ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နယ်၊ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည် ၁၇၀၀ ကျော်အတွက် သယ်လာသည့် ဆန်အိတ်များကို ရက္ခိုင်စစ်တပ် (AA) က လုယူသွားသည် ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပလက်ဝက စားရေးရိက္ခာ တော်တော်ကို ခက်ခဲနေတာ။ ခက်ခဲနေလို့ ကျနော်တို့ ဖွဲ့ထားတဲ့ စစ်ဘေးရှောင်ရိက္ခာသယ် ယူရေးကော်မီက ဆမီးမှာ ပုံထားတဲ့ ဆန်ကို သွားသယ်တာ။ ကားတစီးက ဆမီးကနေ မနက် ၈ နာရီခွဲလောက် ထွက်လာတာ ၁၀ နာရီခွဲ၊ ၁၁ နာရီ ဝန်းကျင်၊ ဆမီးနဲ့ ပလက်ဝကြား ၁၂ ဘီးကား မီးရှို့ခံရတဲ့ နားမှာ AA အဖွဲ့တွေနဲ့ တွေ့ပြီးတော့ အိတ် ၁၂၀ လုံးကို သယ်သွားတယ်” ဟု ပြောသည်။
တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့နှင့် အနီးတဝိုက် ကျေးရွာများတွင် စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၃၅၆ စု၊ လူဦးရေ စုစုပေါင်း ၁၇၇၁ ဦး ၊ ဆမီးမြို့တွင် အိမ်ထောင်စု ၇၀၇ စုမှ စစ်ဘေးရှောင်ဒုက္ခသည် ၂၉၄၅ ဦး ရှိသည်။
ယခုအခါ ပလက်ဝမြို့နှင့် အနီးတဝိုက်ရှိ ရွာများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၇၇၁ ဦးကို ပေးဝေရန် သယ်သည့် ဆန်အိတ်များ လုခံရခြင်း ဖြစ်သည်ဟု သိရသည်။
ဆက်လက်ပြီး ဦးစိုးထက် က “ငွေကြေးလည်း မပေးပါဘူးခဗျ။ လုံးဝ လုသွားတာပါ။ ကျနော်တို့ ကတော့ လူသားခြင်းစာနာတဲ့ သဘောနဲ့ ဒါတွေက မလုပ်သင့်တာတွေပါ။ ဘယ်လိုမှ မဖြစ်သင့် တာပဲ။ ဒါက ဓားပြတိုက်တာပဲ။ ဒုက္ခသည် ဒုက္ခရောက်နေတာကို ပိုပိုပြီး ဒုက္ခရောက်အောင် လုပ်တဲ့ဟာ ဆိုတော့ ဒီကိစ္စက တော်တော်ကို ဆိုးပါတယ်ဗျာ” ဟုလည်း ပြောသည်။
လုယူခံရသည့် ဆန်အိတ်များကို AA မှ ပြန်ပေးလိုက်ပြီဟူသည့် သတင်းများ ထွက်နေသော်လည်း ဦးစိုးထက်က ယနေ့ညနေအထိ မည်သည့် သတင်းအချက်အလက်မှ မသိရပဲ ဆန်အိတ်များလည်း ပြန်မရသေးပါဟု ပြောသည်။
လုယူခံရသည့် ဆန်အိတ် ၁၂၀ မှာ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ဝေပေးရန် ချင်းအရပ်ဘက် အဖွဲ့အစည်းများနှင့် ချင်းပြည်နယ် အစိုးရအဖွ့ဲမှ ပူးပေါင်းကာ ဝယ်ယူထားသည့် ဆန်များ ဖြစ်ပြီး တိုက်ပွဲများကြောင့် သယ်မရပဲ ဆမီးမြို့တွင် သောင်တင်နေသည်မှာ ၂လ ခန့်ရှိပြီ ဖြစ်သည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ တသိန်းကျော် နေထိုင်ပြီး ပလက်ဝသည် ကုလားတန်မြစ်အတိုင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ သယ်ယူလာသည့် အခြေခံစားသောက်ကုန်များကို ဝယ်ယူ သုံးစွဲကြရသည့် ဒေသဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက်မှ စ၍ ပလက်ဝ၊ ကျောက်တော် ဒေသ၊ ကုလားတန်မြစ်တကြောတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ယနေ့ ထိဖြစ်ပြီး ပလက်ဝ ဒေသခံများမှာ ဆန်ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။
ပလက်ဝမြို့နယ်အတွင်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့မှာလည်း ဖေဖော်ဝါရီ ကတည်းက ၃ ဆခန့် ဈေးမြင့်တတ်သွားမှာ ယနေ့ထိ ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ကျော် ခိုလှုံနေသည့် ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည် ဦးကျော်ကျော် က “ကျနော်တို့မှာ ဖေဖော်ဝါရီတည်းက ဆန်တွေ ပြတ်နေတာ။ သူများတွေ တအိတ် တသိန်းလောက် ပေးဝယ်စားတယ်။ ကျနော်တို့ မစားနိုင်ဘူး။ ထောက်ပံ့တာလေး ရမလားပဲ မျှော်နေတာ။ အခုပြောချင်တာ ကျနော်တို့ စားဖို့ သောက်ဖို့ တကယ်ဒုက္ခရောက်နေတယ်။ ကျနော်တို့ ဒုက္ခရောက်နေပါတယ်လို့ နှစ်ဖက်လုံးကို မေတ္တာ ရပ်ခံပါတယ်” ဟု ပြောသည်။
ပလက်ဝစစ်ဘေးရှောင်နှင့် သဘာဝ ဘေးအန္တရာယ် ကူညီမှု အသင်းမှ တာဝန်ရှိသူ တဦးကလည်း “ကားက မနက် ၈ နာရီက ထွက်လာတာ၊ ရင်ကွဲတောင်မှာ ကားက ပျက်တယ်။ အဲ့တော့ ကားတစီး ထပ်ချိန်းတော့ ၁၂ နာရီမှာ လဲတယ်။ ၂ နာရီမထိုးခင်မှာ လှမ်းဆက်သွယ်တယ်။ ပလက်ဝနား နီးနေပြီ။ အလုပ်သမားတွေပြင်ဆင် ထားကြပါတဲ့။ အဲ့နောက်ပိုင်းကို အဆက်အသွယ် ပြတ်သွားတာ”ဟု ပြောသည်။
လက်ရှိတွင် ဆန်အိတ် ၁၂၀ အပါအဝင် ကားဆရာနှင့် ကားတွင် လိုက်ပါလာသူ စုစုပေါင်း ၃ ဦးမှာလည်း AA မှ တားဆီးလိုက်သည်ဟူသည့် နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက် နေခြင်း ဖြစ်သည်ဟု သိရသည်။
ဧရာဝတီမှ ပလက်ဝစစ်ဘေးရှောင် နှင့် သဘာဝ ဘေးအန္တရာယ် ကူညီမှု အသင်းကို ယနေ့ညနေ ၆ နာရီခွဲခန့်တွင် ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။
ဆက်လက်ပြီး ၎င်းက “တကယ်ဆိုရင် သူတို့ ရောက်နေတဲ့ နေရာက မောင်းလာရင် ၁ နာရီတောင် မမောင်းရတော့ဘူး။ ကျနော်တို့က ၂ နာရီခွဲမှာ ရောက်မယ်လို့ မှန်းထားတာ။ ၂ နာရီမတိုင်ခင်မှာ နောက်ဆုံး ဆက်သွယ်တာ အဆက်အသွယ်ပြတ်သွားတာ” ဟုလည်း ပြောသည်။
ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီနေကြသူများက ဆန်အိတ်များကို AA က လုယူ သွားသည်ဟုသာ လက်ရှိအချိန်ထိ သိထားပါသည်ဟု ပြောဆိုကြသည်။
AA သည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် ဟုဆိုကာ တပ်မတော်ကို တိုက်ခိုက်နေသည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည်။
AA က ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ် တခုလုံးကို စိုးမိုးနိုင်ရေးအတွက် စစ်ရေး ရည်မှန်းချက် ထားရှိပြီး တပ်မတော်ကို အဆိုပါ ဒေသများမှ တိုက်ထုတ်သွားမည်ဟု ကြေငြာထားသည်။
အစိုးရနှင့် တပ်မတော်က AA ကို အမြစ်ပြတ် ချေမှုန်းမည်ဟု ပြောဆိုထားပြီး မတ် ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် AA ကို မတရားအသင်းအဖြစ် ကြေငြာခဲ့သည်။
ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း AA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေငြာပြီး AA နှင့် ပတ်သတ်ဆက်နွယ်သူများ၊ ဆက်သွယ်သူများ အားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ တရားစွဲအရေးယူသွားမည်ဟု တပ်မတော်ကလည်း ပြောဆိုထားသည်။
AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေငြာချက် ထုတ်ထားသဖြင့် ပလက်ဝမြို့နယ်အတွင်း ဆန်အိတ် ၁၂၀ လုခံရခြင်းနှင့် ပတ်သတ်၍ ဧရာဝတီမှ တိုက်ရိုက် မေးမြန်း အတည်ပြုနိုင်ခြင်း မရှိပါ။
AA ဘက်မှလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
ပလက်ဝမြို့နယ်တွင်း အရပ်သားများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာ ပြတ်တောက် နေခြင်းနှင့် ပတ်သတ်၍ အရပ်သားများ ဆန်နှင့် အခြေခံစားသောက်ကုန်များ သယ်ယူမည်ဆိုပါက သယ်ယူခွင့် ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက AA ၏ သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။