ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံးများတွင် စစ်ဆေး ကြားနာမှုများအား ၁ လ ကြာ ဆိုင်းငံ့ထားမည့် အစီအစဉ် ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး ဧပြီ ၁ ရက်နေ့က စတင်ကာ အမှုများအား ကြားနာစစ်ဆေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က မတ် ၃၀ ရက်နေ့ ညနေပိုင်းက ကြေညာလိုက်သည်။
အမှုစစ်ဆေးခြင်းများအား ဆိုင်းငံ့ထားမည် ဆိုပါက တရားရုံးများတွင် အမှုကြန့်ကြာမှုများ ဖြစ်လာနိုင်သဖြင့် ရာဇဝတ် မှုနှင့် တရားမမှု မှုခင်းများအား မူလအတိုင်း ကြားနာစစ်ဆေးရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းလည်း ပြောထားသည်။
ယခင်က COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တွင် ဧပြီ ၃၀ ရက်အထိ ချိန်းဆိုထားမှုများအား ဆိုင်းငံ့ကြောင်းနှင့် တရားရုံးအသီးသီးတွင်လည်း ကြားနာမှုများအား ဆိုင်းငံ့ကာ အချုပ်သားပါဝင်သည့် အမှုများအား အင်းစိန် အကျဉ်းထောင်၌သာ ရုံးချိန်း သတ်မှတ်ချိန်းဆိုရန် မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
တရားရုံးများ ပြန်လည်ဖွင့်လှစ်ကာ အမှုစစ်ဆေးမည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အမှုသည်များ၊ သက်သေများ၊ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများသည့် နေရာစုံမှ လာရောက်ရမည်ဖြစ်ပြီး လတ်တလောအခြေအနေအရ COVID-19 ရောဂါ ကူးစက်မှု မြင့်တက် လာနိုင်သည့်အတွက် ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်ပေးရန် ဥပဒေရေးရာ ကုစား ရေးအဖွဲ့(မြန်မာ)က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။
ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ) ဒါရိုက်တာဖြစ်သူ ဒေါ်လှလှရီက “အခုချိန်မှာ ရုံးတွေမှာ ဆက်ပြီးစစ်မယ်ဆိုတာ အရမ်းကို စိုးရိမ်ရတယ်၊ COVID-19 ကို ဖြန့်ဝေတဲ့ အနေအထား ရောက်သွားမှာ စိုးရိမ်ပါတယ်၊ ကူးစက်မှုနှုန်းက မြင့် တက်လာချိန်မှာ ရုံးဖွင့်ပြီးစစ်ရင် ပြည်သူတွေကို ကူးစက်မှု ပိုဆိုးလာမှာဖြစ်လို့ ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးဖို့ မေတ္တာရပ်ခံတာပါ”ဟု ပြောသည်။
တရားရုံးဖွင့်လှစ်ကာ အမှု ဆက်လက်ကြားနာရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ကြေညာထားသော် လည်း ကြားနာမှုများ ဆိုင်းငံ့ထားသည့် အခြားတိုင်းနှင့်ပြည်နယ် တရားလွှတ်တော်များက ဆိုင်းငံ့မှုအား ဖျက်သိမ်း ကြောင်း ထုတ်ပြန်ကြေညာချက်များ မတွေ့ရသေးပေ။
ဆက်လက်ကြားနာရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများ အနေဖြင့် လူအင်အား၊ ပစ္စည်း အင်အား လုပ်ငန်းစဉ် စသည့် အချက်အလက်များအား ကိုယ်တိုင် ပါဝင်နေသူများ၏ မှန်ကန်စွာတင်ပြမှု အပေါ်မှာသာ ဆုံးဖြတ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်ကပြောသည်။
ဦးကျော်ကျော်ထိုက်က “ နိုင်ငံခေါင်းဆောင်က လုပ်ဆိုရင်တော့ ပြည်သူက နာခံရမှာပဲ၊ မှန်တယ်မမှန်ဘူး ဆိုတာ ကတော့ အချိန်တန်ရင် နိုင်ငံခေါင်းဆောင်က တာဝန်ခံရမှာပါပဲ၊ အစဉ်အဆက် အစီရင်ခံချက် အပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ကြတာ မပြင်နိုင်သေးဘူး”ဟု ပြောသည်။
အမှုနှင့်မသက်ဆိုင်သူများ တရားရုံးသို့ လာရောက်ခြင်းအား လုံးဝကန့်သတ်ထားပြီး တတ်နိုင်သမျှ လူဦးရေ လျော့နည်းအောင် ဆောင်ရွက်ရန်နှင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဖျားနာ၊ ချောင်းဆိုးလက္ခဏာ ရှိသူများ တရားခွင်သို့ လာရောက်ခွင့်မပြုရန်လည်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ကြေညာထားသည်။
ယင်းအပြင် တရားရုံးအတွင်း လူများထိတွေ့မှုများသည့် နေရာများအား သန့်ရှင်းရေး ပြုလုပ်ရန်နှင့် လက်သန့် ဆေးရည်နှင့် လက်ဆေးနိုင်မည့်နေရာများ ပြင်ဆင်ထားရန်လည်း ညွှန်ကြားထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ ၁၄ ဦးရှိလာပြီဖြစ်ပြီး ၁ ဦးမှာ ယနေ့ မနက်က သေဆုံးသွားခဲ့ရာ လူစုလူဝေးနှင့်ကျင်းပသည့် ပွဲလမ်းသဘင်များ မပြုလုပ်ရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် သက်ဆိုင်ရာ အစိုးရဌာနများက ညွှန်ကြားထားသည်။
ဆက်စပ်ဖတ်ရှုရန် –
အကျဉ်းထောင်များတွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေဟုဆို
လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ