COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ရန် မန္တလေးတိုင်းအတွင်း အခြေစိုက် ထွက်ခွာမည့် ခရီးသည်တင် ယာဉ်လိုင်းများ အားလုံး ယာဉ် ၁ စီးတွင် ခရီးသည် အရေအတွက် ထက်ဝက်သာ တင်ဆောင်ရန်နှင့် လက်ရှိ ယာဉ်စီးခနှုန်း ၏ ၂ ဆ ဖြင့် ရောင်းချရန် မန္တလေးတိုင်းအစိုးရအဖွဲ့က မတ် ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်သည့် လာမည့် ဧပြီ ၃၀ ရက်အထိ အကျုံးဝင်မည် ဖြစ်ပြီး မန္တလေးတိုင်းနှင့် မန္တလေးမြို့မှ ထွက် ခွာမည့် ခရီးသည်ယာဉ်များ၊ ဝင်ရောက်လာသည့် ယာဉ်အသင်းများ အားလုံး မဖြစ်မနေ လိုက်နာ ဆောင်ရွက် ရမည် ဟု ပါရှိသည်။
မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက “တိုင်းထဲက ယာဉ် လိုင်း အားလုံးကို ညွှန်ကြားပြီးပါပြီ။ ခရီးသည် ပိုတင်ခြင်း မရှိအောင်လည်း သက်ဆိုင်ရာ ကားကွင်းတိုင်းမှာ စစ်ဆေးမှု တွေ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဓိကက ခရီးသည်အရေအတွက် ထက်ဝက် လျှော့ချဖို့ပါပဲ။ လက်မှတ်နှုန်းထားက တက်သည် ဖြစ်စေ၊ မတက်သည် ဖြစ်စေပါ။ ဒီအပေါ်မှာ တချို့ကလည်း နားလည်မှုနဲ့ ခရီးသည်တွေကို ပုံမှန်နှုန်း အတိုင်း ပြေးပေး တာမျိုး ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း ယာဉ်လိုင်းတွေ ရပ်တည်နိုင်ဖို့အတွက် လက်မှတ်ခ တက်ချင်တက်နိုင် တယ်။ သို့သော် ၂ဆ ထက်ကျော် လွန်မတက်ဖို့ကိုပဲ စောင့်ကြည့်မှာပါ” ဟု ရှင်းပြသည်။
တိုင်းအစိုးရ၏ ရောဂါပိုး ထိန်းချုပ်နိုင်ရန် ခရီးသည်အရေအတွက် ထက်ဝက် လျှော့ချသည့်အပေါ် ထောက်ခံကြသော် လည်း ယာဉ်စီးခနှုန်းထား ၂ ဆ တက်သည့် ဆုံးဖြတ်ချက်အပေါ် မန္တလေး မြို့ခံအများစုက ဝေဖန်မှုများရှိကြသည်။
“ဒီလိုကားခ ၂ ဆ တက်တာက ကျန်းမာရေးအရ ဖြစ်စေ၊ လူမှုရေး အခက်အခဲ ဖြစ်စေ ကိုယ့်နေရပ်ကို မဖြစ်မနေ ပြန်ရ မယ့် အခြေခံလူတန်းစားအပေါ် ပိုဝန်ပိစေပါတယ်။ အခုကလည်း သင်္ကြန်ပိတ်ရက်ကာလကို ရောက်လာတော့မှာ ဖြစ် လို့ အများစုက နေရပ်ကိုပြန်မယ့် အနေအထားရှိပါတယ်။ ဒီကိစ္စကို ဒီလိုဆုံးဖြတ်တာဟာ အစိုးရက ပြည်သူ ဘက်ကို မရပ်တည်ဘဲ လုပ်ငန်းရှင်ဘက်ကို ပိုဦးစားပေး စဉ်းစားတဲ့ပုံပါပဲ” ဟု Public Affair Mandalay အရပ်ဖက် အဖွဲ့အစည်း တခု၏ ဒါရိုက်တာ ကိုညိုလင်းက ဧရာဝတီကိုပြောသည်။
ရွှေမန္တလာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက “လူအများစုက ဒီဗိုင်းရပ်စ် ကြောင့် အိမ်မှာ နေကြတာ ဖြစ်တဲ့အတွက် ခရီးသည်လည်း အရမ်းနည်းသွားသလို ငွေတိုးတောင်းဖို့လည်း ကျနော် တို့မှာ အခက်အခဲဖြစ်ရပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဆီဈေးကျသွားတာမှန်ပေမယ့် လုပ်ငန်း တခုလုံးကို နေ့စဉ် လည်ပတ်နေရတဲ့ စရိတ်စကတွေ၊ ဝန်ထမ်းလစာတွေနဲ့မို့ နှုန်းထား အပြောင်းအလဲအတွက် ကျနော်တို့ တိုင်ပင်နေ တုန်း ရှိပါသေးတယ်။ လက်ရှိတော့ ခရီးသည်တွေ သွားရေးလာရေး အဆင်ပြေအောင် ယာဉ်စီးခနှုန်း မပြောင်းဘဲ ပြေးဆွဲနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
COVID-19 ရောဂါကြောင့် မန္တလေး-ရန်ကုန် ခရီးစဉ်အတွင်း ခရီးသည်များ သွားလာမှုသည် လက်ရှိတွင် ၄၀ ရာခိုင် နှုန်းခန့် ကျဆင်းသွားပြီး မန္တလေးအခြေစိုက်မှ အခြားနယ်ဒေသများသို့ သွားလာမှုသည် ပုံမှန်အတိုင်း ရှိဆဲဖြစ်သည်ဟု သိရသည်။
ဆက်စပ်လင့်
မြန်မာက နိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ဧပြီကုန်ထိ ယာယီရပ်ဆိုင်း
Home Quarantine ဆိုတာ လိုအပ်လို့သာ လုပ်ခိုင်းတာ ဖြစ်တယ်