ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် ပြည်ပမှ ပြန်လာသူများကို ထားရှိကာ ၁၄ ရက် စောင့်ကြည့်မည့် အစီအစဉ်ကို မအူပင်မြို့ခံတချို့က ယမန်နေ့ ညပိုင်းတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသဖြင့် အဆိုပါဆန္ဒပြပွဲကို ဦးဆောင်သူအား ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေ က “ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမင်းဇော်ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သူက ငြိမ်းစုစီ (ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လှည်ခွင့်) လာတင်တာလည်း ၄၈ နာရီ မပြည့်သလို အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ အတွက် လူစုလူဝေး မလုပ်ကြဖို့ ကြေညာထားတဲ့ကြားက ခွင့်ပြုချက် မရှိဘဲ လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့အတွက် အခုလို အရေးယူ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြည်ပနိုင်ငံများမှ မအူပင်မြို့သို့ ပြန်ရောက်လာသူများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က မအူပင်မြို့ အမှတ် ၆ ရပ်ကွက်ရှိ အမှတ် ၁ အထက်တန်းကျောင်းနှင့် မအူပင်တက္ကသိုလ်ရှိအဆောင်များတွင် ၁၄ ရက် သီးခြား ထားရှိကာ စောင့်ကြည့်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စီစဉ်မှုကို မကျေနပ်သည့်အတွက် မအူပင်မြို့ခံ ကိုမင်းဇော်မှ ဦးဆောင်ကာ လူဦးရေ ၃၀၀ ခန့်ဖြင့် မတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် မအူပင်မြို့၌ အနှံ့လှည့်လည်၍ “COVID – 19 သံသယလူနာများကို အထက (၁) ကျောင်းတွင် ထားရှိမည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း” လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး အမှုဖွင့် အရေးယူခံရသူ ကိုမင်းဇော်ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေကြားခြင်း မရှိပါ။
ဧရာဝတီတိုင်း ဒေသကြီးရှိ မအူပင်၊ ဟင်္သာတ၊ ပုသိမ် အပါအဝင် မြို့နယ် ၂၆ မြို့နယ်တွင် ပြည်ပမှပြန်လာသူများကို ၁၄ ရက် သီးသန့်ခွဲထား၍ စောင့်ကြည်သည့်နေရာ – Facility Quarantine Centre ၁၅၀ ခုရှိပြီး ပြည်ပမှ ပြန်လာသူများ ၆၆၃ ဦးကို သီးခြားခွဲထား၍ စောင့်ကြည့်နေကြောင်း သိရသည်။
ထိုသို့ မြို့နယ် ၂၆ မြို့နယ်၌ စောင့်ကြည့်စင်တာများ ထားရှိ ဆောင်ရွက်ရာတွင် မအူပင်မြို့၌ ပထမဆုံးအကြိမ် ကန့်ကွက်ဆန္ဒဖော်ထုတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက “မအူပင် အထကကျောင်းမှာ ထားရှိဖို့ ဒေသခံ ၉၀ ရာခိုင်နှုန်းလောက်က လက်ခံပါတယ်။ ဆန္ဒဖော်ထုတ်မှုမှာ ရောဂါကူးစက်မှာကို ကြောက်လို့ ဆိုတာထက် တခြားသော ရည်ရွယ်ချက်တွေ ပါနေတယ်လို့ သုံးသပ် ရပါတယ်။ COVID – 19 ဟာ ကပ်ရောဂါ ဖြစ်တယ်။ ကပ်ရောဂါဟာ လူတဦးချင်းစီရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်သလို မြို့ရဲ့ဘေးအန္တရာယ်ဖြစ်တယ်။ ဒါကြောင့် ဒီရောဂါကို ကာကွယ်ဖို့ ဥပဒေအရ စီစဉ်ဆောင်ရွက်တာကို နားလည်ဖို့ လိုပါတယ်။ အထက ၁ ကျောင်းမှာ စောင့်ကြည်သူတွေ ထားရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။ လူအရမ်းများလာရင် နောက်ထပ်နေရာတွေ ထပ်တိုးချဲ့ပြီး ထားရှိသွားပါမယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ပြည်ပမှ ပြန်လာသူများထဲမှ COVID -19 သံသယ လူနာ ၁၄ ဦး ဆေးရုံတက်ရောက်၍ ကုသမှု ခံယူခဲ့ရပြီး အဆိုပါ ၁၄ ဦးအနက် ၁၁ ဦးတွင် ရောဂါပိုး မတွေ့ရှိရကြောင်းနှင့် ကျန် ၃ ဦးမှာ စစ်ဆေးမှုရလဒ် မထွက်သေးကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်