သတင်း

ရနောင်းရောက် မြန်မာလုပ်သားများ Mask မတပ်ပါက ဖမ်းဆီးခံရမည်

ထိုင်း- မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ Mask မတပ်ပါက ဖမ်းဆီး ခံရမည်ဟု FED,MEC အလုပ်သမား ပညာပေးစင်တာ၊ ကော့သောင်းရုံးအဖွဲ့မှူး ဦးမိုးဝေက ဧရာဝတီသို့ ပြောသည်။

ထိုအမိန့်ကို ရနောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးှနှင့် နယ်ခြားစောင့်တပ် အမှတ် ၅ တို့က ပူးတွဲထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ၎င်းအမိန့်ကို ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးမည်ဟု သိရသည်။

ဦးမိုးဝေ က “အလုပ်ရှင်တွေ အနေနဲ့ ကိုယ့် အလုပ်သမားတွေကို တာဝန်ယူရမယ်၊ အလုပ်သမားတွေ အိမ်အပြင် ထွက်လို့ မျက်နှာအုပ် မဝတ်ဆင်ရင် အဲဒီအလုပ်သမားတွေကိုဖမ်းမယ်၊ ရနောင်းမှာအလုပ်လုပ်ခွင့်၊ ဆက်နေခွင့် တွေကို ရုတ်သိမ်းမယ်။ သက်တမ်းတိုးခြင်းကို မပေးတော့ဘူးလို့ ထုတ်ပြန်လိုက်တယ်” ဟု ပြောသည်။

ဧပြီ ၁ ရက်နေ့မှ စတင်ကာ ရနောင်းတွင် ရဲဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ထိုင်းစစ်တပ်တို့မှ စစ်ဆေးရေး ဂိတ်များ ချကာ လူတိုင်းကို Mask များ တပ်ဆင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး Mask တပ်ဆင်ထားခြင်း မရှိသော မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူမည်ဟု ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးက စာထုတ်ထားသည်။

ထိုစာတွင် ရနောင်းမြို့အတွင်း ဝင်ရောက်လာမည့်သူများသည် ၃ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်း ကြောင်း ဆေးထောက်စာ ပါရှိရမည်ဖြစ်ပြီး ၁၄ ရက် သီးခြား နေထိုင်ရမည် ဆိုသည့် စည်းကမ်းချက်များလည်း ပါဝင်ကြောင်း သိရသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမားအရေးနှင့် မှတ်တမ်းတာဝန်ခံ ဦးမင်းဦး က” ကျနော်တို့ ဖန်ငခရိုင်တို့ ဘာတို့ဆိုရင် မျက်နှာဖုံးမတပ်ဘဲ အပြင်ထွက်လာလို့ရှိရင် ရပ်မိရပ်ဖတွေက ဖမ်းပြီး ဘတ်ငွေ ၂၀၀ ဒဏ်ရိုက်တယ်။ ရနောင်းကတော့ မြို့ကြီးတာဆိုတော့ သတင်းအမှားတွေ လွှင့်တဲ့ကိစ္စ တင်း ကျပ်ထားတယ်။ တကယ်လို့ လွှင့်တယ်ဆိုရင် ထောင်ဒဏ်နဲ့ ငွေဒဏ်ဆိုတာလည်း ပြဌာန်းထားပြီးသား” ဟု ပြောသည်။

ထိုင်းဘက်မှ စည်းကမ်းတင်းကျပ်ထားသော်လည်း ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက်များ ပိတ်ခြင်းကြောင့် ခိုးဝင် ခိုးထွက်နေကြသူများ နေ့စဉ်လိုလို ရှိနေသေးကြောင်း၊ ဗီဇာသက်တမ်းကုန်နေပြီး နေရပ်ပြန်ရေးအတွက် အလုပ် ထွက်ထားသည့် မြန်မာနိုင်ငံသားများလည်း ထိုင်းနိုင်ငံတွင် ထောင်ဂဏန်းခန့် ရှိနေသေးကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ဦးမိုးဝေက “ထိုင်းဘက်ကနေ ခိုးထွက်တာတွေ အခုထိရှိနေတယ်။ အရင်ဖမ်းမိထားတာနဲ့ အခုလက်ရှိဖမ်းမိထား တာ အားလုံးပေါင်းရင် ၁၀၃ ယောက်ရှိတယ်။ ဒီနှစ်ကုန် ပြန်လွှတ်ဖို့ပေါ့။ ဒါပေမယ့် မြန်မာဘက် အခု နိုင်ငံခြား ရေး ဝန်ကြီးကို အသိပေးပြီး နှစ်ဘက်ညှိနှိုင်းပြီးမှ လက်ခံမယ်လို့ ပြောတယ်” ဟု ပြောသည်။

ရနောင်းတွင် အလုပ်လုပ်နေကြသည့် မြန်မာလုပ်သားပေါင်း ခန့်မှန်းခြေ ၈၀၀၀၀ နှင့် တသိန်းခွဲကြားတွင် ရှိကြောင်း၊ ၎င်းတို့အနက်မှ ပြန်လာသူဦးရေက ၃၀၀၀ ကျော်ရှိနေပြီး ၂၇ ဦးကို Home Quarantine လုပ်ထားရ ကြောင်း ရွေ့ပြောင်းအလုပ်သမားပညာပေးစင်တာမှ သိရသည်။

မြန်မာနိုင်ငံသားများသည် ရနောင်းတွင်ရှိသည့် ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အထွေထွေ ရောင်းဝယ်ရေး ဈေးဆိုင်များ၌ အများဆုံး ဝင်ရောက်လုပ်ကိုင်ကြသည်။

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းမှ အလုပ်အမှုဆောင် ဦးချားလ်မျိုးသန့်က”အလုပ်သမား တွေကို ကိုယ့်အလုပ် ကိုယ်လုပ်ပြီး မပြန်ဖို့ သက်ဆိုင်ရာက ပြောထားတယ်။ တကယ်လို့ အလုပ်သမားတွေက ပြန်လာမယ်ဆိုရင်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရပြီးမှ ပြန်လာဖို့အတွက်ကို အေဂျင်စီတွေဘက် ကလည်း အတတ်နိုင်ဆုံး သံအရာရှိတွေနဲ့ ပူးတွဲပြီး လုပ်ပေးမှာပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေမှာ တနေ့ထက်တနေ့ တိုးပွားလျက်ရှိသည့်အတွက် အစိုးရ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနှုန်း ထိန်းချုပ်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် မတ်လ ၂၅ ရက်နေ့ တွင် ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က ထိုင်းနိုင်ငံအား တနိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။

ထိုကြေငြာချက်တွင် ရှောင်ရန်၊ ဆောင်ရန် နှင့် တိုက်တွန်းချက် ဟူ၍ အပိုင်း ၃ ပိုင်း ပါရှိပြီး ဒေသအလိုက် မြို့တော်ဝန်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများကို လုပ်ပိုင်ခွင့် အာဏာများကို လွှဲအပ်ခဲ့ပြီး ပြစ်ဒဏ်များကိုပါ ချမှတ် ခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ပူး ပေါင်း ဆောင်ရွက်ရန် လိုအပ်ပြီး မိမိတို့ ရောက်ရှိနေသည့် နေရာဒေသရှိ အာဏာပိုင်များမှ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို သိရှိအောင် လေ့လာကြရန်နှင့် ထိုင်းနိုင်ငံသားများနည်းတူ လိုက်နာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည် မတ် ၃၁ ရက်၌ ၁ဦး ထပ်မံသေဆုံးခဲ့ရာ ယခုဆိုလျှင် သေဆုံးသူ ၁၀ ဦးအထိ ရှိပြီး စမ်းသပ်စစ်ဆေးချက်များအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၁၆၅၁ ဦး ရှိကြောင်း ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်လင့်

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြားက မြန်မာလုပ်သားတို့ရဲ့ အိမ်ပြန်ခရီး

ထိုင်းတွင် သေနတ်ဖြင့် ပစ်ခံရသည့် မြန်မာအလုပ်သမား ၂ ဦး အမှုမဖွင့်ရဲဘဲဖြစ်နေ

ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ

အထောက်အထားမခိုင်လုံသော မြန်မာအလုပ်သမား ၆၈ ဦး ထိုင်းအစိုးရ ပြည်နှင်ဒဏ်ပေး

Loading