ကြီးထွားလာသည့် ကမ္ဘာ့လိုအပ်ချက်ကို ဖြည့်ဆည်းရင်း ၎င်း၏ ရောဂါရှာဖွေရေး စက်ကိရိယာများနှင့်ပတ်သက်၍ ထောက်ခံအတည်ပြုချက်များ ပေကျင်းက တိုးမြင့်ရရှိနေသည့်တိုင် ကိုရိုနာဗိုင်းရပ်သစ်အတွက် တရုတ်လုပ် စမ်းသပ်စစ်ဆေးကိရိယာများနှင့် ပတ်သက်၍ သံသယရှိကြောင်း နိုင်ငံအချို့က ပြောနေသည်။ အဆင့်မမီသောကြောင့် တရုတ်လုပ် စမ်းသပ်စစ်ဆေးသည့် ကိရိယာ ၉၀၀၀ ခန့်ကို တရုတ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း စပိန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားသည်။
ရောဂါရှာဖွေရေး ကိရိယာထုတ်လုပ်သည့် တရုတ်ကုမ္ပဏီတခုဖြစ်သည့် Shenzhen Bioeasy Biotechnology ၏ ကိရိယာသည့် ကတိပြုထားသည့် ၈၀ ရာခိုင်နှုန်းထက် ပိုနိမ့်သည့် ၃၀ ရာခိုင်နှုန်းသာ မှန်ကန်မှုရှိသည်ဟု စပိန်ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ ၎င်းကုမ္ပဏီ စာရင်းသွင်းထားသည့် Shenzhen Stock Exchange က စုံစမ်းစစ်ဆေးမှုတခုကို သောကြာနေ့က ဖော်ထုတ်ခဲ့သည်။ Bioeasy က ၎င်း၏ထုတ်ကုန်ပစ္စည်းများကို ကာကွယ်ခဲ့ပြီး ၎င်းပစ္စည်းများမှာ ဥရောပတွင် ရောင်းချရန် တရားဝင်ထောက်ခံချက် ရရှိခဲ့သည်ဟု ပြောသည်။
“နှာခေါင်းနောက် လည်ချောင်းအပေါ်ပိုင်းက နမူနာတွေယူတဲ့အခါ ဆေးရုံက ကျနော်တို့ရဲ့ အသုံးပြုညွှန်ကြားချက်တွေနဲ့အညီ တိတိကျကျ အသုံးမပြုခဲ့တာ ဖြစ်နိုင်ပါတယ်။ ရလဒ်က နမူနာစစ်ဆေးမှု မှန်ကန်မှုဟာ ကျဆင်းသွားတာပါ” ဟု Bioeasy ၏ ကြေညာချက်တခုတွင် ဖော်ပြခဲ့သည်။ စမ်းသပ်စစ်ဆေးကိရိယာများကို အစားထိုးပေး၍ ကုန်ပစ္စည်း၏ မှန်ကန်မှုကို ပြန်သုံးသပ်မည်ဟု ကုမ္ပဏီက ကတိပြုခဲ့သည်။
၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Bioeasy သည် အစားအစာ အန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုနှင့် ကုခန်းဆိုင်ရာ ရောဂါရှာဖွေရေး ကိရိယာများကို ထုတ်လုပ်ရောင်းချသည်။ ခန္ဓာကိုယ်အတွင်း ရောဂါဖြစ်စေသော ကိုဗစ်-၁၉ ဗိုင်းရပ် ပဋိဇီဝများကို ၁၀ မိနစ်အတွင်း စစ်ဆေးတွေ့ရှိသည်ဟု အခိုင်အမာဆိုသော ၎င်း၏ဝက်ဘ်ဆိုက်ပေါ်က ရောဂါရှာဖွေရေးကိရိယာစုများကို အမေရိကန်တွင် ရုံးတခုရှိသော ၎င်းကုမ္ပဏီက အချိန်နှင့် တပြေးညီ မှတ်ပုံတင်သည်။
ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရန် နိုင်ငံအများသို့ ဆေးအကူအညီပေးနေသော တရုတ်အစိုးရကိုယ်တိုင်က Bioeasy နှင့် ဝေးဝေးနေပြီး ၎င်းကုမ္ပဏီ၏ထုတ်ကုန်များကို လိုင်စင်မပေးခဲ့ဟု ပြောကြားခဲ့သည်။ Bioeasy ၏ထုတ်ကုန်များကို စပိန်အစိုးရက မှာယူခဲ့ခြင်းမရှိဟု စပိန်ရှိ တရုတ်သံရုံးက ပြောသည်။
စပိန်သည် မကြာသေးခင်က အသက်ရှူစက်၊ စမ်းသပ်စစ်ဆေးကိရိယာစုနှင့် တခါသုံးလက်အိတ်များအပါအဝင် ဒေါ်လာ ၄၆၇ သန်းဘိုးရှိ ဆေးဝါးပစ္စည်းများကို တရုတ်ထံမှ မှာယူခဲ့သည်။ တရုတ်၏ စမ်းသပ်စစ်ဆေးကိရိယာများ၏ မှန်ကန်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်သော နိုင်ငံများတွင် မလေးရှားနှင့် ချက်သမ္မတန်ိုင်ငံတို့လည်း ပါသည်။
“မှန်ကန်မှုက သိပ် စိတ်မချရပါဘူး” ဟု မလေးရှားကျန်းမာရေးအရာရှိတဦးဖြစ်သူ နူးရ်ဟစ်ရှမ်အဗ္ဗဒူလာက ပြည်တွင်းမီဒီယာများကို သောကြာနေ့က ပြောသည်။ မလေးရှားဆေးရုံများသည် စစ်ဆေးရေးကိရိယာများကို တရုတ်အစား စင်ကာပူနှင့် တောင်ကိုရီးယားတို့မှ မှာယူရန် စဉ်းစားနေသည်ဟု မီဒီယာများက ဖော်ပြကြသည်။
ဒီဇင်ဘာလနှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်ကို စတင်တွေ့ရှိခဲ့သည့် တရုတ်သည် ကမ္ဘာ့ကပ်ရောဂါက်ို တိုက်ဖျက်ရေး အောင်မြင်မှုရရန် မျှော်လင့်လျက် ၎င်း၏အတွေ့အကြုံကို မျှဝေမည်ဟု ကတိပြုသည်။
“ကျနော်တို့ရဲ့ ကောင်းတဲ့ဆောင်ရွက်မှုတွေကို မျှဝေဖို့၊ ကုသဆေးကာကွယ်ဆေးတွေကို ပူးတွဲသုတေသနနဲ့ ဖွံ့ဖြိုးရေးတွေလုပ်ပြီး ကြီးမားကျယ်ပြန့်လာတဲ့ ကူးစက်မှု ဒဏ်ခံနေရတဲ့ နိုင်ငံတွေကို ကျနော်တို့ တတ်နိုင်တဲ့ အကူအညီတွေပေးဖို့ တရုတ်က ပိုပြီးအဆင်သင့်ဖြစ်ပါလိမ့်မယ်”ဟု ကြာသပတေးနေ့က ဂျီ-၂၀ ဗီဒီယိုကွန်ဖရင့် ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင်က ကမ္ဘာ့ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
တရုတ်၏ အမျိုးသားဆေးဝါး ထုတ်ကုန်အုပ်ချုပ်ရေးအဖွဲ့က ရောဂါရှာဖွေရေး ကိရိယာများ ရောင်းချရန် သောကြာနေ့ကအထိ ကုမ္ပဏီပေါင်း ၂၃ ခုကို အရေးပေါ် အတည်ပြုချက်ပေးခဲ့သည်။ ဇန်နဝါရီလကမူ ယင်းကဲ့သို့ ကုမ္ပဏီလေးခုသာ အတည်ပြုခဲ့သည်။
ကိုးကား။ ။ Nikkei Asian Reviews
You may also like these stories:
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ
ပိုက်ဆံကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း ဆေးပညာရှင်တွေ သတိပေး
မြဝတီနယ်စပ်မှ ဝင်လာသော ရွှေ့ပြောင်းလုပ်သား အများစုမှာ ပဲခူးတိုင်းသို့ ပြန်ကြ