ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူညှင်းတောင်ကျေးရွာအနီး တောင်ခြေတွင် မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ခန့်က ဒေသခံ ၃ ဦး မြေမြုပ်မိုင်းနင်းမိပြီး ထိုအထဲမှ ၂ ဦးမှာ ခြေပြတ်သွားခဲ့ကြောင်း သတင်း ရရှိသည်။
မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကုလားချောင်းကျေးရွာသား အသက် ၄၇ နှစ်အရွယ် ဦးဝေဘန်းဖြူနှင့် မူညှင်းတောင် ကျေးရွာသားများဖြစ်သည့် အသက် ၅၃ အရွယ် ဦးကျော်အေးသိန်းနှင့် အသက် ၄၀ အရွယ် ဦးကျော်ဝင်းလှိုင်တို့ ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ကုလားချောင်းရွာသား ဦးဝေဘန်းဖြူသည် မူညှင်းတောင် ကျေးရွာ အနီးရှိ ၎င်းပိုင် တောင်ယာခင်းတွင် အလုပ်လုပ်နေရင်း အနီးရှိတောင်ကုန်းပေါ်သို့ သစ်ချောင်း ခုတ်ရန်သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး အဖော်ဖြစ်သူ တဦး က မူညှင်းတောင်ရွာ သားများကို ဖုန်းဆက်ပြီး အကူအညီ တောင်းခံခဲ့ကြောင်း ဒေသခံကျေးရွာများက ပြောသည်။
ယင်းနောက် မူညှင်းတောင်ရွာသားများမှာ မိုင်းနင်းမိ၍ ဒဏ်ရာ ရရှိသူ ဦးဝေဘန်းဖြူ အား ထမ်းခေါ်ရန်သွားရောက်စဉ် ၎င်း ယာခင်းအနီးရှိ တောင်ပေါ် အတက်တွင် နောက်ထပ် မိုင်းတလုံးပေါက်ကွဲကာ ရှေ့ဆုံးက လိုက်ပါလာသော ဦးကျော်အေး သိန်းနှင့် ဦးကျော်ဝင်းလှိုင်တို့မှာ အသီးသီး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသား များက ပြောသည်။
ဒဏ်ရာရရှိသူ ဦးကျော်အေးသိန်း၏ ဇနီးဖြစ်သူ ဒေါ်စံသိန်းနုက “မိုင်းနင်းမိလို့ ဒဏ်ရာတွေရတယ်ဆိုပြီး ဖုန်းဆက်တော့ ကျမ အမျိုးသားနဲ့ ရွာသား တွေက သူ့ကို ထမ်းခေါ်ဖို့ လိုက်သွားကြပါတယ်။ ကျမတို့လည်း နောက်ကပါတယ်။ မိုင်းကွဲတဲ့ နေရာကို မရောက်လိုက်ဘူး။ တောင်ပေါ်ကို တက်ခါနီးပဲ ရှိသေးတယ်။ နောက်ထပ် မိုင်းပေါက် ကွဲတယ်။ ကျမ အမျိုးသား က ရှေ့ဆုံးက ဆိုတော့ သူ့ကို ထိပြီး ခြေပြတ် သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မိုင်ပေါက်ကွဲမှု ဖြစ်ပွားသည့် မူညှင်းတောင်ကျေးရွာ အနီးဝန်းကျင် တောင်တန်းများတွင် ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်းက တပ်မတော် နှင့် AA အဖွဲ့တို့ နှစ် ဘက် စစ်ရေး လူပ်ရှားမှု ရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ဘယ်ခြေထောက် ပြတ်ထွက်သွားသည့် ဦးကျော်အေး သိန်းနှင့် ညာခြေတောက် ပြတ်ထွက်သွားသူ ဦးဝေဘန်းဖြူတို့ကို စစ်တွေ ဆေးရုံသို့ ပို့ဆောင်ကာ ကုသနေပြီး ၊ လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့သူ ဦးကျော်ဝင်းလှိုင် ကိုတော့ ရသေ့တောင် ဆေးရုံတွင် ကုသမှု ခံယူ နေရ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့် လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည် သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး ၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်း ဆီးခံရခြင်း ၊ နေအိမ်များ မီးရှုှုံ့ခံရမှုများ လည်း များပြား လာနေသည့် အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲ လည်း ဖြစ် သည်။