ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာတောင်ညွှန့်မြို့နယ်၊ ၁၀၁လမ်းတွင် နေထိုင်သည့် COVID-19 ပိုးတွေ့လူနာ ၁ ဦး ဖြစ်သူ အသက် ၆၉ နှစ် အရွယ် အမျိုးသားကြီးသည် ယနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက “မှန်ပါတယ်ခင်ဗျ။ ၇ နာရီ ၄၀ မိနစ်ကပဲ ဆုံးပါတယ်။ ဒါပေမယ့် COVID -19 ကြောင့်ဆုံးသလား၊ ဘာလား ဆိုတာကိုတော့ ဆေးရုံက ဓာတ်ခွဲ အဖြေရှာနေပါတယ်။ သူ့မှာကလည်း ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်နေတာဆိုတော့ ဆေးရုံကတော့ ဘာကြောင့်ဆုံးတယ်ဆိုတာ အဖြေသိနိုင်ဖို့အတွက် ဓာတ်ခွဲဆောင်ရွက်နေပါတယ်။”ဟု ဧရာဝတီသို့ အတည်ပြုသည်။
အခြားမိသားစုဝင်များမှာ ယနေ့အထိ ကျန်းမာရေးကောင်းမွန်လျက် ရှိသည်ဟုလည်း ၎င်းက ရှင်းပြသည်။
ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း “ဒီလူနာက နဂိုကတည်းက နှာခေါင်းကင်ဆာနဲ့ အထူးကြပ်မတ်ကုသဆောင်(ICU)မှာ ထားပြီး အတတ်နိုင်ဆုံး ကုသနေရတဲ့သူပါ၊ ကင်ဆာဖြစ်တဲ့သူ ၁ ယောက်က ပုံမှန်လည်း အဆုတ်အပြင် ကိုယ်တွင်းအစိတ်အပိုင်းတွေက အားနည်းပါတယ်၊ တိတိကျကျပြောရရင် သူသေဆုံးရတာက COVID-19 ရောဂါအပြင် နဂိုရောဂါခံဖြစ်တဲ့ နှာခေါင်းကင်ဆာကြောင့်လည်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူသည် ပိုးမတွေ့မီကတည်းက နှာခေါင်းကင်ဆာ အဆင့် ၄ ကို ခံစားနေရသူလည်းဖြစ်ပြီး ပြည်ပတွင် ဆေးကုသမှု ခံယူပြီး ပြန်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ရာ ဝေဘာဂီဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသမှု ခံယူနေခဲ့သူ ဖြစ်သည်။
အဆိုပါ အမျိုးသားကြီးအား အနီးကပ် ရှိနေခဲ့သူ အမျိုးသား ၁ ဦးတွင်လည်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ဝေဘာဂီဆေးရုံကြီးတွင်ပင် ကုသမှုခံယူနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၉ ရက် ညက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့လူနာမှာ ၁၄ ဦးရှိလာပြီဖြစ်သည်။
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်