ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ပြီး မြဝတီ-မဲဆောက် ဂိတ်မှ ဝင်လာသူများတွင် ရောဂါပိုး ပါလာနိုင်ခြေရှိ၍ ကပ်ရောဂါကြီး (Big Outbreak) အသွင်ဖြစ်ရန် အလားအလာများနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ နံနက် အစောပိုင်းတွင် သတိပေး ထုတ်ပြန်လိုက်သည်။
မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှ မတ်လ ၂၃ ရက်နေ့က ပြန်လည်ဝင်ရောက်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူ အမျိုးသားတဦးတွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ပြန် လာသူများအား အသွားအလာကန့်သတ်ကာ စောင့်ကြည့်ခြင်းများ အရှိန်မြှင့် လုပ်ဆောင်ကြရန်လည်း တိုက်တွန်း ထား သည်။
ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ညနေပိုင်း အသစ်ထုတ်ပြန်လိုက်သည့် စာရင်းအရ Covid -19 ကူးစက်ခံရသူ ၄ ဦးထပ်မံတွေ့ရှိကြောင်း ထိုအထဲတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ တဦး ထပ်တွေ့ရပြီး ကူးစက်ခံထားရသူ စုစုပေါင်း ၁၄ ဦးရှိသွားပြီဖြစ်သည်။
ထိုင်းနိုင်ငံမှ ပြန်လာသူများအနက် ပထမဆုံး ရောဂါပိုးတွေ့ရှိခဲ့သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသားသည် ရန်ကုန် တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်တွင် နေထိုင်သူဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် ဖျားနာကာ ချောင်းဆိုး ခြင်း ရှိခဲ့သည့်အတွက် ဆေးရုံသို့ သွားရောက်ပြသရာမှ COVID-19 ကူးစက် ခံထားရသည်ဟု စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ထုတ်ပြန်ချက် အရ ထပ်တွေ့သည့် အမှတ် ၁၄ Covid-19 လူနာမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဘန်ကောက်မြို့မှ ပြန်လာသူဖြစ်ပြီး မယ်ဆိုင်-တာချီလိတ် မှတဆင့် ဝင်လာပြီး တာချီလိတ်တွင် ညအိပ်ကာ လေယာဉ်ဖြင့် မန္တလေးသို့ ရောက်ရှိလာကြောင်း ထိုမှတဆင့် ကျောက်မဲမြို့သို့ ကိုယ်ပိုင်ကားဖြင့် ပြန်ခဲ့ပြီး ၂၈ ရက်နေ့တွင် ရောဂါ လက္ခဏာများ ပြလာခြင်းဖြစ်ကြောင်း သိရသည်။
မြဝတီမှတဆင့် ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား အများစုမှာ ပဲခူးတိုင်းအတွင်းမှ ဖြစ်ပြီး စုစု ပေါင်း ၆ ထောင်ခန့် ရှိနေကာ ဒုတိယအများဆုံးမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့ ဖြစ်ပြီး တတိယအများဆုံးမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုရေး ဝန်ကြီး စောဘိုဘိုဝေမောင်က ပြောကြားထားသည်။
ပြီးခဲ့သည့် ၁၀ ရက်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက် အသီးသီးမှ ပြန်လည်ဝင်ရောက်ခဲ့သည့် လူဦးရေမှာ ၄ သောင်းခန့်ရှိနိုင်ပြီး မတ်လ ၂၁ ရက်နေ့မှ ယနေ့အထိ တရားဝင် ချစ်ကြည်ရေးအမှတ် ၂ တံတားမှပင် ဝင်ရောက်ခဲ့သူ သုံးသောင်းခွဲခန့် ရှိကြောင်း မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က လည်း ပြောပြသည်။
ဦးသန့်ဇင်အောင်က“ရန်ကုန်က ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့သူက ဆေးစစ်ချက်မှာတော့ ပိုးမတွေ့ဘူး အဖြေထွက်ထားပြီ၊ သူ့ကိုမိသားစုနဲ့တော့ ခွဲထားပြီး စောင့်ကြည့်နေတယ်၊ ထိုင်းကနေ ပြန်လာကြတဲ့ သူတွေအနေနဲ့ ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ပေးကြပါ၊ ပြည်သူလူထုကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက် တွန်း ချင်ပါ တယ်။ ဒီရောဂါဟာ ကြောက်စရာကောင်းတယ်ဆိုတာ သိပေမယ့် ကိုယ့်နိုင်ငံသားတွေပဲ ဆိုပြီး ပြန်လက်ခံ ပေးခဲ့ကြတာပါ”ဟု ပြောသည်။
မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်က ပြန်လည်ဝင်ရောက်သူများ ရှိနေပြီး ယနေ့တွင် မွန်းလွဲ ၁၂ နာရီအထိ ဦးရေ ၈၀၀ ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ကာ အစုအဖွဲ့အလိုက် ထပ်မံဝင်ရောက်မှုများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် မြဝတီမြို့၌ သံသယလူနာ ၂ ဦးရှိပြီး ၎င်းတို့၏ ဆေးစစ်ချက် ရလဒ်များအရ ပိုးမတွေ့ရှိကြောင်း၊ ဆေးရုံ တွင် စောင့်ကြည့်လူနာအဖြစ် ထားထားသူနှင့် သတ်မှတ်နေရာတွင် စောင့်ကြည့်လူနာအဖြစ် ဆောင်ရွက်ထားသူ ၇ ဦး ရှိကြောင်းလည်း သိရသည်။
မြဝတီ-မဲဆောက်ဂိတ်အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးဂိတ်မှလည်း ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ အများအပြား ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အဝင်များသည့် ၆ ရက်အတွင်း လူဦးရေ ၂ ထောင် ခန့် ရှိခဲ့ကြောင်း နေရပ်ပြန်လာသူများအား ကူညီဆောင်ရွက်ပေးနေသည့် ဦးထွန်း(မယ်ဆိုင်)က ပြောပြသည်။
ဦးထွန်း(မယ်ဆိုင်)က“တကယ်ကို စည်းကမ်းလိုက်နာတဲ့ နိုင်ငံတွေတောင်ဖြစ်နေတာ၊ စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာမှု အားနည်းတဲ့ ကျနော်တို့နိုင်ငံအတွက်တော့ အတော်ကို စိုးရိမ်စရာကောင်းပါတယ်၊ အီတလီနိုင်ငံလိုဖြစ်မှ လိုက်နာကြ မယ်ဆိုရင် ဘယ်လိုမှမမီနိုင်တော့ပါဘူး၊ အခုကတည်းက ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာ ပေးကြပါ”ဟု ပြောသည်။
တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးဂိတ်အား ထိုင်းအစိုးရအနေဖြင့် မတ် ၂၃ ရက်နေ့ကတည်းက တရားဝင်ပိတ် ထားခဲ့ကြောင်း၊ ရွှေ့ပြောင်း လုပ်သားများ နေ့စဉ်ရောက်ရှိလာမှုကြောင့် မတ်လ ၂၉ ရက်နေ့အထိ အကြိမ်ကြိမ်နှစ်ဖက် ညှိနှိုင်းကာ ဝင်ခွင့်ပြုပေးခဲ့သော်လည်း တရားမဝင် ဖြတ်ကူးသူများရှိနေသည့်အတွက် ယနေ့တွင် မယ်ဆိုင်ချောင်း တလျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြည့်နေကြကြောင်း ၎င်းက ပြောပြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်လည်း COVID-19 ရောဂါကူးစက်ခံရသူ ၂ ဦးတွေ့ရှိထားပြီး ချင်းရိုင်းခရိုင် ဆေးရုံကြီး သို့ ပို့ဆောင်ကုသလျက်ရှိကာ နှစ်နိုင်ငံဂိတ်အား လုံးဝပိတ်လိုက်ပြီးဖြစ်သည့် အတွက် ယနေ့ နံနက်မှ ထပ်မံရောက်လာ သူ ၁၀ ဦးခန့် တံတားထိပ်တွင် လတ်တလော ပိတ်မိနေကြောင်းလည်း သိရသည်။
ထိုင်းတနိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ယနေ့ နံနက်ပိုင်းအထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၅၂၄ ဦး ရှိလာပြီ ဖြစ်ပြီး ယနေ့ တနေ့တည်းတွင်ပင် ကူးစက်ခံရသူ ၁၃၆ ဦးတိုးကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံဘက်က ပြန်လွှဲပြောင်းပေးခဲ့သည့် အကျဉ်းကျနေရာမှ လွတ်မြောက်လာသူ ၉၂ ဦး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားကုသနေရသူ ၁၃ ဦး၏ ဆေးစစ်ချက်ရလဒ်အရ ပိုးမတွေ့ရှိကြောင်း သိရပြီး ဂိတ်တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူတချို့ကိုလည်း သီးခြားစောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
ပြည်ပမှပြန်လည်ဝင်ရောက်လာသူများနှင့် ပတ်သက်၍လည်း မြို့အသီးသီးတွင် ၁၄ ရက်ကြာ မိသားစုနှင့် သီးခြား ခွဲ ထားကာ စောင့်ကြည့်ရန် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေပြီး ညွှန်းကြားချက်များအပေါ် လိုက်နာမှုမရှိသူများအား တည်ဆဲ ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ဒေသန္တရအမိန့်များ ထုတ်ပြန် ထားသည်။