သတင်း

နေပြည်တော်တွင် သံသယလူနာ ၃ ဦးနှင့် စောင့်ကြည့်ခံရသူ ၅၀၀ နီးပါး ရှိ

နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် COVID-19 အတည်ပြု လူနာတဦး စတင် တွေ့ ရှိပြီးနောက် သံသယလူနာ ၃ ဦး၊ စောင့်ကြည့်ခံရသူ ၅၀၀ နီးပါး ရှိကြောင်း နေပြည်တော် ကျန်းမာရေး ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။

နေပြည်တော်တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည် ရောက်ရှိလာကြသူများကို Facilities Quarantine ပေးသည့် အနေဖြင့် ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ဆေးရုံးများတွင် လူ ၁၈၀ ၊ နေပြည်တော် စည်ပင် ဧည့် ရိပ်သာတွင် လူ ၃၀၀ ကျော်တို့ကို စောင့်ကြည့်ရန် နေရာပေးထားကြောင်း နေပြည်တော်မှ တိုင်းကျန်းမာရေး အရာ ရှိ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။

ဒေါက်တာ မြတ်ဝဏ္ဏစိုးက “စောင့်ကြည့်နေရတဲ့ သံသယလူနာက ၃ ယောက် ရှိပါတယ်။ Confirm Case ကတော့ တယောက်ပဲ ရှိပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့သူတွေအတွက် နေပြည်တော် စည်ပင်ရိပ်သာမှာ Facilities Quarantine ဆိုပြီးတော့ စခန်းဖွင့်ထား ပါတယ်။ အဲဒီမှာ ဒီနေ့ဆို ၃၀၀ ကျော်လောက် ရှိပြီ ထင်တယ်။ အဲဒီမှာ လာထားကြပါတယ်”ဟု ပြောသည်။

၎င်းတို့ကို မတ်လ ၂၅ ရက်နေ့မှ စတင်၍ နေရာပေး စောင့်ကြည့်နေခြင်း ဖြစ်ပြီး COVID-19 အတည်ပြု လူနာနှင့် ထိတွေ့ သူ အားလုံးကိုလည်း စောင့်ကြည့်လျက်ရှိကြောင်း၊ ၎င်းတည်းခိုခဲ့သည့် ဟိုတယ်နှင့် ဟိုတယ်ဝန်ထမ်းများကိုလည်း အသွား အလာ ကန့်သတ်ထားပြီး စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားကြောင်း အထက်ပါ ကျန်းမာရေး အရာရှိက ပြော သည်။

စောင့်ကြည့်လူနာများကို ထားသည့် အဆောင် (ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ)

“နေပြည်တော်က ပြည်ပဝင်ပေါက်ဖြစ်တဲ့ နေပြည်တော် လေဆိပ်ကိုလည်း အပြည်ပြည်ဆိုင်ရာက လေယာဉ်ဆင်းတာ မ ရှိတော့ပါဘူး။ အဲဒါကြောင့် ကျနော်တို့က ရန်ကုန်တို့ မန္တလေးတို့ထက် စာရင် ကူးစက်နိုင်ချေ နည်းပါတယ်။ နေပြည်တော် မှာ ပြင်ပက ပြန်လာတဲ့သူလည်း တခြားပြည်နယ်နဲ့ တိုင်းတွေနဲ့စာရင် နည်းတဲ့အတွက် ထိန်းထိန်း သိမ်းသိမ်း ရှိမယ်လို့ ထင်တယ်”ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။

ထို့ပြင် စောင့်ကြည့်လူနာများ ထားရှိရန် မြို့နယ် ဆေးရုံများကို အသင့်ပြင်ထားကြောင်း၊ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ တွင်လည်း နေရာတော်တော်များများ စီစဉ်ပေးထားနိုင်ကြောင်း၊ အစိုးရ၏ ထုတ်ပြန်ပြောဆိုချက်များကို ပြည်သူက ပူးပေါင်း ပါဝင်ပါက ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။

နေပြည်တော်ကောင်စီက မတ်လ ၂၆ ရက်နေ့တွင် COVID-19 ရောဂါကြောင့် လူစုလူဝေး ရှောင်ကြဉ်စေရန် အကြောင်းပြု ၍ ကာရာအိုကေများ၊ အနှိပ်ခန်းများ ဖွင့်လှစ်ခြင်း မပြုရန်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးတဦးမှာမူ နေပြည် တော် ကုတင် ၁၀၀၀ ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင် သိရသည်။

ယင်းလူနာသည် နေပြည်တော်သို့ မတ်လ ၁၈ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်ကောက်မြို့ မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခြင်း ဖြစ်ပြီး COVID-19 ကူးစက်ခံထားရသည့် ဖခင်နှင့် အနီးကပ် ထိတွေ့ မှု ရှိခဲ့သဖြင့် သူ့ကိုယ်သူ Self Quarantine လုပ်၍ နေထိုင်ခဲ့သည်ဟု သိရသည်။

ယင်းဆွစ်ဇာလန် နိုင်ငံသူသည် နေပြည်တော်တွင် ရောက်ရှိနေထိုင်လျက်ရှိသည့် ကုလသမဂ္ဂ ဝန်ထမ်းတဦး ဖြစ်သဖြင့် နေ ပြည်တော်သည် ကိုရိုနာဗိုင်းရပ်စ် တွေ့ ရှိသည့် နေရာများထဲတွင် စတင်ပါဝင်လာပြီ ဖြစ်သည်။

၎င်းကို COVID-19 လူနာ အဖြစ် အတည်ပြုခံရပြီးနောက် ၎င်းနှင့် လေယာဉ်တွင် အတူစီးခဲ့သူများ၊ လေဆိပ်တွင် စစ်ဆေး သူ၊ တက္ကစီ ဒရိုင်ဘာ၊ အိမ်အကူနှင့် M Gallery ဟိုတယ် ဝန်ထမ်းများ၊ ယင်းဟိုတယ်တွင် Long Stay နေထိုင်သူများ အားလုံးကို ၁၄ ရက် စောင့်ကြည့်ရမည့်သူများ အဖြစ် သတ်မှတ်ထားသည်ဟု နေပြညတော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး ဧရာဝတီသို့ ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၈ ဦး အနက် ချင်းပြည်နယ်၊ တီးတိန်ပြည် သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ ၁ ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှု ခံယူ လျက်ရှိသော လူနာ ၄ ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ ၁ ဦး၊ စုစုပေါင်း (၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

ကျန်ရှိသူတဦး ဖြစ်သည့် နှာခေါင်းကင်ဆာ ဖြစ်ပွားနေသူ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာကိုမူ ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှုပေး လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ တကမာ္ဘလုံးတွင် ၆ သိန်း ၆ သောင်း ကျော် ရှိလာပြီး ပြန်လည် ကောင်းမွန်သူ ၁ သိန်း ၄ သောင်းကျော်နှင့် သေဆုံးသူ အရည်အတွက်မှာ ၃ သောင်းကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့

ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်

စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်

Loading