မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘာသာရေးအဆောက်အအုံများ အတွင်းသို့ ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ခွင့်ပြုတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
အဆိုပါထုတ်ပြန်ချက်သည် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ အတည်ဖြစ်ပြီး တိုင်းအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦး က “အစိုးရအဖွဲ့ အနေနဲ့ တိုင်းအတွင်းမှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေဖို့အတွက် ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းတွေ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသလို လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလည်း ဆက်တိုက်လုပ်နေတယ်၊ ဒါကြောင့် ဘာသာရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တာကလည်း ရောဂါကာကွယ်ရေး လိုအပ်ချက်အရ ထုတ်ပြန် ရတာပါ” ဟု ပြောသည်။
ထိုသို့ထုတ်ပြန်ရာတွင် မန္တလေးတိုင်းအတွင်းနေ ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုထိုးများ၊ ခရစ်ယန် ဘာသာဝင်များ၏ Church ကျောင်းများ၊ အစ္စလမ်ဘာသာဝင်များ၏ ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ၊ ဟိန္ဒူဘာသာဝင်များ၏ ဘုရားကျောင်းများ၊ တရုတ်ဘုံကျောင်းများအားလုံး ပါဝင်ကြောင်း သိရသည်။
ထိုထုတ်ပြန်ချက်အပေါ် ဘုံပျံတောရတိုက်၊ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသက “အခုက တာဝန်အတိုင်း လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဘာသာပေါင်းစုံအားလုံးက နိုင်ငံတော်ရဲ့ အမိန့်၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ ညွှန်ကြားမှုကို လိုက်နာကြဖို့ အရေးကြီးတယ်လို့ ဘုန်းကြီးအနေနဲ့ မြင်ပါတယ်”ဟု မြွက်ကြားသည်။
တိုင်းအတွင်းနေ ပြည်သူများ၏ ကိုးကွယ်ယုံကြည်မှုအရ သက်ဆိုင်ရာ ဘာသာအလိုက် အထွဋ်အမြတ် ထားနေရာ များသို့ လာရောက်သူများနှင့် ဖူးမြော်ကြသူများ အနေဖြင့် ကျန်းမာရေး ကောင်းမွန်ရန် လိုအပ်သဖြင့် မိမိတို့ နေထိုင်ရာဒေသရှိ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများတွင် ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ရရှိရန် လိုအပ်ကြောင်း သိရသည်။
အချို့ကမူ ထိုထုတ်ပြန်ချက်သည် လတ်တလောတွင် သဟဇာတ မဖြစ်နိုင်ကြောင်း၊ ထောက်ချက်ပေးမည့်သူ၊ ဆေးစစ်ချက်ကို မည်သို့ စစ်ဆေးရမည် စသည့် အခက်အခဲများ ရှိရာ ရှင်းလင်းသေချာစွာ ထုတ်ပြန်သင့်ကြောင်း ပြောကြသည်။
အစ္စလမ်ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်သည့် ဃရာနာ သာသနာမိသားစု၏ ခေါင်းဆောင် ဂိုဏ်းချုပ်ဆရာတော် ခလီဖွာ ဦးသိန်းဝင်းအောင် က “ဆေးစစ်ချက် ဆိုတာကို ဘယ်သူက တာဝန်ယူပြီး စစ်ပေးမှာလဲဆိုတာ မေးစရာ ဖြစ်လာတယ်၊ ဘယ်မှာစစ်ရမှာလဲ၊ ပြီးတော့ အခု ထုတ်ပြန်တာမျိုးက ဘာသာရေးအရ ဝတ်ပြုတာကို သွားလာရ ခက်ခဲအောင် လုပ်တာမျိုး ဆိုရင်တော့ ကျနော်တို့က သိပ်မကြိုက်ပါဘူး၊ ပြောချင်တာက ကျနော်တို့ ဗလီကိုသွားပြီး နမာဇ်ဖတ်ဖို့ လာမယ်ဆိုရင် ဘယ်မှာသွားပြီး စစ်ရမှာလဲ၊ ဘယ်သူက တာဝန်ယူ စစ်ပေးမှာလဲ၊ အဓိက ကျနော်တို့ ဘာမှ မသိရဘဲနဲ့ လုပ်ခိုင်းတာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။ ဂဃနဏ သိပြီးမှ ထုတ်သင့်တယ်” ဟု ပြောသည်။
လတ်တလောတွင် ဗလီများအတွက် လက်ဆေးကန်၊ ဆပ်ပြာများ ထားပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ၆ ပေ အကွာအဝေးဖြင့်သာ ဝတ်ပြုကြရန် စသည်တို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း ခလီဖွာ ဦးသိန်းဝင်းအောင်က ပြောသည်။
မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေး ကမူ “ကျနော် ကတော့ ကျန်းမာရေး ဆေးစစ်ချက် ယူရတာ သဘောကျပါတယ်၊ တကယ်တမ်းက လူစုလူဝေး မလုပ်စေချင်ပါဘူး၊ ဆေးစစ်ချက် အတွက် ဘယ်လိုလုပ်ပေးမလဲဆိုတာ မပါတာကတော့ သူတို့ရဲ့အားနည်းချက် ပေါ့ဗျာ၊ သို့သော်ဒီ အချိန်မှာတော့ အားလုံးကိုယ်စီက ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်၊ ကိုယ့်အိမ်ကနေပဲ ဆိုင်ရာ ဘာသာအလိုက် ဘုရားကို အာရုံပြုတာ ပိုကောင်းပါတယ်၊ အရေးကြီးတာ COVID မပြန့်ပွားရေးပါပဲ” ဟု ပြောသည်။
လက်ရှိတွင် လူစုလူဝေး ဖြစ်စေမည့် ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ ရုပ်ရှင်ရုံများ ယာယီပိတ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသလို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကလည်း နိုက်ကလပ်၊ စင်တင်၊ ဘား၊ ကေတီဗွီများ ယာယီပိတ်ရန်နှင့် လက်ဖက်ရည်ဆိုင်များအပါအဝင် စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဒေသဆိုင်ရာစည်းကမ်း သတ်မှတ်ထုတ်ပြန်ထားသည်။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသက “လက်ရှိအချိန်မှာ မြို့ကို Lock Down ချသင့်တယ်ဆိုရင်တောင် ချရမှာဖြစ်တယ်၊ အစိုးရက လုပ်ဆောင်ရမယ့်တာဝန်ကို လုပ်ဆောင်တာဖြစ်တဲ့အတွက် မလိုက်နာဘူးဆိုရင် အရေးယူတဲ့နည်းလမ်းတွေအထိ သုံးတန်သုံးရမှာပဲ၊ ဒီအချိန်မှာ ဘာသာရေးဆိုတဲ့ အကြောင်းပြချက်ကို သုံးလို့ဖြစ်ပါဘူး၊ အားလုံးထိခိုက်မယ့်အရေးဖြစ်ပါတယ်၊ လုံးဝကို အရေးကြီးနေတဲ့ အချိန် ဖြစ်နေလို့ပါ” ဟု မြွက်ကြားသည်။
တိုင်းဒေသကြီးအတွင်း၌ သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေး အဆောက်အအုံများတွင် COVID -19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် တိုင်းအစိုးရအဖွဲ့၏ ညွန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မတ်လ ၂၉ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားသူ ၈ ဦးရှိပြီး ၆ ဦး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကြောင်း၊ ၂ ဦးမှာ အထူးကြပ်မတ် ကုသနေကြောင်း သိရသည်။
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်