ရက္ခိုင် စစ်တပ် (AA) ကို လက်ခံထားပါက ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ မြို့၂ မြို့ကို တိုက်ခိုက်ခံရမည် ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIA ကို ပြောကြောင်း သတင်း ရရှိသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “AA ကို လိုင်ဇာမှာ နေထိုင်ခွင့် မပြုဖို့။ နောက်ပြီး တော့ လိုင်ဇာနဲ့ မိုင်ဂျာယန်ကို စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းတွေ အကြောင်းကြားလာတာ ရှိပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးက မတ် ၂၀ ရက်တွင် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG) နှင့် KIA တို့ထံသို့ ပြောဆိုလာခြင်း ဖြစ်သည်ဟု သိရသည်။
KIA အနေဖြင့် မတ် ၂၆ ရက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးကို အကြောင်းပြန်စာ တစောင်ပေးပို့ခဲ့ပြီး ထို စာထဲတွင် တွေ့ဆုံညှိနှိုင်းရေး နည်းလမ်းဖြင့်သာ မပြေလည်မှုများကို ဖြေရှင်းရန် ထည့်သွင်း ရေးသားထားသည်ဟု သိ ရသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပြောဆိုချက်ကို KIA မှ AA ခေါင်းဆောင်ပိုင်းများကို ပြန်လည် ပြောပြပေးမည် ဖြစ်ပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ကိုလည်း အကြောင်းကြား သွားမည်ဟု သိရသည်။
FPNCC သည် အစိုးရ၊ တပ်မတော်တို့နှင့် နိုင်ငံရေး ဆွေးနွေးရန် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA ) ၊ KIA ၊ AA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) တို့ စုဖွဲ့ထားသည့် ကော်မတီ ဖြစ်သည်။
စစ်ရေး မဟာမိတ်အဖြစ် စုဖွဲ့ထားသည့် KIA ၊ AA ၊ MNDAA နှင့် TNLA တို့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကလည်း အစိုး ရ၊ တပ်မတော်တို့နှင့် နိုင်ငံရေး ဆွေးနွေးမည့် နည်းလမ်းကိုသာ ဆက်လက် ဆုပ်ကိုင်ထားပါသည်ဟု ဗိုလ်မှူးကြီး နော် ဘူက ဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက “AA နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ လိုင်ဇာမှာ သူတို့လည်း ဌာနချုပ် ပုံစံ မဟုတ်ပါဘူး။ သင်တန်းဆင်းတဲ့ နေရာလောက်ပဲ ရှိပါတယ်။ စစ်အင်အားတွေ စုပုံထားတာ မရှိပါဘူး။ လူကြီးပိုင်းတွေ ရုံးထိုင်ထား တာလည်း မဟုတ်ပါဘူး။ အဓိက ကတော့ စစ်သင်တန်းပေးတဲ့ နေရာလောက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်မှ လိုင်ဇာ၊ မိုင်ဂျာယန်ကို တိုက်မည်ဟု ပြောသော်လည်း ယခုအချိန်ထိ မြေပြင်တွင် စစ်ရေးအရ တင်းမာခြင်းများ မရှိပါ ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
KIA ကို ပြောဆိုပြီးနောက် မတ်၂၃ ရက်တွင် နိုင်ငံတော် သမ္မတက AA ကို မတရားအသင်းအဖြစ် ကြေညာခဲ့သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း အကြမ်းဖက်အဖွဲ့ အဖြစ် AA ကို ကြေငြာကာ AA ကို ကူညီပံ့ပိုးနေသူ များ၊ ငွေကြေး ထောက်ပံ့နေသူများ၊ ဆက်နွယ်နေသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသွား မည်ဟု ပြောဆိုထားသည်။
AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) တ စောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး၂၀၁၈ ခုနှစ်မှ စ၍ တပ်မတော်က AA ကို လိုင်ဇာတွင်သာ နေထိုင်ရန် အသိ အမှတ်ပြုကြောင်း ပြောဆိုထားသည်။
Bilateral စာချုပ် ချုပ်ဆိုပါက နှစ်ဖက်တပ်များ တည်ရှိသည့် နေရာကို အပစ်ရပ်ရာတွင် သတ်မှတ်ရမည် ဖြစ်သဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် AA တည်ရှိနေမှုကို အသိအမှတ် မပြုနိုင်ဟု ဆိုကာ စတင် ပေါက် ဖွားလာသည့် လိုင်ဇာတွင်သာ နေထိုင်ရန် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ တပ်မတော်ဘက်က ပြောဆိုခဲ့သည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လိုင်ဇာ၊ မိုင်ဂျာယန် ကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ KIA ကို ဆက်သွယ် ပြောဆိုသည့် အကြောင်းအရာကို အတိအကျ မသိရှိပါဟု ပြော သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်ပြောနိုင်တာကတော့ အကြမ်းဖက် ဥပဒေထဲမှာ ပါပြီးသားပဲ။ အကြမ်းဖက် အဖွဲ့ အစည်းနဲ့ ပတ်သက်ပြီး ကူညီမှု အားပေးမှုတွေ လုပ်နေရင်တော့ ဒီကောင်က အကြမ်းဖက် ဥပဒေနဲ့ ငြိတယ်။ ဒါကြောင့် လည်း သက်ဆိုင်ရာတွေကတော့ သတိပေးတယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
AA ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဆွေးနွေးဖက်အဖြစ် ဆက်လက် သတ်မှတ်ခြင်း ရှိမရှိ ဆိုသည်ကို တပ်မတော် အနေဖြင့် ပြောဆိုရန် မရှိဘဲ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကသာ ဆောင်ရွက်သွားမည် ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆို သည်။
AA သည် ယခင်က ၎င်းတို့၏ ယာယီဌာနချုပ်ကို လိုင်ဇာမြို့တွင် အခြေစိုက်သည်ဟု ပြောဆိုသော်လည်း ၂၀၁၉ ခု နှစ် နောက်ပိုင်းတွင် မည်သည့် နေရာတွင် ရုံးထိုင်ခြင်းကို လုံခြုံရေးအရ ဟုဆိုကာ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုးတက်နေသည့်၂၁ ရာစုတွင် ဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန် သဖြင့် မည်သည့်နေရာတွင် ဖြစ်ဖြစ် ခေါင်းဆောင်ပိုင်းများက အောက်ခြေတပ်များနှင့် ဆက်သွယ်ကာ ညွှန်ကြားချက် များ ပြုလုပ်နိုင်ကြောင်း၊ ဌာနချုပ်ဟူသည့် နေရာသည် အဓိက မကျကြောင်း၂၀၁၉ ခုနှစ် ဧပြီက ဧရာဝတီကို ပြောဆို ထားသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် AA သည် ၂၀၀၉ ခုနှစ်က ရခိုင်လူငယ် ၂၀ ကျော်ဖြင့် လိုင်ဇာမြို့တွင် စစ် သင်တန်း တက်ကာ စတင် တည်ထောင်ခဲ့သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာမြို့ရှိ KIA ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဗိုလ်လောင်း ၂၃ဦး သေဆုံးခဲ့သည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို ဖက်ဒရယ်ထက် အဆင့်မြင့်သည့် ကွန်ဖက်ဒရေးရှင်း စနစ် ရလိုကြောင်း၊ UWSA ကဲ့သို့ ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလိုကြောင်းလည်း ပြောဆိုထားသည်။
ယခုအခါ AA သည် တပ်ဖွဲ့ဝင် အင်အား ၁ သောင်းကျော်ရှိပြီ ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝ မြို့နယ် တို့တွင် တပ်မတော်နှင့် တိုက်ခိုက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်သည်။
၂ နှစ်တာကာလအတွင်း တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် အရပ်သား ၁ သိန်းခွဲခန့် နေရပ်စွန့်ကာ ထွက်ပြေးရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရသည်။
ပလက်ဝမြို့နယ်တွင်လည်း ဒေသခံ ၁ သိန်းကျော်အနက် ၆ သောင်းခန့်မှာ စစ်ဘေးဒဏ် သင့်နေသည်။
ဆက်စပ်ဖတ်ရှုရန်
လိုင်ဇာသို့ လက်နက်ကြီးကျ၍ KIA စစ်သင်တန်းသား ၂၀ ကျော် သေဆုံး
လက်နက်ကြီး ကျရောက်မှု စစ်တပ် ထုတ်ပြန်ချက် KIA လက်မခံ
KIO ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွား
လိုင်ဇာမြို့တော်ဝန်နှင့် တွေ့ဆုံခြင်း
မိုင်ဂျာယန် က ဖက်ဒရယ် ဥပဒေ ကျောင်း
AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော
ခရစ္စမတ် အကြိုနေ့တွင် လိုင်ဇာမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
ဥပဒေကြောင်းအရ အရေးယူရတာ ပိုပြီး လွယ်ကူသွားတာပေါ့