အစိုးရညွှန်ကြားဖြင့် ဆက်သွယ်ရေးအော်ပရေတာများက ပိတ်ချခဲ့သည့် ဝက်ဆိုဒ်ပေါင်း နှစ်ရာကျော်တွင် တရား ဝင်မှတ်ပုံတင်ထားသည့် သတင်းဌာနအချို့လည်း ပါဝင်နေသည့်အတွက် ညှိနှိုင်းဖြေရှင်းပေးရန် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီသို့ တိုင်ကြားထားကြောင်း ကာယကံရှင်များထံက သိရသည်။
အပိတ်ခံခဲ့ရသည့် သတင်းဌာနများတွင် ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာသတင်းဌာနနှင့် DMG(Development Media Group)၊ မန္တလေးအခြေစိုက် Mandalay In-Depth News နှင့် VOM(Voice Of Myanmar)၊ တာချီလိတ် မြို့အခြေစိုက် Mekong News-မဲခေါင်သတင်း စသည့် သတင်းဌာန အွန်လိုင်စာမျက်နှာများ ပါဝင်ခဲ့ကြောင်း လတ်တလောသိထားရသည်။
Mandalay In-Depth News အယ်ဒီတာချုပ် ဦးမောင်တာ (ခ) ဦးအောင်ဆန်းဦး က “ဒီလိုအပိတ်ခံရတဲ့အတွက် ကျနော်တို့ ဂုဏ်သိက္ခာပိုင်းနဲ့ အကျိုးအမြတ်အရ နစ်နာမှုတွေအများကြီးပါ၊ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေတာကို အခုလိုပိတ်တဲ့အပေါ် သေချာစိစစ်ပြီးမှ လုပ်သင့်တယ်” ဟု ပြောသည်။
Mekong News-မဲခေါင်သတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းအေဂျင်စီလိုင်စင် ခွင့်ပြုမိန့် အမှတ် ၂၅၀ ဖြင့် တရားဝင်မှတ်ပုံတင်ထားသည့် သတင်းဌာနတခုဖြစ်ပြီး မတ်လက ၂၆ ရက်နေ့ကတည်းက အော်ပရေတာတချို့တွင် စတင်ပြတ်တောက်ခဲ့ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် အားလုံးအပိတ်ခံလိုက်ရခြင်းဖြစ်ကြောင်း တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက် ကပြောသည်။
ကိုဉာဏ်လင်းထက်က “သတင်းတု၊ သတင်းမှားတွေ ဖြန့်နေပါတယ်ဆိုပြီး ပိတ်ဖို့စာရင်မှာ ပါနေတာပေါ့၊ အဲ့ဒီလို သတင်းတုလုပ်တဲ့သူတွေနဲ့ အတူသတ်မှတ်ခံရတာကတော့ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်ပါတယ်၊ အခုတော့ မီဒီယာ ကောင်စီကိုလည်း အကြောင်းကြားထားပါတယ်” ဟုပြောသည်။
ယနေ့မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် အပိတ်ခံရသည့် သတင်းဌာနအချို့မှာ လုံးဝ ဝင်ရောက်ကြည့်ရှု၍မရလဲ အချို့ဌာနမှာ MPT၊ တယ်လီနော်စတဲ့ အင်တာနက်လိုင်းဖြင့် ဝင်ရောက်ကြည့်၍ ရသည်ကိုတွေ့ရသော်လည်း အခြားလိုင်းတချို့နှင့် ဝင်ရောက်၍မရသေးကြောင်း သိရသည်။
ယခုကဲ့သို့ အင်တာနက်ဝက်ဆိုဒ်များ ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနအသီးသီးက စောင့်ကြည့်စစ်ဆေးပြီးမှ ပေးပို့လာသည့်စာရင်းများအား အော်ပရေများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအား ထပ်ဆင့် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ညစ်ညမ်းဝက်ဆိုဒ်များ၊ သတင်းမှားတင်သည့် ဆိုဒ်များအား ယခင်ကတည်းက ပိတ်ဖို့ပြောထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။
ဦးမျိုးဆွေက “ညစ်ညမ်းဆိုဒ်တွေနဲ့ သတင်းမှားတင်နဲ့ ဆိုဒ်တွေဆိုရင် ပိတ်ဖို့ဆိုတာ အရင်ထဲက ပြောထားတာ ရှိတယ်၊ သတင်းမှားနဲ့ ပတ်သက်လို့ ဘာမှရေးခဲ့တာမရှိဘူး၊ ပိတ်ခံရတာနဲ့ပတ်သက်လို့ သတင်းမီဒီယာကောင်စီကဖြစ်ဖြစ် တင်ပြတာမျိုးရှိလာရင် သူတို့က ပြန်ပြီးစိစစ်ပေးရမှာပေါ့၊ အဲ့ဒီမှာ မှန်ကန်ရှိတယ်ဆို ဌာနတွေဘက်ကနေ ပြန်ပြီးတော့ ဆောင်ရွက်ပေးမှာပေါ့နော်” ဟု ဧရာဝတီသို့ပြောသည်။
တရားဝင်သတင်းဌာနများသည် ပြန်ကြားရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့်အတွက် ၎င်းတို့နှင့်ပတ်သက်ပြီး ဆောင်ရွက်ရာတွင် လိုင်စင်ထုတ်ပေးသည့်ဌာနသို့ အရင်ဦးစွာ အသိပေးသင့်ပြီး အသိပေးမှုမရှိဘဲ သတင်းစာမျက်နှာများ ပိတ်ချခြင်း ရုပ်ပျက်ဆင်းပျက်နိုင်သည့် ကိစ္စတခုဖြစ်ကြောင်း သတင်းစာဆရာတဦးဖြစ်သည့် ဦးဇေယျာလှိုင်က ပြောသည်။
ဦးဇေယျာလှိုင်က “ပိတ်သင့်တာတော့ ပိတ်ရမယ်၊ လူထုကကြောက်လန့်နေတဲ့ အချိန်ကာလမျိုးမှာ သတင်းတု ဖြန့်တာတွေကိုတော့ ပိတ်ရမယ်၊ လူကိုပါဖမ်းရမှာလေ၊ ပိတ်တာကိုတော့ စည်းကမ်းနဲ့အညီပဲ လုပ်သင့်တာပေါ့ဗျာ၊ တရားဝင် သတင်းဌာနတွေကို လိုင်စင်ထုတ်ပေးထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်ပြီးတော့မှ ဥပဒေနဲ့အညီ လုပ်သင့်တာပေါ့” ဟု ပြောသည်။
သတင်းစာမျက်နှာ ပိတ်ပင်ခံရသည့် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် VOM (Voice Of Myanmar) သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းတို့မှာလည်း ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်သွယ် သတင်း မေးမြန်ခဲ့သည့် အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)တို့ဖြင့် ဖမ်းဆီးအမှုဖွင့်ခြင်း ခံထားရသည်။
အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သီးခြားညွှန်ကြားမှုမျိုး မရှိကြောင်း ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောသည်။
ဆက်သွယ်ရေး အော်မရေတာ Mytel အနေဖြင့် ညွှန်ကြားထားသည့် ဝက်ဆိုဒ်များအား ပိတ်ထားပြီးပြီဖြစ်ကြောင်းနှင့် အများစုမှာ လိင်ပိုင်းဆိုင်ရာဆိုဒ်များ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဝက်ဆိုဒ်များဖြစ်ပြီး သတင်းမှားများနှင့်သက်ဆိုင်သည့် ဝက်ဆိုဒ်၊ ပေ့စ် များလည်း ပါဝင်ကြောင်း Mytel ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ဧရာဝတီသို့ ပြောသည်။
ဦးဇော်မင်းဦး က “ဝက်ဆိုဒ်ရဲ့ နာမည်တွေတော့ ပြောလို့မရဘူးပေါ့၊ အများစုကတော့ Porn site နဲ့ Child abuse တို့လို ယဉ်ကျေးမှုအရ မသင့်တော်တဲ့ဆိုဒ်တွေပါ၊ တချို့ သတင်းမှာ ပေးတဲ့ဆိုဒ်တွေလဲ ပါတယ်လို့တော့ ပြောတာပေါ့၊ ဒီလိုမျိုး သတင်းပေ့တွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ဝန်ကြီးဌာနဘက်ကို မေးတာကောင်းပါတယ်၊ porn site တွေက ပိတ်သင့်တာကြာပါပြီ၊ နောက်တောင်ကျနေပါပြီ၊ ကျနော့်အနေနဲ့ကတော့ ကောင်းတဲ့ကိစ္စတွေလို့ပဲ မြင်ပါတယ်”ဟု ပြောသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းမှား (သတင်းတု) များ ဖြန့်ချိနေသည်ဟုဆိုကာ ဝက်ဆိုဒ်မှာ ၁၄ ခုနှင့် ညစ်ညမ်း အကြောင်းအရာများ၊ ကလေးသူငယ်များအပေါ် လိင်အလွဲသုံးစားမှုနှင့် သတင်းမှားများပါဝင်သည်ဟုဆိုကာ ဝက်ဆိုဒ် ၂၀၇ ခုတို့ကို ပိတ်ပင်တားမြစ်ရန် ညွှန်ကြားချက်အား လက်ခံရရှိခဲ့ပြီး ညစ်ညမ်းခေါင်းစဉ်အောက်ရှိ ဝက်ဆိုဒ် ၁၅၄ ခု ဦးစွာပိတ်ပင်ခဲ့ကြောင်း ဆက်သွယ်ရေးအော်ပရေတာ တခုဖြစ်သည့် တယ်လီနော်မြန်မာက သတင်းထုတ်ပြန်ထားသည်။
ယင်းပြင် ညွှန်ကြားချက်အရ သတင်းတု ဖြန့်ချိမှုဟုဆိုရာ၌ ခိုင်လုံသည့် ဥပဒေအကြောင်းပြချက်မရှိသည့်အတွက် ပိတ်ပင်ရန် မူလကလက်မခံခဲ့သော်လည်း ဝန်ကြီးဌာနနှင့် ထပ်မဲဆွေးနွေးပြီးနောက် သတင်းတု၊ သတင်းမှားများ ပိုမိုကျယ်ပြန့်စွာ ဂယက်ရိုက်ခတ်လာနိုင်ချေရှိသည်ကို ဆန်းစစ်တွေ့ရှိရသည့်အတွက် ဝက်ဆိုဒ် ၆၇ ခုကိုလည်း မတ်လ ၃၀ ရက်နေ့တွင် ပိတ်ပင်တားမြစ်ခဲ့ကြောင်းလည်း တယ်လီနော်က ဆိုထားသည်။