သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု ချစ်ခြင်း၊ မုန်းခြင်း မရှိဘဲ အမိန့်ချဟု ခရိုင် တရားသူကြီး ပြော

နေပြည်တော် လေဆိပ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးမိ၍ တရားစွဲခံရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုနှင့်ပတ်သက်ပြီး ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ အမိန့်ချမှတ်ခြင်း ဖြစ်ကြောင်း ဒက္ခိဏ ခရိုင် တရားသူကြီး ဦးတင့်လွင်က ပြောသည်။

၎င်းက“ဒီအမှုမှာ ဘယ်သူ့ကိုမှ ချစ်ခြင်း၊ မုန်းခြင်းမရှိပါဘူး။ ကျေနပ်တဲ့သူရှိမယ်။ မကျေနပ်တဲ့သူ ရှိမယ်။ မကျေနပ်တဲ့ သူ ရှိရင် အထက်တရားရုံးကို သတ်မှတ်ချိန်အတွင်း တက်နိုင်ပါတယ်”ဟု အမိန့်မချခင် ပြောကြားလိုက်သည်။

ယနေ့ နံနက် ၁၁ နာရီကျော်က တရားခွင်တွင် ဖြိုးကိုကိုတင့်ဆန်းပါ တရားခံ ၁၂ ဦးကို အမှု တခုချင်းဆီနှင့် ပတ်သက် ၍ ပုဒ်မ တခုကို ပြစ်ဒဏ် တခုဆီ မချမှတ်ခင် ခရိုင် တရားသူကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံး နှင့် နေအိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများ ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်နက်၊ မူးယစ်ဆေးဝါးများ အစရှိသည်တို့ကို တွေ့ရှိခဲ့သဖြင့် အမှုပေါင်း ၁၄ မှုဖြင့် တရားစွဲဆိုခံထားရသော ဖြိုးကိုကိုတင့်ဆန်းကို ယနေ့ အပြီးသတ်အမိန့်ချမှတ်ခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင်ဆန်း ကျူးလွန်ခဲ့သည့် အမှု ၁၄ မှုနှင့် ချမှတ်လိုက်သည့် ပြစ်ဒဏ်များမှာ လေဆိပ်တွင် မူးယစ်ဆေးဝါး တွေ့ရှိရ သော အမှုအတွက် ၅ နှစ်၊ လေဆိပ်တွင် လက်နက်တွေ့သည့်အမှုအတွက် ၆ လ၊ ဟိုတယ် ACE တွင် လက်နက်များ တွေ့ သည့်အမှုအတွက် ၃ နှစ်၊ သေနတ်ဒင်ထဲတွင် ICE ခေါ် မူးယစ်ဆေးဝါး တွေ့သည့်အမှုအတွက် ၁၀ နှစ်၊ ကြေး/ကော် ရင်ထိုးတံဆိပ်များ ပြုလုပ်သည့်အမှုအတွက် နိုင်ငံတော် အထိမ်းအမှတ် ပုဒ်မ (၇) အရ ထောင်ဒဏ် (၆) လ၊ ဒရုန်းနှင့် အရုပ်တွေ့ သည့်အမှုအတွက် (၁)လ ဖြစ်သည်။

လေဆိပ်တွင် စကားပြောစက်များ တွေ့ရှိသည့်အမှုအတွက် (၁)လ၊ ကားတွင် တံဆိပ်နှင့် မီးတန်းများတင်သည့် အမှုအ တွက် ၂ လ၊ ဝတ်စုံများ တွေ့သည့်အမှုအတွက် ၂ လ၊ ရန်ကုန် ဗဟန်းနေအိမ်တွင် မူးယစ်ဆေးဝါးတွေ့သည့်အမှု အတွက် ၅ နှစ်၊ ဗဟန်းနေအိမ် တွင် ယမ်းတောင့် ၃ တောင့်တွေ့သည့်အမှုအတွက် ၆ လ၊ သာကေတ ဟိုတယ် ACE တွင် လက်နက် များ တွေ့ရှိသည့်အမှု အတွက် ၆ လ၊ သာကေတ ဟိုတယ် ACE တွင် ဆေးပြားများတွေ့သည့်အမှု အတွက် ၅ နှစ်နှင့် သာကေတ ဟိုတယ် ACE တွင် ဆက်သွယ်ရေးစက်များ တွေ့ရှိသည့် အမှုအတွက် ၁ လတို့ဖြစ် ကြောင်း တရားသူကြီးက အမှုတခုချင်းဆီအလိုက် ချမှတ်ခံရသည့် ပြစ်ဒဏ်များအား အမိန့်ချခဲ့သည်။

ပြစ်ဒဏ် စုစုပေါင်း နှစ် ၃၀ ကျော် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ ဆက်စပ်သည့် တရားခံများမှာ ဖြိုးကိုကိုတင့်ဆန်းပါ ၁၂ ဦးစလုံးကို ယနေ့ သက် ဆိုင်ရာ အမှုအလိုက် တရာသူကြီးက အမိန့်ချခြင်း ဖြစ်ပြီး လွှတ်သူများရှိသကဲ့သို့ ချုပ်ရက်ဖြင့် ပြည့်သွားသူများလည်း ပါဝင်သည်။

တရားသူကြီး ဦးတင့်လွင်က“အားလုံးပဲ စောစောကပြောတဲ့ အတိုင်း ကျတဲ့သူလည်းရှိတယ်။ လွှတ်တဲ့သူလည်း ရှိ တယ်။ ချုပ်ရက်နဲ့ ပြည့်သွားတဲ့သူလည်း ရှိတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့သူက သတ်မှတ်တဲ့ ကာလအတွင်းမှာ အဆင့်မြင့်တရား ရုံးကို တက်နိုင်ပါတယ်”ဟု ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ဆက်စပ်သူများကို ချမှတ်သည့် ပြစ်ဒဏ်များမှာ များလွန်းသဖြင့် တရားမျှတမှု မရှိသဖြင့် ဟုဆိုကာ သက်ဆိုင်ရာ အထက်တရားရုံးများတွင် အယူခံတက်သွားမည် ဖြစ်ကြောင်း မိသားစုဝင်များက ပြောဆို သည်။

ဖြိုးကိုကိုတင့်ဆန်း နှင့်အတူ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဇော်ဝင်းထိုက်၏ ဇနီးဖြစ်သူ မနွယ်နီနိုင်က“ဆေးနဲ့ ပတ်သက်ပြီး ၅ နှစ်အထိ ချလိုက်တယ်။ ဒီဆေးဆိုတာ သူ့အိတ်ထဲမှာလည်း မရှိဘူး။ သူ့ ခန္ဓာကိုယ်ကလည်း မတွေ့ ဘူး။ တကယ်လည်း သုံးခဲ့တာလည်း မရှိဘူး။ ဒါပေမယ့် ၅ နှစ် အပြည့်ချခဲ့တယ်။ လက်နက်ဆိုရင်လည်း အဲ့ဒီလိုပဲ”ဟု ယနေ့ သတင်းထောက်များကို ပြောသည်။

မဆိုင်သည့် ပုဒ်မများအတွက် ချမှတ်သည့်  ပြစ်ဒဏ်များမှာ အလွန်များပြားကြောင်း၊ ထင်ထားသည့် ပြစ်ဒဏ်များနှင့် အလွန်ကွာခြားနေကြောင်း၊ မိမိ၏ ခင်ပွန်းဖြစ်သူမှာ သမိုင်းကြောင်းအရ ပြန်ကြည့်ပါကလည်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် ခဲ့စဉ်က နိုင်ငံ့ဂုဏ်အတွက်များစွာထမ်းဆောင်ခဲ့ဖူးကြောင်း၊ မြားပစ်နည်းပြ အဖြစ်ဆောင်ရွက်နေသောကြောင့် သမိုင်းကြောင်းကို ပြန်ကြည့်ပါက လုံးဝ အမည်းစက် မရှိခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် ၎င်း၏ ခင်ပွန်း အမှု ၄ ခုအတွက် ပြစ်ဒဏ် ၈ နှစ် ၇ လ ချမှတ်ခံရခြင်းကို မကျေနပ်သည့်အတွက် သက်ဆိုင် ရာ အထက်တရားရုံးကို အယူခံတက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရိုင်တရားရုံး၏ အမိန်ချမှတ်မှုနှင့် ပတ်သက်ပြီး တရားခံဘက်မှ  ဥပဒေအရခံစားခွင့်ရှိသည်များကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ တရားရုံးမှ အမိန့်ချမှတ်ပြီး ၆ လအတွင်း အယူခံတက်ခွင့်ရှိသဖြင့် အချိန်တိုအတွင်း ခရိုင် တရားရုံးမှ ချမှတ်လိုက်သည့် အမိန့်များအား မိတ္တူကူးယူ၍ မန္တလေးတိုင်းဒေသကြီး တရားရုံးသို့ အဆင့်ဆင့် တင်ပြ သွားမည်ဖြစ်ကြောင်း ဖြိုကိုကိုတင့်ဆန်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အောင်က ပြောသည်။

ရှေ့နေ ဦးမြင့်အောင်က“ကျနော်တို့ ဥပဒေအရ တရားခံတွေဘက်က ဥပဒေအရ ခံစားခွင့်ရှိတာအားလုံး ကျနော်တို့ ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ရှေ့နေတွေကလည်း ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိတယ်”ဟု ပြောဆို သည်။

ယင်းသို့ ချမှတ်လိုက်ခြင်းကို မကျေနပ်သည့်အတွက် ဥပဒေ လမ်းကြောင်းအတိုင်း တရားခံများဘက်မှ ခံစားခွင့်ရှိသည့် အခွင့်အရေးအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။

ယင်းအမှုနှင့်များနှင့်ပတ်သက်၍ ယနေ့ ချမှတ်သည့် တရားခံ ၁၂ ဦးတွင် ၃ ဦးမှာ အမှုရင်ဆိုင်နေရစဉ် ချုပ်ရက်နှင့် ပြည့်သွားသည့်အတွက် လွတ်မြောက်ခဲ့ပြီး၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇/၇၃ စွဲဆိုခံရသည့် ဒေါ်ဆွေဆွေမှာ ထောင် ဒဏ် ၁ လ (သို့မဟုတ်) ငွေကျပ် ၅ သိန်း ဒဏ်ကြေးဆောင်ရမည် ဖြစ်သဖြင့် ယနေ့ လွတ်မြောက်သူ ၄ ဦးရှိသည်။

ဖြိုးကိုကိုတင့်ဆန်း၊ မြတ်လင်းမိုးနှင့် ရန်အောင်စိုး ၃ ဦးတို့မှာ  ပြစ်ဒဏ် ၁၀ နှစ် အထက်ချမှတ်ခံရသည့် အတွက်  မန္တလေး အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး၊ ကျန်သူများကို ရမည်းသင်း အကျဉ်းထောင်သို့ ပိုဆောင်ခဲ့ကြောင်း ရှေ့နေ ဦးမြင့်အောင်၏ ပြောပြချက်အရ သိရသည်။

 

Loading