စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်အား ချိုးဖောက်ကာ မင်္ဂလာပွဲ ကျင်းပခဲ့သည့် သတို့သားအား အမှုဖွင့် အရေးယူလိုက်ကြောင်း စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဧရာဝတီသို့ အတည်ပြု ပြောသည်။
တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၊ ခွန်မွန်းနွံကျေးရွာနေ မောင်ထိန်လင်းရှိန်(ခ) လင်းရှိန်နှင့် တမူးမြို့၊ ၁၃ ရပ်ကွက်နေ မမိုင်နိတ်လမ်း(ခ) လာလမ်းတို့ အနေဖြင့် ခွန်မွန်းနွန်ကျေးရွာတွင် မတ်လ ၂၈ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပရန် စီစဉ်နေခြင်းအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ရွေ့ဆိုင်းရန် စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း အကြောင်းကြား တားမြစ်ခဲ့သော်လည်း ဆက်လက်ကျင်းပခဲ့သည့် အတွက် တရားစွဲဆိုခွင့်ပြုရန် တင်ပြလာခြင်းအား ဒေါက်တာဇော်ဝင်းက လက်မှတ်ရေးထိုးကာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
၎င်း၏ ခွင့်ပြုချက်အရ တမူးမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက တရားလို ပြုလုပ်ကာ သတို့သားဖြစ်သူ မောင်ထိန်လင်းရှိန်အား ၂၀၁၃ ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က) ဖြင့် တမူးမြို့မ ရဲစခန်းတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူ သတို့သားသည် အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်ပြီး တမူးမြို့သို့ မတ်လ ၂၀ ရက်နေ့ကပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးကပြောသည်။
ဦးမြင့်နိုင်ဦးက ” လူစုလူဝေးနဲ့ ပွဲတွေမလုပ်ဖို့ ကျန်းမာရေးအဖွဲ့တွေ၊ အုပ်ချုပ်ရေးကရော တာမြစ်ထားတာ၊ ဒါကိုမလိုက်နာဘဲ ဆက်လုပ်လို့ မင်္ဂလာဆောင်ပြီးတာနဲ့ သူ့ကိုအရေးယူလိုက်တာ၊ အခုထိတော့ ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရတယ်”ဟု ပြောသည်။
၂၀၁၃ ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တရပ်ရပ်အား ဆောင်ရွက်ရန် ညွှန်ကြားချက်အပေါ် လိုက်နာရန် တမင် ပျက်ကွက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါ က တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် မြို့အဝင်၊ မြို့အထွက်များတွင်လည်း ည ၁၁ နာရီမှ နံနက် ၅ နာရီအတွင်း ဝင်/ထွက်သွားလာခြင်း မပြုကြရန်လည်း မတ်လ ၂၆ ရက်နေ့က ဒေသန္တရမိန့် ထုတ်ပြန်ထားသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ကူးစက်မြန် ရောဂါ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသူ ၈ ဦးအထိ ရှိလာပြီ ဖြစ်ရာ လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် အစိုးရမှ တားမြစ်သတိပေးချက် များ ထုတ်ပြန်ထားသကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်အလိုက် ဒေသန္တရမိန့်များလည်း အသီးသီး ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
အပြင်လည်း ပေးမထွက်ဘူး၊ ဆန်လည်း မလာဘူး၊ ကျန်းမာရေးအတွက်လည်း လုပ်ပေးထားတာ မရှိဘူး
ကပ်တဲလ် ချင်းရွာ၊ တီးတိန်နဲ့ ကလေးမြို့ အဝင်အထွက် ပိတ်