ။ ဟိုတယ် ဝန်ထမ်းတွေကိုလည်း လုပ်လိုက်ပြီ။ ဟိုတယ်မှာနေတဲ့ Long Stay တွေကိုလည်း ၁၄ ရက် လုပ်လိုက်ပြီ”ဟု ၎င်းက ပြောသည်။
Quarantine လုပ်ရာတွင် သက်ဆိုင်ရာ ဟိုတယ်ဘက်မှလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရှိပြီး ယင်းဟိုတယ်သည် နိုင်ငံတကာ ဟိုတယ်တခု ဖြစ်၍ ၎င်းတို့ လုပ်ရမည့် လုပ်ငန်းစဉ်များ အားလုံးကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။
ထို့ကြောင့် နေပြည်တော်မြို့ အတွက် စိတ်မပူရန်နှင့် သို့သော် မနက်ဖြန်မှ စ၍ နေပြည်တော်ရှိ ဆိုင်အားလုံး ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ရှိတော့မည် ဖြစ်ကြောင်း၊ ဈေးများကိုလည်း နေရာ ချဲထားပြီး လမ်းများကိုလည်း ကျယ်အောင် ဆောင်ရွက်ပေးထားမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“နောက်တဆင့် ထပ်လုပ်ဖို့ကတော့ ပြည်တွင်းကလူအချင်းချင်း ကူးလာရင်တော့ နောက်တဆင့် ထပ်တင်ရမှာပေါ့။ အဲဒါက ကတော့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပြီဆိုရင် ကြပ်ကြပ်မတ်မတ်တွေ ထပ်လုပ်ရဦးမှာပေါ့။ အဓိကကတော့ လူစု လူဝေးတွေကို တဖြည်းဖြည်း လျော့ရမှာပေါ့”ဟု ဦးရဲမင်းဦးက ပြောသည်။
၎င်းက ဆက်၍ “ပွဲလမ်းသဘင်တွေလည်း ပိတ်ထားပြီ။ တခုပဲ လူတွေရဲ့ ပူပေါင်းပါဝင်မှု မင်္ဂလာဆောင်နဲ့ ရှင်ပြု အလှူတွေ က တချို့က ပြင်ဆင်ပြီးသား ဖြစ်နေတော့ မဖျက်ချင်ကြဖူး။ အဲလူတွေက သူတို့ ပွဲကို လာတဲ့လူတွေ အန္တရာယ် ရှိနိုင်တာကို သူတို့ သိရမယ်။ အဲဒီ ၂ ခုက သူတို့ အသိစိတ်ဓါတ်နဲ့ သူတို့ လျော့ပေးမှ ရမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၈ ဦး အနက် ချင်းပြည်နယ်၊ တီးတိန်ပြည် သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ ၁ ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှု ခံယူ လျက်ရှိသော လူနာ ၄ ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ ၁ ဦး၊ စုစုပေါင်း (၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ထားသည်။
ကျန်ရှိသူတဦး ဖြစ်သည့် နှာခေါင်းကင်ဆာ ဖြစ်ပွားနေသူ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာကိုမူ မနေ့က ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှုပေး လျက်ရှိကြောင်း သိရသည်။
ယနေ့ ည ၈ နာရီ အချိန်အထိ ဓါတ်ခွဲ စစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်ခံထားရသူ လူနာ ၄၄ ဦး၏ ဓါတ်ခွဲ နမူနာများကို စောင့်ကြပ်ကြည့်ရှု့ ခဲ့ရာ COVID-19 ရောဂါပိုး ထပ်မံ မတွေ့ ရှိရသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။