စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာတွင် (Facility Quarantine) သတ်မှတ်နေရာတွင် ကျန်းမာရေး စောင့်ကြည့်မှု ခံယူနေရသူ ၁ ဦးသည် မတ်လ ၂၈ ရက်နေ့ညက ထွက်ပြေးခဲ့သော်လည်း ၂၉ ရက်နေ့တွင် ပြန်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထွက်ပြေးသွားသူမှာ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးအုပ်စု၊ ကူကြီးကျေးရွာမှ အသက် ၂၀ အရွယ် ရန်မျိုး(ခ) နိုင်မျိုးဝင်းဆိုသူ ဖြစ်ပြီး ၎င်းအား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဝက်လက်မြို့မ ရဲစခန်းမှ သိရသည်။
“အမှုဖွင့်ထားပါတယ်၊ ဖမ်းဆီးထားတာမျိုးတော့ မရှိသေးပါဘူး၊ မြို့နယ်ကျန်းမာရေးက လာပြီး အမှုဖွင့်ခဲ့တာပါ”ဟု ဝက်လက်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
၎င်းသည် ထိုင်းနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား တဦးဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကူကြီးကျေးရွာသို့ ပြန်လည်ရောက်ရှိလာသဖြင့် COVID -19 စောင့်ကြည့်နေရာ (Facility Quarantine အထကခွဲ သစ်ဆိမ့်) တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရာမှ မတ်လ ၂၈ ရက်နေ့ ည ၈နာရီခန့်တွင် ထွက်ပြေး ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထွက်ပြေးခဲ့သဖြင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်မှ မတ်လ ၂၉ ရက်နေ့တွင် ဝက်လက် မြို့နယ် မြို့မရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်လှစ်ခဲ့ရာ ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
“မနေ့က ပြန်တွေ့လို့ ရွာမှာပဲ(Facility Quarantine) စောင့်ရှောက်ထားပါတယ်၊ မန္တလေးတိုင်းဘက်ကို ထွက်ပြေး ခဲ့တာပါ” ဟု ဝက်လက်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောသည်။
၎င်းကို စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မူလ ထားရှိရာ COVID -19 စောင့်ကြည့်နေရာ (Facility Quarantine အထကခွဲ သစ်ဆိမ့်) သို့ ပြန်ပို့ထားကြောင်း၊ ထွက်ပြေးရသည့် အကြောင်း အရင်းကိုလည်း မသိရကြောင်း၊ အမှုဖွင့်ထားပြီဖြစ်၍ စောင့်ကြည့်ကာလ ၁၄ ရက်ပြီးပါက တရားရုံးတင်ရန် လုပ်ဆောင် မည် ဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်း၌ နိုင်ငံခြားမှ ပြန်လာသူများနှင့် နယ်စပ်မှ တဆင့် ပြန်လာသူများကို ကျေးရွာများအလိုက် သီးသန့်ထား၍ စောင့်ကြည့်နိုင်ရန် စီစဉ်ထားပြီး ပြည်တွင်းခရီးသွားရာမှ ပြန်လာသူများကိုလည်း Home Quarantine လုပ်ထားကြောင်း သိရသည်။ မြို့နယ်တွင် နိုင်ငံခြားမှ ပြန်လာသည့် စောင့်ကြည့်၂၃၃ ဦးရှိပြီး နေအိမ်စောင့်ကြည့် ၁၃၅ ဦး၊ သီးခြား ကန့်သတ်နေရာများတွင် ထားရှိ၍ စောင့်ကြည့်ထားသူ ၉၈ ဦး ရှိသည်။
ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရများကလည်း ပြည်ပနိုင်ငံများမှ ပြန်ရောက် လာသူများ အနေဖြင့် သတ်မှတ် နေရာတွင် ကျန်းမာရေး စောင့်ကြည့်မှု ခံယူကြရန် အသိပေး နှိုးဆော်ထားသလို လိုက်နာမှုမရှိပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူမှုများ လုပ်ဆောင် သွားမည်ဟု အသိပေး ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။
၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေအရ ပြည်ပမှ ပြန်ရောက် လာသူများ အနေဖြင့် ကျန်းမာရေးအရ အသွားအလာ ကန့်သတ်မှုအား ငြင်းဆန်ပါက ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ဒဏ်ငွေ ၅ သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
Home Quarantine ဆိုတာ လိုအပ်လို့သာ လုပ်ခိုင်းတာ ဖြစ်တယ်