တပ်မတော်အနေဖြင့် တိုင်းပြည် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် အဆင့်သင့် ဖြစ်စေရန် အတွက် တပ်မတော် တပ် ရင်း၊ တပ်ဖွဲ့ များကို အရေးကြီး ကိစ္စရပ် မရှိလဲ တပ်ပြင်သို့ လုံးဝ မထွက်တော့ရန် ယနေ့ ညွှန်ကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“အရေးကြီးတဲ့ အကြောင်းကိစ္စ မရှိဘူးဆိုရင် မထွက်တော့ဖို့ ညွှန်ကြားထားတာပါ။ ကာကွယ်ရေး တာဝန် ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် ဖျားနာနေလို့ မရဘူး။ အဲဒါကြောင့် သတိနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယခုလို တပ်မတော်၏ အမိန့်ထုတ်ပြန် ညွှန်ကြားမှုသည် COVID – 19 စတင် ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် တရား ဝင် တပ်တွင်း ကန့်သတ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
တပ်မတော်က ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တပ်တွင်း အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း၊ အပြင်သို့လည်း တဦးတယောက်တည်း မဟုတ်ဘဲ အုပ်စုဖြင့်သာ ထွက်ခွာစေလျက်ရှိကြောင်း ထုတ်ပြန် ပြောဆိုပြီး ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်ထဲကို အဝင်အထွက်နဲ့ ပတ်သက်ပြီးတော့ လုံးဝ ပိတ်ထားတာတော့ မဟုတ်ဘူး။ တပ်ကနေ ထွက်ချင်ရင် အရေးကြီး ကိစ္စမှ အပ မထွက်ဖို့ ထပ်မံပြီးတော့ ညွှန်ကြားထားတာ ရှိတယ်။ ပြန်ဝင်တဲ့ အခါ မှာလည်း အစစ်ဆေးခံပြီးတော့မှ ပြန်ဝင်ဖို့ ညွှန်ကြားထားတာ ရှိတယ်”ဟု ပြောသည်။
တပ်မတော်သည် နိုင်ငံတော်၏ အဓိကကျသည့် အင်စတီကျူးရှင်း ဖြစ်၍ ပြိုလဲ၊ ယိုင်နဲသွား၍ မရကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ရမည် ဖြစ်သဖြင့် ဖျားနာနေ၍ မရကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။
ထို့ပြင် တပ်မတော်က အစိုးရဘက်က အကူအညီတောင်းလာပါက ပေးနိုင်ရန် အဆင်သင့် ပြင်ထားပြီး ယခုအခါ အစိုးရ ဘက်က မလုပ်နိုင်သည့် ကာကွယ်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ဘာသာရေး အဆောက်အဦ များ၊ ဈေးများ၊ လူများသည့်နေရာများကို တပ်မတော်က ဆေးဖြန်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်အလိုက် COVID – 19 ရောဂါပိုး ကာကွယ်ရေး လုပ်ငန်းများကို အသင့်ပြင်ထားပြီး နေရာများ လည်း ရှာထားကြောင်း၊ Quarantine လုပ်ရမည့်သူများ ထားရန် နေရာ၊ သံသယ လူနာများ ထားရန် နေရာနှင့် – ကုသရမည့် သူများအတွက် ဆေးရုံများတွင် ပြင်ဆင်ထားကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
“ကျနော်တို့ နယ်မြေမှာရှိတဲ့ ဆေးရုံတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လိုအပ်ချက်၊ သူတို့ အကူအညီ တောင်းခံလာရင်လည်း တိုင်းစစ်ဌာနချုပ်အလိုက် စုံစမ်းခိုင်းတာတွေ၊ ကူညီပံ့ပိုးဖို့အတွက် လုပ်နိုင်တဲ့ဟာတွေ လုပ်ပေးဖို့ ညွှန်ကြားထားတာ ရှိပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် စစ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုတင် ၅၀ ဆံ့ ဆေးရုံသို့ ကျပ် ၅ သိန်းနှင့် ကြက်ဥကပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်က ယင်းနေပြည်တော် ပုဗ္ဗသီရိဆေးရုံ၏ လိုအပ်ချက်များကိုလည်း မေးမြန်းခဲ့ပြီး ယခုလို လာရောက် လှူဒါန်းရခြင်းသည် စိတ်ဓါတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ပေးလို၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကပ်ရောဂါ အသွင်ဖြစ်နေသော COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိရသူ ၁၀ ဦး အထိ ရှိလာခြင်း၊ နိုင်ငံခြားမှနေရပ်ပြန်လာသူများပြားလာခြင်း၊ မြဝတီနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်ဝင်လာသူဦးရေ ၂၃၀၀၀ ကျော်ရှိပြီဖြစ်၍ ယင်းလူများတွင် ရောဂါကူးစက်ခံရသူများ ပါဝင်လာနိုင်ပြီး ကပ်ရောဂါအသွင်ဖြစ်ပွားရန် အလားအလာများပြားနေ၍ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန် အစိုးရက တိုက်တွန်းထားသည်။
လက်ရှိ အချိန်တွင် COVID – 19 ကူးစက်ခံရသူ ၇ သိန်း ၂ သောင်းကျော် ၊ ပြန်လည် ကောင်းမွန်လာသူ ၁ သိန်း ၅ ထောင်ကျော်၊ သေဆုံးသူ ၃ သောင်း ၄ ထောင်ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရုတ် ရောဂါရှာဖွေရေးကိရိယာများ၏ တိကျမှန်ကန်မှု နိုင်ငံအချို့မေးခွန်းထုတ်
ဝက်လက်မြို့နယ်မှ ထွက်ပြေးသည့် COVID-19 စောင့်ကြည့်လူနာကို ဖမ်းမိ