သတင်း

ပလက်ဝက ဆန်ကားနှင့် လူ ၃ ဦး AA ပြန်လွှတ်ပေး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အရပ်သားများနှင့် ဒုက္ခသည်များ အတွက် သယ်ယူလာသည့် ဆန် အိတ်များမှာ လုယူခံရခြင်း မရှိဘဲ ရက္ခိုင်စစ်တပ် (AA) က တားဆီး စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပြီဟု ပလက်ဝ မြို့နယ်၊ စားနပ်ရိက္ခာသယ်ယူရေး ကော်မတီ၊ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှ က ဧရာဝတီကို ပြောသည်။

ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းလှက “ဆန်တွေက လုခံရတာ မဟုတ်ဘူး။ သွားသယ်ကြတဲ့ ၃ ယောက်က ကော်မတီ အစည်းအဝေး လည်း တခါမှ မတက်ဖူးတော့ ဂဃနဏ မဖြေနိုင်လို့ စစ်တာ ၂ နာရီလောက် ကြာသွားတာ။ စစ်ဆေး နေတုန်း သူတို့က ထမင်းလည်း ကျွေးပါတယ်။ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံပါတယ်။ အခုတော့ အားလုံး ဒီမနက် ၇ နာရီမှာ ပလက်ဝ ကို ရောက်လာကြပါပြီ”ဟု ရှင်းပြသည်။

ပလက်ဝမြို့နယ် ၊ စားနပ်ရိက္ခာသယ်ယူရေး ကော်မတီ အနေဖြင့် ဆန်ကားကို AA က တာဝန်အရ စစ်ဆေးခြင်းဟုသာ လက်ခံပါကြောင်း၊ ကော်မတီမှ ဘာသာရေးဆရာများ သွားရောက် သယ်ယူသည့် ဆန်အိတ်မှာ စုစုပေါင်း အိတ် ၁၀၀ ဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များကို အခမဲ့ ပေးဝေမည် ဖြစ်ကာ စားနပ်ရိက္ခာ ပြတ်တောက်နေသည့် အရပ်သား များ ကို မူရင်းဈေးအတိုင်း ရောင်းချပေးမည် ဟုလည်း ၎င်းက ပြောသည်။

မတ် ၂၉ ရက်၊ နေ့လည် ၂ နာရီခွဲခန့်တွင် ဆန်ကားကို တားဆီးခံရပြီး AA ဘက်မှ ဦးစိန်ထွန်းလှကို ဖုန်းဆက်လာပြီး အရပ်သားများ၏ ဆန် မှန်၊ မမှန် မေးမြန်းကြောင်း သိရသည်။

မတ် ၂၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် ထပ်မံ ဖုန်းဆက်သွယ်လာပြီး AA တပ်ဖွဲ့ဝင်များတွင်လည်း အခက်အခဲ ရှိပါ သဖြင့် ဝယ်ယူလာသည့် ဈေးနှုန်း အတိုင်း ဆန်အိတ် ၂၀ ကို ရောင်းချပေးရန် ပြောသဖြင့် ဆန်အိတ် ၂၀ ချပေးခဲ့ ကြောင်း ဦးစိန်ထွန်းလှက ဆိုသည်။

ဆန်အိတ် ၂၀ ချပေးပြီးနောက် ကားဆရာ အပါအဝင် ဆန်သယ်သည့် ယာဉ်တွင် ပါလာသူ စုစုပေါင်း ၃ ဦးနှင့် ဆန်အိတ် ၈၀ ကို မတ် ၂၉ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်ရာ ညပိုင်းတွင် ပလက်ဝ တဖက် ကမ်းသို့ ရောက်လာကြပြီး ယနေ့မနက်ပိုင်းတွင် ကုလားတန်မြစ်ကို ဖြတ်ကူးကာ ပလက်ဝမြို့တွင်းသို့ ရောက်လာ ကြပြီဟု သိရသည်။

ဦးစိန်ထွန်းလှက “လူထု ဒုက္ခရောက်မှာကို အဲဒီ အဖွဲ့အစည်းကလည်း မလိုချင်ပါဘူး။ ဒါပေမယ့် သူတို့ စားဝတ်နေရေး အခက်အခဲရှိလို့ အိတ် ၂၀ တော့ တောင်းပါတယ်။ အလကားတော့ မယူပါဘူး။ ကျနော်တို့က ဒီဆန်က ပခုက္ကူက ၂၅၅၀၀ ကျပ်နဲ့ ဝယ်ထားတာ။ ဒီအထိ သယ်ခပါ ပေါင်းရင် ၃၂၀၀၀ ရှိပါတယ်။ သူတို့ကလည်း တအိတ်ကို ၃၂၀၀၀ နှုန်းနဲ့ ရှင်းပေးပါမယ်တဲ့” ဟု ပြောသည်။

သို့သော် ဆန်အိတ် ၂၀ အတွက် ကျသင့်ငွေကို တပါတည်း ပေးချေလိုက်ခြင်း မရှိကြောင်း၊ AA တပ်ဖွဲ့ဝင်များက ပြန်လည် ဆက်သွယ်ပြီး ငွေပေးချေမည်ဟု ပြောဆိုထားကြောင်းနှင့် ဆန်အိတ် ၂၀ ချပေးခဲ့ရသည့် အကြောင်းကို ကော်မတီတွင်း အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၂၉ ရက်တွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့မှ ပလက်ဝမြို့သို့ သယ်လာသည့် ဆန်ကားကို လမ်းခုလတ်တွင် AA က တားဆီးပြီး ဆန်သယ်လာသူ ၃ ဦးမှာ အဆက်အသွယ်များ ပြတ်တောက် သွားသဖြင့် ဆန်အိတ်များ အလုခံရပြီဟူ၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောဆိုခဲ့သည်။

ဆန်အိတ်များမှာ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ အလှူငွေဖြင့် ဝယ်ထားသည့် ဆန်အိတ်များဖြစ်ပြီး ပလက်ဝမြို့တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၇၇၀ ကျော်ကို ပေးမည့် ဆန်များဟု ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က ကနဦးတွင် AA က ဆန်ကားကို တောတွင်း တနေရာသို့ မောင်းခိုင်းပြီး သတင်း မီဒီယာများတွင် သတင်း မေးမြန်းလာမှသာ ခေါ်ယူ စစ်ဆေးခြင်း ဟု ပြောင်းလဲပြောဆိုခြင်း ဖြစ်ပါသည်ဟု ပြောဆိုသည်။

ဦးစိုးထက်က “ သယ်ယူရေးနဲ့ စစ်ဘေးရှောင်အဖွဲ့တွေကလည်း အခု ဆန်အိတ် ၁၀၀ ရတာကိုပဲ ဝမ်းသာနေတာ။ သူတို့ ယူသွားတာကိုလည်း ဘာမှ မပြောတော့ဘူး။ ငွေပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ကျနော်တို့ ကယ်ဆယ် ရေး အဖွဲ့တွေကတော့ ကျေနပ်တယ်။ တခုမှ သယ်လို့ မရတာကနေ အခု သယ်လို့ ရတာကိုပဲ ဝမ်းသာ နေကြတာ ပါခင်ဗျ”ဟု ပြောသည်။

ပလက်ဝမြို့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဆန်နှင့် အခြေခံ စားသောက်ကုန်များကို ကုလားတန်မြစ် အတိုင်း သယ်ယူပြီး မှီခို စားသုံးနေရသည့် ဒေသ ဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်မှ စ၍ တပ်မတော်နှင့် AA ကြား ကုလားတန်မြစ်တကြောတွင် တိုက်ပွဲများ ပြင်းထန်သဖြင့် ကုန်းလမ်းနှင့် ရေလမ်းများ ပြတ်တောက်သွားကာ ပလက်ဝမြို့နယ် အတွင်း နေထိုင်သည့် လူဦးရေ ၁ သိန်း ကျော်မှာလည်း စားနပ်ရိက္ခာ ခက်ခဲသွားသည်။

ပလက်ဝမြို့နယ်တွင်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်နှင့် ကြက်သွန်တို့မှာ ၂ ဆ၊ ၃ ဆ ခန့် ဈေးမြှင့်တက်သွားပြီး ဝယ်ယူရန်လည်း ခက်ခဲသွားကြသည်။

ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ဆန်ဝယ်ယူပြီး မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်ဝသို့ သယ်ယူကြခြင်း ဖြစ်သည်။

ဆန်သယ်ယူသည့် ပလက်ဝမြို့နယ်၊ စားနပ်ရိက္ခာသယ်ယူရေး ကော်မတီသည် ပလက်ဝမြို့နယ်တွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးဆရာများ၊ မြို့မိမြို့ဖများ စုပေါင်းကာ ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည် ။

တိုက်ပွဲကာလအတွင်း စားနပ်ရိက္ခာ သယ်ယူရေး လမ်းကြောင်း ပြတ်တောက်သွားပြီး တပ်မတော် နှင့် ရဲ လုံခြုံရေး တပ်ဖွဲ့ဝင်များ အစောင့်အကြပ် ပါလာပါက ပစ်ခတ်မည်ဟု AA က ပြောဆိုထားသဖြင့် ဆန်သယ်ရန် အရပ်သားများ သီးသန့် စုဖွဲ့လိုက်သည့် အဖွဲ့လည်း ဖြစ်သည်။

AA သည် ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဟူသည့် နိုင်ငံရေး ရည်မှန်းချက်ဖြင့် အစိုးရ ၊ တပ်မတော်တို့ကို တော်လှန်တိုက်ခိုက်နေသည့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

စစ်ရေးရည်မှန်းချက်အရ ရခိုင်ပြည်နယ် အပါအဝင် ပလက်ဝဒေသတခုလုံးကို စိုးမိုးနိုင်ရန် တိုက်ခိုက်မည်ဟုလည်း ပြောဆိုထားသည်။

မတ်၂၃ ရက်တွင် နိုင်ငံတော်သမ္မတက AA ကို မတရားအသင်းအဖြစ် ကြေငြာပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာကာ ဆက်သွယ်သူများ၊ ပတ်သက်သူများကို ဥပဒေအရ အရေးယူမည်ဟု ပြောဆိုထားသည်။

ဆက်စပ်လင့်

ဒုက္ခသည်များကို ကူမည့် ဆန်အိတ်များ AA လုယူဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြော

ဥပဒေကြောင်းအရ အရေးယူရတာ ပိုပြီး လွယ်ကူသွားတာပေါ့

Did you find apk for android? You can find new Free Android Games and apps.
Loading