သတင်း

ပြည်ပလေကြောင်းလိုင်း အားလုံး မြန်မာ ဆင်းသက်ခွင့် ယာယီပိတ်

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈ ဦးအထိ ရှိလာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပလေကြောင်းလိုင်းအားလုံးကို မြန်မာနိုင်ငံသို့ ဆင်းသက်ခွင့်ကို ယာယီပိတ်လိုက်ပြီဖြစ်သည်။

မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး ဧပြီလ ၁၃ ရက်နေ့အထိ နိုင်ငံတကာမှ လေယာဉ်အားလုံးကို ဆင်းသက်ခွင့် ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လေယာဉ်များနှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ပေးထားသော အထူးလေယာဉ်များကိုသာ ဆင်းသက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို လေယာဉ်များတွင် လိုက်ပါလာသော လေယာဉ်အမှုထမ်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ သီးသန့်ခွဲခြားကာ ကျန်းမာရေးအခြေအနေများ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် COVID 19 ရောဂါပိုးရှိသူ ၈ ဦးတွင် ၇ ဦးမှာ ပြည်ပနိုင်ငံများ မှ မြန်မာနိုင်ငံ သို့ ပြန်လာဝင်ရောက်လာသူများဖြစ်သည်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားမဆို ထုတ်ပေးခြင်းကို ဧပြီ ၃၀ ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

You may also like these stories:

ပြည်ပက ပြန်လာသူများအတွက် Quarantine ထားမည့် နေရာအလုံအလောက်ရှိဟု ဆို

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ

ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး စစ်ပွဲ ဗီယက်နမ် ဘယ်လိုအနိုင်ယူနေသလဲ

Loading