COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း အခြေခံ စားသောက်ကုန်များနှင့် ကျန်းမာရေး အထောက်အပံ့ ပစ္စည်း၊ ဆေးဝါးများကို ဈေးတင်ရောင်းချသူများအား ဧပြီလအတွင်း စတင် အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် က “အဓိက တော့ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆေးဝါး အထောက်အကူပြု ပစ္စည်းတွေ၊ ကျန်းမာရေးအထောက် အကူပြု ပစ္စည်းတွေက ဦးစားပေး ဖြစ်တယ်။ နောက်တခုကတော့ စားသောက်ကုန်တွေ ဖြစ်တယ်။ ကျနော်တို့ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနဲ့ အရေးယူဖို့ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဘယ်ဟာတွေက အထောက်အကူပြု ပစ္စည်းလဲ၊ ဒါတွေက ဈေးနှုန်းက ဘယ်လောက်ဆိုရင် ဈေးမြှင့် တယ်လို့ ပြောမလဲ၊ ကျနော်တို့ ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ဘူးလေ။ အခု အလွယ်ပေါ့ဗျာ။ ပြဿနာ အမြဲတက်နေတဲ့ Mask တို့ လက်သန့်ဆေးရည်တို့ အစရှိသဖြင့် ပစ္စည်းတွေလည်း အများကြီးပါ။ ဒါကြောင့် ကျန်းမာရေး ဦးစီးဌာန၊ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းတို့နဲ့ ညိုနှိုင်းပြီးတော့ ဆောင်ရွက်သွားရမယ်။ ဧပြီလဆို အရေးယူမှု စနိုင်ပြီ” ဟု ဆို သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဈေးကွက်အတွင်း၌ အခြေခံ လက်ကားဈေးနှုန်းသည် မည်မျှရှိသည့်အတွက် လက်လီဈေးနှုန်းသည် မည်မျှရှိသင့်သည်တို့ကို အသင်းအဖွဲ့များနှင့် ညိုနှိုင်း သုံးသပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမြင့်လွင်က ပြောဆိုသည်။
အဆိုပါ ဈေးနှုန်းများ ရရှိအတည်ပြုပြီးပါက အများပြည်သူသိရှိရန် ထုတ်ပြန်ပေးမည် ဖြစ်ပြီး ယင်းဈေးနှုန်းထက် ပိုမို ရောင်း ချပါက အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦး စီးဌာနက သိရသည်။
ဦးမြင့်လွင်က “တချို့ အခြေခံ စားသောက်ကုန်တွေက ဈေးနှုန်းတွေက မနေ့ထဲက ရပြီ။ တချို့ဟာတွေကျ ပြန်တွက်ချက်ဖို့ လိုတယ်။ ဥပဒေကို ကိုင်တွယ် သုံးစွဲပြီဆိုရင် ကျနော်တို့ဘက်က ခိုင်မာဖို့ လိုတယ်။ ထင်မြင်ယူဆချက် တခုနဲ့ ဥပဒေနဲ့ကိုင် တွယ်ပြီး လုပ်မယ်ဆိုရင် ဥပဒေရဲ့အကျိုးသက်ရောက်မှုကို ခံစားရမှာ ဖြစ်တယ်။ ဒါကြောင့် ချင့်ချိန်ရတာ ဖြစ်တယ်” ဟု ရှင်းပြသည်။
ထိုသို့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ရာတွင် လက်ရှိ ဖြစ်ပေါ်နေသော COVID-19 နှင့် ပတ်သက်သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချနေသူများကို ဦးစွာ အရေးယူ သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ဈေးမြှင့်တင် ရောင်းချနေသူများကိုလည်း အရေး ယူ ဆောင်ရွက်မည် ဖြစ်သည်။
အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေကို မတ် ၂၈ ရက်က နိုင်ငံတော် သမ္မတရုံးမှ အမိန့်စာ ထုတ်ပြန်ကာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
ထို ဥပဒေအရ ပုံမှန်ထက် ဈေးတင် ရောင်းချပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ၊ ငွေဒဏ် ကျပ် ငါး သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေ ပြဋ္ဌာန်းပြီးချိန်မှ စတင်၍ မြန်မာနိုင်ငံအတွင်း အခြေခံ စားသောက်ကုန်များကို ပုံမှန်ဈေးထက် ပိုမို ရောင်းချ နေခြင်းများ အပေါ် တိုင်ကြားမှာ အမှုပေါင်း ၂၀ ဝန်းကျင် ရှိပြီး ယင်းအနက် Mask နှင့် ပတ်သက်၍ တိုင်ကြားမှုမှာ အများ ဆုံး ဖြစ်သည်ဟု စားသုံးသူ ရေးရာ ဦးစီးဌာနက သိရသည်။
စားသုံးရေးရာဦးစီးဌာန ဝက်ဘ်ဆိုက်၌ တိုင်းနှင့်ပြည်နယ်အလိုက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ထားရှိကာ ယင်းဖုန်း နံပါတ်များအတိုင်း စားသုံးသူများ အနေဖြင့် ထုတ်ပြန်ပေးထားမည့် အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်း များသည် အမြင့်ဆုံး သင့်တင့်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချနေသည်တွေ့ ရှိပါက ငွေရပြေစာကဲ့သို့ အထောက်အ ထားဖြင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အွန်လိုင်းမှ ဈေးမြှင့်တင် ရောင်းချသူများကိုလည်း တိုင်ကြားပါက အထက်ပါ ဥပဒေနှင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဇော်မိုးခိုင်က “အခုချိန်မှာ ကမ္ဘာလုံးတခုလုံးရဲ့ အရေးပေါ် အခြေအနေပါ။ မြန်မာနိုင်ငံမှာလည်း ကပ်ရောဂါ အရေးပေါ် အခြေအနေ ဖြစ်နေပါတယ်။ ဈေးကွက်ကတော့ ရောင်းလိုအားနဲ့ ဝယ်လိုအားပါ။ ဒီလို အခြေအနေမျိုးမှာ မည်သူမဆို ဈေးကို သင့်တင်မျှတတဲ့ အမြတ်လေးတခု ယူပြီး တော့ ရောင်းစေချင်တယ်။ ကျနော်တို့ ပြည်သူ့ ကျန်းမာရေး လုပ်ငန်းကို ပါဝင်ကူညီပေးခြင်းဖြင့် ကုသိုလ်ယူကြပါလို့ ပြော ချင်ပါတယ်” ဟု ပြောဆိုသည်။
ပြည်တွင်း၌ ဆေးဝါးများကို ပြည်ပမှ ၉၀ ရာခိုင်နှုန်း တင်သွင်းနေရပြီး ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်း ကိရိ ယာများမှာ ၁၀၀ ရာခိုင်နှုန်း တင်သွင်းနေရသည်။
လက်ရှိတွင် COVID 19 ရောဂါပိုးအား ကြိုတင်ကာကွယ်ရန် အသုံးပြုကြသော ပိုးသတ်ဆေး၊ နှာခေါင်းစည်း၊ လက်သန့် ဆေးရည်များမှာ ဈေးကွက်အတွင်း ဝယ်လိုအားများ၍ ပြတ်လပ်ခြင်း၊ ဈေးနှုန်းမြှင့်တက်ရောင်းချခြင်းတို့ အပြင် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်ဈေးနှုန်းမှာလည်း ယခင်ထက် အနည်းငယ် ဈေးမြင့်တက်လာကြောင်း ဈေးကွက် အတွင်းက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
သက်သာသောနှုန်းဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်များ လှိုင်သာယာတွင် စရောင်း
အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်ရောင်းပါက တိုင်ကြားနိုင်