ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မှ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် လူနာအား ကျန်းမာရေး စောင့်ရှောက်မှု ပိုမို ပေးနိုင်ရန်အတွက် လားရှိုးမြို့ဆေးရုံသို့ ယနေ့ လွှဲပြောင်း ပေးလိုက်ပြီဟု သတင်းရရှိသည်။
ကျောက်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က “ကျောက်မဲခရိုင်ကနေ ရှမ်းမြောက်ပိုင်း လားရှိုးကို လွှဲပေးလိုက်တာပါ။ ကျောက်မဲမှာက ကျန်းမာရေး ဝန်ထမ်းတွေ မပြည့်စုံတာရယ်၊ ဆေးဝါးစမ်းသပ်တဲ့ ကိရိယာတွေကတော့ လားရှိုးလောက် မရှိဘူးလေ။ ကျောက်မဲကနေ ရှမ်းမြောက်မြို့တော်ဖြစ်တဲ့ လားရှိုးကို လွှဲရခြင်း ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်”ဟု ပြောသည်။
ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းတွင် အမှတ်စဉ် ၁၄ ဖြစ်သည့် ၎င်းလူနာသည် လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေ မရှိဘဲ ကောင်းမွန်နေသော်လည်း ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုကြီးကြပ် စောင့်ကြည့်နိုင်ရန် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းရခြင်း ဖြစ်သည်ဟုလည်း ဦးစိုင်းထွန်းအောင်က ရှင်းပြသည်။
အသက် ၂၄ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသား လူနာသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တဆင့် မြန်မာနိုင်ငံသို့ မတ် ၂၅ ရက်တွင် ပြန်ရောက်လာပြီးနောက် တာချီလိတ်မြို့တွင် ၂ ည တည်းခိုခဲ့သည်။ တာချီလိတ်မြို့မှ တဆင့် မန္တလေး မြို့သို့ လေယာဉ်စီးလာပြီး မန္တလေးမြို့မှ ကျောက်မဲမြို့၊ နေအိမ်သို့ ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။
ပြန်ရောက်လာပြီးနောက် အလွန်အမင်းအန်ခြင်း၊ ချောင်းဆိုးခြင်းများ ခံစားလာရသဖြင့် ကျောက်မဲမြို့၊ ပြည်သူ့ ဆေးရုံသို့ မတ် ၂၈ ရက်က လာရောက် ပြသခဲ့သဖြင့် ဓာတ်ခွဲစစ်ဆေးရာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းကလည်း ၎င်းလူနာအမှတ် ၁၄ ၏ မိသားစုဝင် ၄ ဦးမှာ လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများ ဖြစ်သဖြင့် ၎င်းတို့နေအိမ်တွင် ခြေချုပ်ထားကာ စောင့်ကြည့်ထားပါသည်ဟု ပြောသည်။
ဦးနိုင်ဝင်းက “သူ့မိသားစု၊ အဖေ၊ အမေ၊ ညီမလေးနဲ့ တူလေးရယ်ကို သူတို့အိမ်မှာပဲ Quarantine လုပ်ထားတယ်။ ပစ္စည်းတွေ စားစရာတွေ အကုန် ထောက်ပံ့ပေးထားတယ်။ ဗီနိုင်းတွေ ကပ်ပြီးလည်း အိမ်ရှေ့မှာ ကြေငြာ ပေးထား တယ်”ဟု ပြောသည် ။
လက်ရှိတွင် နိုင်ငံရပ်ခြားမှ ပြန်လာပြီး ကျောက်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအလိုက် ခြေချုပ် (Community Quarantine) ထားရှိသူ ဦးရေ ၇၀၀ ကျော် ရှိကြောင်း၊ ကျောက်မဲမြို့တွင် ၃ နေရာခွဲ၍ စာသင်ကျောင်းများတွင် နေရာ ချထားပေးပြီး ကျေးရွာများတွင်လည်း သီးခြားခွဲထားသည်ဟု သိရသည်။
“အစားအသောက်ကို မြို့နယ်ကော်မတီကနေ မနက်၊ နေ့လည်စာ၊ ညနေ စီစဉ်ပေးတယ်။ အသုံးအဆောင် စောင်၊ ပစ္စည်းတွေ ကျနော်တို့ စီစဉ်ပေးထားပါတယ်။ ရန်ပုံငွေက မြို့က အလှူရှင်တွေရဲ့ အလှူငွေနဲ့ စီစဉ်ပေးနေတာပါ။ မြို့မှာ မြို့မိမြို့ဖတွေနဲ့ ဖွဲ့ထားတဲ့ ကော်မတီက အလှူခံပါတယ်”ဟု ဦးနိုင်ဝင်းက ပြောသည်။
Home Quarantine လုပ်ထားသူများကို တအိမ်ထောင်လျှင် ဆန် ၁၂ ပြည်၊ ဆီ ၂ ပိသာ၊ ကြက်သွန် ၂ ပိသာ၊ အာလူး ၂ ပိသာ၊ ဆား ၁ပိသာ၊ ကြက်ဥ အလုံး ၃၀ စီ ပေးထားသည်ဟုလည်း သိရသည်။
၎င်းတို့အား စားသောက်ရေး စီစဉ်ပေးရန် မြို့မိမြို့များ၊ ကျောက်မဲမြို့တွင်း နေထိုင်သူများနှင့် အခြားအလှူရှင်များ လှူဒါန်းသည့် ငွေများဖြင့် ဆောင်ရွက်ပေးနေပြီး လက်ရှိတွင် COVID-19 ကာကွယ်ကုသရေးအတွက် အလှူငွေ သိန်း ၅၀၀ ခန့် ရရှိထားပြီဟု သိရသည်။
ကျောက်မဲမြို့၊ ဇီဝိတလူမှုကူညီရေးအသင်း၊ ဥက္ကဋ္ဌ ဦးတင်မောင်သိန်း ကလည်း ကျောက်မဲတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူများ ထပ်မံ ရှိလာပါက ထားရှိနိုင်ရန အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့များနှင့် မြို့သူ မြို့သားများ ပူးပေါင်းပြီး ဆေးရုံဟောင်း တခု ကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ထားသည်ဟု ပြောသည်။
ကျောက်မဲမြို့အဝင်တွင် လမ်းသွယ် ၆ ခု ရှိသည့်အနက် လမ်း ၅ လမ်းကို ပိတ်ဆို့ပြီး မြို့ကို အဝင်အထွက် ပြုလုပ် သူများအား ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ အဖျားတိုင်းခြင်းများ နေ့စဉ် ပြုလုပ်နေသည်ဟုလည်း သိရသည်။
လက်ရှိအချိန်ထိ ကျောက်မဲမြို့နယ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး COVID-19 ရောဂါ လက္ခဏာများ ရှိသည်ဟု သံသယ ရှိသူ နောက်ထပ် ၁ ဦး ရှိပြီး ၎င်းကို စစ်ဆေးရန် ဓာတ်ခွဲနမူနာ ပို့ထားကာ အဖြေစောင့်ဆိုင်းနေသည်ဟုလည်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရသူ ၁၄ ဦး ရှိသည့်အနက် အသက် ၆၉ နှစ်အရွယ် လူနာ အမျိုးသားကြီးမှာ ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဝေဘာဂီ ဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန် ထားသည်။
ဆက်စပ်လင့်
၁၄ ရက် ကွာရန်တင်းသမားများအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ရဲ့ အိတ်ဖွင့်ပေးစာ
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ