COVID-19 အန္တရာယ် ကာကွယ်ရန် မိုင်းလားဒေသ (ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄)၏ နယ်စပ်ဂိတ်များ အားလုံး မတ်လ ၂၉ ရက် ည ၁၂ နာရီမှ စ၍ ယာယီပိတ်ထားမည် ဖြစ်ကြောင်း မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) က မတ်လ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရန် “ဝ” ပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA) က ၎င်းတို့ ထိန်းချုပ်ထားသည့် ဝ ဒေသ နယ်စပ်ဂိတ်များအားလုံး မတ်လ ၂၆ ရက်မှစ၍ ယာယီပိတ်ထားလိုက်ပြီးနောက် ၃ ရက်အကြာတွင် NDAA အဖွဲ့ က မိုင်းလားဒေသ၏ အဝင်အထွက်ဂိတ်များအားလုံးကို ယာယီပိတ်ထားမည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ခြင်း လည်း ဖြစ်သည်။
NDAA အဖွဲ့၏ ဗဟိုကော်မတီဝင် ဦးကြည်မြင့်က “ကျနော်တို့ ဒေသမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိဘူး။ ဒါပေမယ့် ယိုးဒယားပြန်ရော၊ တခြားနေရာပြန်ရော ပါလာမှာစိုးလို့ လောလောဆယ်ယာယီပိတ်ထားတယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။
မည်သည့်ကာလတွင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပေးမည်ဆိုသည်ကိုမူ ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။
NDAA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရောဂါ ဖြစ်ပွားသည့်နိုင်ငံနှင့် ပြည်တွင်းမှ သွားလာသူများ မိုင်းလားဒေသ အတွင်း ဝင် ရောက်မှုကို ယာယီပိတ်ထားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေအရ လာရောက်ရပါက မိုင်းလား အဖွဲ့၏ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးရုံးသို့ ၃ ရက်ကြိုတင်အကြောင်းကြားရမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယင်းဌာနမှ အတည်ပြုပြီးနောက် လာရောက်သူများ၏ အမည်စာရင်းကို စစ်ဆေးရေးဂိတ်များသို့ ပေးပို့သွားမည် ဖြစ်ပြီး လာရောက်သူများသည် သတ်မှတ်နေရာများတွင် မိမိအသုံးစားရိတ်ဖြင့် ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်မှု ခံယူရ မည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။
ပြင်ပဒေသတွင် ရောက်ရှိနေသည့် မိုင်းလားဒေသခံများကိုလည်း အရေးပေါ်အခြေအနေမရှိပါက မိမိနေရပ်သို့ ပြန်လာခြင်း ယာယီရပ်ဆိုင်းထားရန်လည်း NDAA အဖွဲ့က တိုက်တွန်းထားသည်။
မဖြစ်နေပြန်လာသူများကိုမူ စစ်ဆေးရေးဂိတ်များတွင် ရောဂါကြိုတင်ကာကွယ်ရေးအဖွဲ့များ၏ အစီအစဉ်ဖြင့် သီသန့် မော်တော်ယာဉ် စေလွှတ်ကာ ကြိုပေးမည် ဖြစ်ပြီး ပြန်လာသူများသည် သီးသန့်နေရာများတွင် မိမိအသုံးစားရိတ်ဖြင့် ၁၄ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်မှု ခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်ပဒေသမှ ကုန်စည်လာရောက်ပို့ဆောင်သူများသည် သတ်မှတ်နေရာတွင် ကုန်စည်ချရမည်ဖြစ်ပြီး ကုန်စည်လာပို့သူများ ၏ အမည်စာရင်းကို မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း၊ ကုန်စည်လာရောက်ပို့ဆောင်သည့် မော်တော်ယာဉ်နှင့် လူများ သည် ဖြစ်နိုင်လျှင် ကုန်စည်ချပြီးသည်နှင့် ပြန်သင့်ကြောင်း NDAA အဖွဲ့က ကြေညာထားသည်။
အထူးဒေသ (၄) နှင့် အထူးဒေသ (၂) မှ ပြည်သူများသည်လည်း အရေးပေါ်အကြောင်းကိစ္စမရှိဘဲ ခရီးသွားလာခွင့် မရှိပေ။
လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေသွားလာရသော ဒေသခံပြည်သူများသည် စစ်မှုထမ်းလက်မှတ်၊ ဝန်ထမ်းကတ်နှင့် ဆက်သွယ်ရေးဌာနမှ ထုတ်ပေးသည့် လက်မှတ်များပါ တပါတည်းယူ၍ သွားလာရမည်ဖြစ်ကြောင်း NDAA အဖွဲ့က ပြောဆိုထားသည်။
ပြည်သူများအနေနှင့်လည်း မိမိကိုယ်ကို ကြိုတင်ကာကွယ်ထားမှုများ ဆောင်ရွက်ထားပြီး ဒေသမှ ထုတ်ပြန်သည့် သတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ မဟုတ်မမှန် သတင်းဖြန့်ခြင်း နှင့် ရောဂါဖြစ်ပွားနေမှု သတင်းကို ထိမ်ချန်သူများအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း NDAA အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
NDAA အဖွဲ့ ဗဟိုကော်မတီဝင် ဦးကြည်မြင့်ကမူ NDAA အဖွဲ့သည် မြန်မာနိုင်ငံ အစိုးရ၏ အကြံပြု လမ်းညွှန်မှုများ နှင့် အညီ ဗိုင်းရပ်စ်ကာကွယ်ရေးဆောင်ရွက်နေကြောင်း ပြောဆိုသည်။
“ကျနော်တို့ဆီကို ငြိမ်းချမ်းရေးကော်မရှင်က အကြောင်းကြားစာလာတယ်။ လမ်းညွှန်မှုလည်း ပေးထားတယ်။ အဲဒါနဲ့ တြိဂံဒေသမှာရှိတဲ့ အစိုးရအာဏာပိုင်နဲ့ တိုင်ပင်ပြီးနောက်မှာ စနစ်တကျနဲ့ ကာကွယ်တယ်။ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ တရုတ်နိုင်ငံ အစိုးရ၏ တာဝန်ရှိသူများကလည်း မိုင်းလားဒေသတွင် ဗိုင်းရပ်စ်ကာကွယ်မှု ထိရောက်ရန် အကူအညီပေးနေမှုများရှိကြောင်း ဦးကြည်မြင့်က ဧရာဝတီသို့ ပြောပြသည်။
နယ်စပ်ဂိတ်များကို ယာယီပိတ်ထားမှုကြာလာပါက ရေရှည်တွင် မိုင်းလားဒေသ၏ စီးပွားရေးထိခိုက်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“ဒီလိုပိတ်တဲ့အတွက် ဒေသခံ လက်လုပ်လက်စားတွေ တော်တော်ကို ဒုက္ခရောက်တယ်။ ဖေဖော်ဝါရီကတည်း က လူစု လူဝေးတွေ ပိတ်လိုက်တော့ အလုပ်လက်မဲ့တွေဆိုတာ မိုင်းလားမြို့ထဲမှာ ၂၀၀၀ ကျော်ရှိတယ်။ အဲဒါနဲ့ မနက်တကြိမ် ညတကြိမ် ထမင်းထုပ်တွေ၊ ထမင်းဘူးတွေ လုပ်ပြီးတော့မှ အလကားထုတ်ပေးတယ်လေ။ မပေးရင် အလုပ်လက်မဲ့ဆို တော့ စားစရာမရှိရင် ပြဿနာကြီးပေါ်လာမယ်လေ။ ဒီနေ့အထိဆို ကျနော်တို့အပေါ် စီးပွားရေးဖိအား တော်တော့်ကို ပြင်းတယ်” ဟု ဦးကြည်မြင့်က ပြောကြားသည်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သည့် ဦးမောင်မောင်စိုးကမူ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ်က တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မိုင်းလားဒေသ၏ နယ်စပ်ဂိတ်များကို NDAA အဖွဲ့ က ပိတ်လိုက်ပြီး မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေ့ လာရပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် မိုင်းလားဒေသ၏ နယ်စပ်ဂိတ် များကိုပါ ယာယီ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
မိုင်းလားဒေသ အနီးရှိ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာမှု များရှိနေသဖြင့် ရွှေ့ပြောင်းလုပ်သားများ မိုင်းလားဒေသသို့ ဝင်ရောက်လာမည်ကို စိုးရိမ်ကာ အဝင်အထွက်ဂိတ်များအား ယာယီပိတ်လိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းသို့ နယ်စပ်ဂိတ်များ ပိတ်ထားခြင်း ကြာရှည်လာပါက မိုင်းလားဒေသတွင် ကုန်စည်ရောင်းဝယ်ဖောက်ကားမှုနှင့် စီးပွားရေးလုပ်ငန်းအချို့ ထိခိုက်မှုများ ရှိလာနိုင်သော်လည်း လတ်တလောတွင် ယင်းပြဿနာများ မဖြစ်ရန် NDAA အဖွဲ့က ထိန်းချုပ်ထားနိုင်သေးသည်ဟု ယူဆကြောင်း ဦးမောင်မောင်စိုးက မှတ်ချက်ပေးသည်။
NDAA အဖွဲ့ကို ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသမှ ခွဲထွက်လာသော ဦးစိုင်းလင်းက ဦးဆောင်ကာ အခြားတိုင်းရင်းသားများနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၁၉၈၉ ခုနှစ်၊ ဇွန် ၃ဝ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
စတင်တည်ထောင်သည့် ၁၉၈၉ ခုနှစ်တွင်ပင် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ဖြစ်သည့် မိုင်းလားဒေသတွင် အခြေစိုက်သည်။
National Democratic Alliance Army-Eastern Shan State (NDAA-ESS) ဟုလည်း ခေါ်ဆိုသည်။ မိုင်းလားဒေသတွင် လူဦးရေ တသိန်းနှစ်သောင်းကျော် နေထိုင်သည်။
၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိထားသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှု များရှိထားပြီး နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံတို့ ကိုလည်း လေ့လာသူအဖြစ် ၂၀၁၈ ခုနှစ်က တက်ရောက်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
RCSS ထိန်းချုပ် နယ်မြေတွင် COVID-19 ကာကွယ်ရေး မဆောင်ရွက်နိုင်သေး
တရုတ်နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များ ဗိုင်းရပ်စ် ကာကွယ်ရေး အစိုးရ ကူညီမည်