သုံးပတ်ကြာ တနိုင်ငံလုံး ပိတ်ဆို့မှု ပြုလုပ်ပြီးနောက် ထိုသို့လုပ်ဆောင်ရခြင်းသည် ပြင်းထန်လွန်းသော်လည်း ကိုရိုနာဗိုင်းရပ်ကို အနိုင်ရရေးအတွက် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက တနင်္ဂနွေနေ့တွင် ပြည်သူလူထုကို တောင်းပန်လိုက်သည်။
“ပြည်သူတွေရဲ့ ဘဝမှာ၊ အထူးသဖြင့် ဆင်းရဲသားတွေရဲ့ဘဝမှာ အခက်အခဲ ဖြစ်စေခဲ့တဲ့ ပြင်းထန်တဲ့ အစီအမံတွေကို လုပ်ဆောင်ရလို့ ကျနော်တောင်းပန်ပါတယ်” ဟု မိုဒီက အစိုးရ ရေဒီယိုမှ ထုတ်လွှင့်သည့် သူ၏ လစဉ်မိန့်ခွန်းတွင် ပြောသည်။
“ပြည်သူတချို့က ကျနော့်ကို စိတ်ဆိုးမယ် ဆိုတာကို ကျနော်သိတယ်။ ဒါပေမယ့် ဒီစစ်ပွဲကို အောင်နိုင်ဖို့ ဒီလိုပြင်းထန်တဲ့ အစီအမံတွေလိုအပ်နေတယ်” ဟုလည်း သူက ပြောသည်။
ဗုဒ္ဓဟူးနေ့က စတင်သက်ဝင်သော ယခင်မပြဋ္ဌာန်းဖူးသည့် ထိုအမိန့်သည် အိန္ဒိယနိုင်ငံသား ၁ ဒသမ ၃ ဘီလျံကို ဈေးများနှင့် ဆေးဆိုင်များ စသည့် မဖြစ်မနေသွားရမည့် ကိစ္စများမှအပ နေအိမ်တွင် နေထိုင်စေပြီး နိုင်ငံ၏ မပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွင် ဗိုင်းရပ်စ်ပိုးကူးစက်မှုကို တားဆီးရန် ရည်ရွယ်သည်။
အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်မှု ၈၆၇ မှု ရှိပြီး လူ ၂၅ ဦးသေဆုံးကြောင်း အိန္ဒိယ ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။ သန့်ရှင်းသောရေ ပုံမှန်မရသည့် မြို့ပြဒေသများတွင် လူသန်းဆယ်ပေါင်းများစွာ ကျပ်ကျပ်တည်းတည်း နေထိုင်ရသည့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် ရောဂါပျံ့နှံ့မှု ပြင်းထန်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ထိုသို့ ပိတ်ဆို့လိုက်ခြင်းကြောင့် လူငယ်နေ့စားလုပ်သား ထောင်ပေါင်းများစွာနှင့် ၎င်းတို့၏ မိသားစုများသည် နယူးဒေလီမှ နယ်အရပ်ရပ်ရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်ကြရပြီး နေ့စားလုပ်သား သန်းပေါင်းများစွာကို အလုပ်လက်မဲ့ဖြစ်စေသည်။
ရောဂါမကူးစက်သေးသော ဒေသများတွင် ဗိုင်းရပ်ပိုး မပျံ့နှံ့စေရေးအတွက် ကျယ်ပြန့်လှသော အိန္ဒိယနိုင်ငံ နယ်မြေများသို့ လူအများခရီးမသွားဘဲ နေအိမ်တွင်နေထိုင်စေရန် အစီအမံများချမှတ်ရေးကြောင့် အစိုးရအပေါ် ဖိအားများစွာ ကျရောက်နေသည်။
“ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာဟာ အိမ်လခ မပေးနိုင်တော့လို့ အိမ်ကနေ ထွက်ခွာကြရတယ်။ အစိုးရအနေနဲ့ ကြားဝင်ပြီး သူတို့တွေကို အိမ်လခ ချက်ခြင်းပေးဖို့ လိုအပ်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီက မိုဒီထံသို့ တနင်္ဂနွေနေ့က ပေးပို့သောစာတွင် ဖော်ပြထားသည်။
မိုဒီက သူ့အနေဖြင့် ကိုရိုနာဗိုင်းရပ်ကို တိုက်ပွဲဝင်ရာတွင် ထိုဆုံးဖြတ်ချက်မှ အပ အခြားရွေးစရာလမ်း မရှိတော့ကြောင်း ပြောသည်။
ကမ္ဘာ့အကြီးမားဆုံးဖြစ်သော ထိုပိတ်ဆို့မှုသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်ရသော သူများအတွက် ပိုမိုအခက်အခဲဖြစ်စေသည်။
ဆိုက်ကားသမားများ၊ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရသူများ၊ အိမ်အလုပ်သမားများ၊ နေ့စားလုပ်သားများနှင့် အခြား အလုပ်သမားများသည် အိန္ဒိိယ စီးပွားရေး၏ ကျောရိုးဖြစ်ပြီး အလုပ်အကိုင်အားလုံး၏ ၈၅ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း တရားဝင် စာရင်းများအရ သိရသည်။ အများစုမှာ တနေ့တာဝင်ငွေဖြင့် စားသောက်စရာဝယ်ယူကြရပြီး စုဆောင်းငွေမရှိကြပေ။
မရေတွက်နိုင်လောက်အောင် များပြားသူများမှာ အလုပ်မရှိတော့ဘဲ စားသောက်ရန် ရုန်းကန်နေကြရသည်။
နယူးဒေလီနှင့် အိမ်နီးချင်း အူတာပရာဒက်ရှ် ပြည်နယ်တို့သည် ရွှေ့ပြောင်းလုပ်သားများ နေရပ်ကျေးရွာများသို့ပြန်ရန် ဘတ်စ်ကားများ စီစဉ်ပေးရသည်။
နယူးဒေလီအရှေ့ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်နှင့် နယ်စပ်ရှိ အာနန်ဗီဟာ ဘတ်စ်ကားဂိတ်တွင် လူတန်းရှည်ကြီး တခုသည်သည် စစ်ဆေးခံရန် တနင်္ဂနွေနေ့က စောင့်ဆိုင်းနေကြရပြီး အူတာပရာဒက်ရှ်သို့ တံတားမှ ကူးကြရသည်။
ရက်ထရီယာ ဆွေယမ်ဆီဗက် ဆန်း ဟုခေါ်သည့် ဟိန္ဒူ အမျိုးသားရေးအုပ်စုမှ အလုပ်သမားများသည် မျက်နှာဖုံးများနှင့် သတင်းစာစက္ကူဖြင့်ထုပ်ထားသည့် ရိုတီများကို ဝေငှနေသည်။ အဖွဲ့ဝင် သန်းပေါင်းများစွာရှိသော ထိုအဖွဲ့ကြောင့် မိုဒီ၏ ဘာရာတီရာ ဂျနတာပါတီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
လူအများအပြားသည် ၎င်းတို့ပိုင်ပစ္စည်းများကို ဘိလပ်မြေထည့်သည့် ပလပ်စတစ်အိတ်များတွင် ထည့်ပြီး သွားလာနေကြပြီး ဆာရီဝတ်အမျိုးသမီများက ကလေးများကို ကျောပိုးသွားလာနေရသည်။ နောက်ထပ်လူ အများအပြား ရောက်လာမည်ဖြစ်ကြောင်း အာဏာပိုင်များပြောချိန်တွင် စနစ်ကျသော လူတန်းကြီးသည် ဖရိုဖရဲဖြစ်သွားသည်။
နယူးဒေလီမှ မိတ်ဆွေအုပ်စုတခုက ထရပ်ကားနောက်တွင် စားစရာအိုးတအိုး တင်ပြီး ရွှေ့ပြောင်းလုပ်သား ဘတ်စ်ကားများအတွက် ဝေမျှပေးနေသည်။
“လောလောဆယ် အစိုးရအကူအညီ ဒီမှာမရှိဘူး၊ ကျနော်တို့ဖာသာ အစားအသောက်တွေ အလကား ဝေနေတာ” ဟု စေတနာ့ဝန်ထမ်း ရာဂျက်ရှ် ဆင်းက ပြောသည်။
ခရီးသည်များနေရပ်ပြန်ရာတွင် အခက်အခဲများရင်ဆိုင်နေရကြောင်း ဒေသခံ ရဲအရာရှိ ရာဟူးက တရားဝင်ပြောသည်။
“ဘတ်စ်ကား မလုံလောက်ဘူး။ အူတာပရာဒက်ကို ဖြတ်ကျော်တဲ့သူတွေကို ဒေသအာဏာပိုင်တွေက တားမြစ်နေလို့ ဘတ်စ်ကားတွေက ခရီးသည်တွေသွားချင်တဲ့နေရာနဲ့ အနီးဆုံးမှာချထားပေးနေရတယ်” ဟု သူက ပြောသည်။
အသက် ၅၃ နှစ်အရွယ် လက်သမားဆရာ အာကေ ရှားမားသည် အရှေ့ပိုင်း ဂျာခန်ပြည်နယ်သို့ ပြန်နေပြီး ရေ၊ ချက်ပြုတ်စားစရာအိုးခွက်၊ စောင်တထည်နှင့် ဖျာတချပ်ကို သယ်ဆောင်ကာ အိမ်ပြန်နေသည်။ ဘတ်စ်ကားမရလျှင် ခြေလျင်ပြန်မည်ဖြစ်ပြီး အခက်အခဲကို ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ကို ပြသနေသည်။
“အရမ်းမဝေးဘူး။ နှစ်ရက်သုံးရက်ကြာရင် အိမ်ပြန်ရောက်မှာပဲ” ဟု သူက ပြောသည်။
ကိုးကား။ ။ AP
You may also like these stories:
တရုတ် ရောဂါရှာဖွေရေးကိရိယာများ၏ တိကျမှန်ကန်မှု နိုင်ငံအချို့မေးခွန်းထုတ်
ပိုက်ဆံကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း ဆေးပညာရှင်တွေ သတိပေး
နိုင်ငံတကာခရီးသွားများစွာ အာရှနိုင်ငံတွေမှာ သောင်တင်နေ