Covid-19 ကာကွယ်ရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် နေလျှက် ရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ ၆ လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူး စောရန်နိုင် က ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာပြီးနောက် ကရင်ပြည်နယ် အစိုးရက ပြည်ပက ပြန်လာသူများ ကျန်းမာရေး စစ်ဆေးခြင်း၊ နေအိမ်တွင် ၁၄ ရက်အကြာ စောင့်ကြည့်ခြင်း စသည်တို့ကို စံနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် KNU ဘက်က ပူးပေါင်းပါဝင်ပေးခြင်းဖြစ်သည်ဟုဆိုသည်။
ဗိုလ်မှူး စောရန်နိုင် က “ဒေသအခြအနေအနေအရ အဖွဲ့အစည်းတွေကများတယ်။ ဒေသခံတွေက မြဝတီမြို့ အပြင်ဘက် ရောက်လို့ရှိရင် ဟိုအဖွဲ့ အစည်း အားကိုး ဒီအဖွဲ့အစည်းအားကိုးနဲ့ အစိုးရ စကား နားမထောင်မှာစိုးလို့ ကျနော်တို့က ဝန်းရံတာပေါ့။ အစိုးရက သတ်မှတ်ထားတဲ့ ၁၄ ရက် စောင့်ကြည့်ကာလကို လိုက်နာသင့်တယ်လေ။ ဒီအပေါ်မှာ ကျနော်တို့ကလည်း ဝိုင်းဝန်းတာဝန်ယူတဲ့သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်ကူးစက်ခံထားရသူ ၈ ဦးအနက် ၆ ဦးမြောက်လူနာနှင့် အတူ လေယာဉ် တစီးထဲ စီးနင်းလိုက်ပါလာခဲ့ပြီး လေဆိပ်တွင် ကျန်းမာရေး စစ်ဆေးမှု မခံရဘဲ ပြန်ရောက်လာသည့် သင်္ဘောသား တဦးကို အစိုးရနှင့် ပူးပေါင်းက မတ်လ ၂၇ ရက်နေ့က သွားရောက်သတိပေးခဲ့ကြောင်း ဗိုလ်မှူး စောရန်နိုင်က ပြောသည်။
အဆိုပါ သင်္ဘောသားမှာ မြဝတီခရိုင်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင် ကျေးရွာတွင် မိသားစုနှင့် အတူနေထိုင်နေပြီ ဖြစ်သဖြင့် တအိမ်လုံး ၁၄ ရက်အတွင်း အပြင် မထွက်ကြရန် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် အတူ သွားရောက် သတိပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဗိုလ်မှူး စောရန်နိုင် က “သူက ရန်ကုန်မှာ ကိုဗစ် သံသယရှိတဲ့ လူနာနဲ့ အတူ လေယာဉ် တစီးတည်း စီးလာတာ၊ လေဆိပ်မှာလည်း အစစ်အဆေး မခံရဘူးပေါ့လေ။ ဒါကြောင့် ၁၄ ရက် အိမ်ထဲကနေ အပြင်မထွက်ကြဖို့ သတိပေးထားတယ်။ သူ့မှာ ရောဂါ လက္ခဏာတွေတော့ မတွေ့ဘူး။ ဒါပေမယ့် ဖြစ်တဲ့လူနဲ့ တစီးတည်း စီးလာတယ်ဆိုတော့ သံသယနဲ့ပေါ့” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက် အမှတ် ၂ ချစ်ကြည်ရေး တံတားမှတဆင့် ကရင်ပြည်နယ် မြဝတီမြို့ဘက်သို့ ဝင်ရောက်လာသည့် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများရှိကြောင်း ၎င်းတို့သည် နေရပ်အသီးသီးသို့ ပြန်ဝင်သကဲ့သို့ ကရင်ပြည်နယ် နေရာအနှံ့အပြားတွင်လည်း ဝင်ရောက်နေကြောင်းသိရသည်။
KNU အနေဖြင့် ၎င်းတို့လှုပ်ရှားနယ်မြေများအတွင်း ပြန်လည်ဝင်ရောက်လာသူများကို ၁၄ ရက်အပြင် မထွက်ဘဲ စောင့်ထိမ်းနေထိုင်ကြရန် သတိပေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထူးခြားမှု ရှိလာလျှင် ခရိုင်အဆင့်၊ ဗဟိုအဆင့်နှင့် အတွင်းရေးမှူးရုံးချုပ်များကို တိုက်ရိုက်ဆက်သွယ် ညွှန်ကြားရန် KNU ဗဟို ကျန်းမာရေး ဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ထို့အတူ KNLA တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် လူစုလူဝေးဖြစ်နိုင်သည့် သင်တန်းများ တပ်တွင်း၊ တပ်ပြင်ကို Covid-19 နှင့် ပတ်သက်၍ အထူး သတိထားရမည့် အချက်များအား လိုက်နာကြရန် သတိပေး ညွှန်ကြား ထားသည်ဟုဆိုသည်။
ဗိုလ်မှူး စောရန်နိုင် က “အခုလောလောဆယ် လူစုလူဝေးနဲ့ ပတ်သက်ပြီး မလုပ်ဖို့ ကျနော်တို့ ညွှန်ကြားထားတယ်။ ကျနော်တို့ရဲ့ စစ်သင်တန်းတွေ၊ ထောက်လှမ်းရေး သင်တန်းတွေ၊ ရုံးလုပ်ငန်းသင်တန်းတွေ၊ ကျန်းမာရေး သင်တန်းတွေ ရပ်ထားဖို့၊ ကိုယ့်တပ်ဖွဲ့နေရာမှာ နေကြဖို့ မလိုအပ်ဘဲ အပြင်သွားတာ၊ လာတာတွေ မလုပ်ကြဖို့ ကျနော်တို့ အားလုံး ညွန်ကြားထားပါတယ်” ဟု ပြောသည်။
KNU သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သော Covid-19 သည် ယခုအခါ ကမ္ဘာ့နိုင်ပေါင်း ၂၀၂ နိုင်ငံမှ လူဦးရေ ၅ သိန်း ၇ သောင်းကျော် ကူးစက်နေပြီး ၂ သောင်း ၆ ထောင်ကျော် သေဆုံးနေပြီဖြစ်ကြောင်း WHO ယနေ့ ထုတ်ပြန်ချက် အရ သိရသည်။
မြန်မာနိုင်ငံ မှာတော့ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားချက် အရ Covid-19 ကူးစက်ခံရသူ ၈ ဦးရှိပြီး စောင့်ကြည့်လူနာ ၄၂၈ ဦး၊ သံသယ လူနာ ၂ ဦး၊ ပိုးမတွေ့လူနာ ၃၆၇ ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ့ လူနာ ၅၅ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်