ပြည်ပနိုင်ငံများမှ ဧရာဝတီတိုင်း ဒေသကြီးသို့ ပြန်လည် ဝင်ရောက်လာသူများအနေဖြင့် သတ်မှတ်နေရာများ၌ ၁၄ ရက် သီးခြားနေထိုင်၍ စောင့်ကြည့်မှု ခံယူရမည် ဖြစ်ပြီး ထိုသို့မပြုလုပ်ဘဲ ထွက်ပြေး တိမ်းရှောင်နေပါက ဥပဒေအရ အရေးယူ မည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။
ပြည်ပနိုင်ငံများမှ ဧရာဝတီတိုင်းသို့ ပြန်လာကြသူများထဲတွင် ၁၄ ရက်တာ အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု (Community based facility quarantine) မခံယူဘဲ ထွက်ပြေး တိမ်းရှောင်သူများ ရှိနေသည့်အတွက် ထိုသူများကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အရေးယူသွားရန် ဧရာဝတီတိုင်း အစိုးရက ပြင်ဆင်နေခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက “စောင့်ကြည့်တယ် ဆိုတာက သူတို့ဆီမှာ ရောဂါပိုး ရှိလား၊ မရှိဘူးလား ဒါကို ကြည့်တာပါ။ သူတို့မှာ ပိုးမရှိတာ သေချာသွားရင် လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်။ ၁၄ ရက်အတွင်း ပိုးတွေ့တယ်ဆိုရင် ပျံ့နှံ့မှု မရှိအောင် အချိန်မီ ထိန်းချုပ်ဆောင်ရွက်နိုင်ဖို့ စီစဉ်တာပါ။ အဲဒါကို သူတို့က ထွက်ပြေးနေတော့ အကယ်၍ သူတို့ဆီမှာ ရောဂါပိုးရှိနေရင် သူတို့မိသားစုတွေ၊ ပတ်ဝန်းကျင်ကိုပါ အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စောင့်ကြည့်မှု မခံယူဘဲ ထွက်ပြေးရင် ဥပဒေ ၂ ခုနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ မအူပင်၊ ဟင်္သာတ၊ ပုသိမ်အပါအဝင် မြို့နယ် ၂၆ မြို့နယ်တွင် ပြည်ပမှပြန်လာသူများကို ၁၄ ရက် သီးသန့်ခွဲထား၍ စောင့်ကြည်သည့်နေရာ (Facilitty Quarantine Center) ၁၅၀ ခု ရှိပြီး ပြည်ပမှ ပြန်လာသူ ၆၆၃ ဦးကို သီးခြားခွဲထား၍ COVID –19 ရောဂါပိုးရှိမရှိ ကျန်းမာရေး ဝန်ထမ်းများက စောင့်ကြည့်နေကြောင်း သိရသည်။
သို့သော် အိမ်နီးချင်း တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ဧရာဝတီတိုင်းသို့ ပြန်လာသူ အရေအတွက်မှာ Quarantine Centre များတွင် စောင့်ကြည့်မှု ခံယူနေသည့် ပမာဏထက် ပိုမိုများပြားနေပြီး ပြည်တော်ပြန်တချို့မှာ ၎င်းတို့ နေထိုင်ရာ မြို့များ၊ ကျေးရွာများသို့ တိတ်တဆိတ် ပြန်လာခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ လာရောက် စစ်ဆေးပါက ပုန်း ရှောင်နေခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပုသိမ်မြို့၊ ကံသစ်ကံ သွေးလှူရှင်အသင်း ဦးဆောင်သူ ကိုအောင်ကြီးက “ပုသိမ်မှာဆိုရင် ပြည်ပက ပြန်လာသူ တချို့တွေက စောင့်ကြည့်မှု မခံဘူး။ အိမ်မှာ နေတယ်။ ပတ်ဝန်းကျင်ကလည်း သတင်း မပေးဘူး။ အဲဒီတော့ အုပ်ချုပ်ရေးပိုင်းက ဘာမှလုပ်လို့ မရဘူး။ တချို့ကျလည်း သတင်းပေးလို့ ကျန်းမာရေး ဌာနက အိမ်တွေ သွားစစ်တယ်။ အဲဒီကျတော့ သူတို့က ရှောင်နေတယ်။ ပြီးရင် အဲဒီလူတွေက လက်ဖက်ရည် ဆိုင်ထိုင်၊ လျှောက်သွားနေတာ။ အရမ်း စိုးရိမ်ဖို့ ကောင်းတယ်” ဟု ပြောသည်။
ပြည်ပမှ ပြန်လာပြီး စောင့်ကြည့်မှုခံယူရန် ပညာပေးပြောကြားသော်လည်း လိုက်နာခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်သူ များပြားလာသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိသည့်အတွက် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဧရာဝတီတိုင်းရှိ ခရိုင် ၆ ခုမှ အုပ်ချုပ်ရေးမှူးများကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က မတ်လ ၂၈ ရက်တွင် ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါကို တိုင်ကြားရမည့် ကူးစက်ရောဂါ အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။
၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး၂၀၁၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ အရ ကျန်းမာရေး ဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း ခံရသော အဖွဲ့အစည်း (သို့မဟုတ်) အရာရှိသည် ကူးစက်ရောဂါ ထိမ်းချုပ်ရေးနှင့် ပတ်သတ်သည့် အမိန့် ထုတ်ပြန်နိုင်ပြီး အဆိုပါ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ငွေဒဏ် ၅ သောင်းကျပ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်။
ထို့ပြင် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ တာဝန်ပေးအပ် ထားသော ဌာနဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တရပ်ရပ်ကို တမင် ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက “စောင့်ကြည့်မှုခံယူတယ်ဆိုတာက ကိုယ်တိုင်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက် စောင့်ရှောက်ရာကျပါတယ်။ ဒါကြောင့် ပြည်ပက ပြန်လာသူများ စောင့်ကြည့်မှုခံယူဖို့ မေတ္တာ ရပ်ခံ တိုက်တွန်း ပါတယ်” ဟု ပြောဆိုသည်။
ဧရာဝတီတိုင်း အစိုးရအနေဖြင့် စောင့်ကြည့်နေရာ Quarantine Centre များကို စနစ်တကျ ဆောင်ရွက်၍ လိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ်ရန်နှင့် စောင့်ကြည့်မှု မခံယူသူများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန် ပုသိမ်မြို့ခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
ကံသစ်ကံ သွေးလှူရှင်အသင်း ဦးဆောင်သူ ကိုအောင်ကြီးက “တိုင်းအစိုးရအနေနဲ့ စောင့်ကြည့်တဲ့ စင်တာတွေမှာ စောင့်ကြည့်မှုခံယူမယ့် လူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ ကူညီဆောင်ရွက်ပေးစေချင်တယ်။ ဒါက ကူးစက်မြန်တဲ့ ကပ်ရောဂါကြီး ဖြစ်နေတဲ့အတွက် လူတယောက်ကြောင့် အများ ဒုက္ခရောက်နိုင်တယ်။ အဲဒီတော့ အိမ်တွေမှာ တိတ်တဆိတ်ပြန်ပြီး နေချင်သလိုနေကြတဲ့ ပြည်ပက ပြန်လာသူတွေကို ဖော်ထုတ်ပြီး ညွှန်ကြားချက် မလိုက်နာရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်စေချင်တယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ပြည်ပမှ ပြန်လာသူများထဲမှ COVID 19 သံသယ လူနာ ၁၄ ဦး ဆေးရုံတက်ရောက်၍ ကုသမှုခံယူခဲ့ရပြီး အဆိုပါ ၁၄ ဦးအနက် ၁၁ ဦးတွင် ရောဂါပိုးမတွေ့ရှိရကြောင်းနှင့် ကျန် ၃ ဦးမှာ စစ်ဆေးမှုရလဒ် မထွက်သေးကြောင်း ဧရာဝတီတိုင်း ဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာန စာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဝက်လက်မြို့နယ်မှ ထွက်ပြေးသည့် COVID-19 စောင့်ကြည့်လူနာကို ဖမ်းမိ
မြဝတီနယ်စပ်မှ ဝင်လာသော ရွှေ့ပြောင်းလုပ်သား အများစုမှာ ပဲခူးတိုင်းသို့ ပြန်ကြ