သတင်း

အမေရိကန် ကိုဗစ်-၁၉ သေဆုံးမှု တရုတ်ထက်မြင့်

ယနေ့အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းသည် ၃၇၂၇ ဦးသို့ တက်လာပြီး တရုတ်နိုင်ငံထက်မြင့်မားနေပြီး ရောဂါကူးစက်မှုပေါင်း ၁၈၃၅၃၂ ရှိလာသောကြောင့် တရက်တည်းတွင် ရောဂါပိုးကူးစက်မှုသစ် ၂၀၀၀၀ ရှိသည့် နောက်ထပ်နေ့တနေ့ဖြစ်လာကြောင်း နယူးယောက်တိုင်းမ်၏ ရောဂါဖြစ်ပွားမှုပြမြေပုံအရ သိရသည်။

ထို့အပြင် အမေရိကန် အချက်အလက်သစ်များအရ ထိုကမ္ဘာတဝှမ်းကူးစက်ရောဂါသည် ဆီးချိုနှင့် နှလုံးရောဂါများကဲ့သို့သော ရောဂါနောက်ခံရှိသူများကို ပိုမိုထိခိုက်စေပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူများ၏ ၅ ရာခိုင်နှုန်းသည် အားပျော့သော တုပ်ကွေးရောဂါလက္ခဏာသာ ပြသသောကြောင့် ၎င်းတို့သည် လူအများကြားတွင်သာရှိနေပြီး ရောဂါကူးစက်မှုကို ပိုမိုအားပေးရာရောက်နေကြောင်းလည်း သိရသည်။

ကိုဗစ်-၁၉ ကြောင့် ခြောက်ကပ်သွားသော နယူးယောက်မြို့လည်

နယူးယောက် ထိပ်ဆုံး

သမ္မတ ထရမ့်သည် ဧပြီလအတွက် ရုပ်ပိုင်းဆိုင်ရာ ခပ်ခွာခွာနေရေး လမ်းညွှန်သစ်ကို ထုတ်ပြန်ပြီး တနိုင်ငံလုံးတွင် လူမှု ဝေးကွားနေထိုင်ရေးကာလကို ၆ ပတ်အထိ တိုးမြှင့်ရခြင်းအကြောင်း ရှင်းပြသည်။ “နာကြင်ရ”ပြီး “တင်းကျပ်”သည့် အစီအစဉ်များအား ရှင်းပြသည့် ထရမ့်၏ မိန့်ခွန်းသည် လွန်လေပြီးသော ရက်သတ္တပတ်များက ပေါ့ရွှတ်ရွှတ် လူပျက်စကားများနှင့် အကွာကြီး ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံမှ ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်သော နယူးယောက်တွင် ရောဂါကူးစက်မှုပေါင်း ၇၅၈၁၃ ရှိကာ သေဆုံးသူ ၁၅၅၀ ဦးပါဝင်သည်။ တနေ့ကထက် လူ ၃၃၂ ဦးပိုမိုသေဆုံးခြင်းဖြစ်သည်။ ရောဂါကူးစက်မှု အထွဋ်အထိပ်သို့ ရောက်မည့်နေ့သည် နောက်ထပ် ၁၄ ရက် သို့မဟုတ် ၂၁ အထိ လိုသေးကြောင်းနှင့် သူ၏ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ အလုံးအရင်းဖြစ်လာခြင်းကို ဖြေရှင်းရန် အောက်ဆီဂျင်အသက်ရှူစက်များ လာမည့်ရက်သတ္တပတ်များအတွင်း အလုံအလောက်ရှိမည်ဟု မျှော်လင့်ကြောင်း မနေ့ကျင်းပသည့် သူ၏ နေ့စဉ် သတင်းစာရှင်းလင်းပွဲအတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူး ကွိုမို ပြောသည်။

နယူးယောက်တွင် ပထမဆုံးအနေဖြင့် ကလေးငယ်တဦး ကိုဗစ်-၁၉ ကြောင့်သေဆုံးကြောင်း နယူးယောက်ကျန်းမာရေးဌာနက ကြေညာသည်။

နယူးအော်လင်းတွင်လည်း ရောဂါဖြစ်ပွားမှု အထွဋ်အထိပ်ရောက်ရန် အနည်းဆုံး ၂ ပတ်လိုသေးကြောင်း လွီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ် အက်ဒဝပ်က သတိပေးသည်။ မနေ့ကအထိ ထိုပြည်နယ်တွင် ရောဂါကူးစက်မှု ၅၂၃၇ ရှိပြီး သေဆုံးမှု ၂၃၉ မှု ရှိသည်။ ထိုသေဆုံးမှုနှုန်းသည် ၄.၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံအတွင်း အမြင့်မားဆုံးနှုန်းဖြစ်နေသည်။ လွီစီယားနားသည် လူဦးရေအချိုးအစားအရ တတိယ အမြင့်မားဆုံးရောဂါကူးစက်မှုကို ခံနေရကြောင်း ပြည်နယ်တွင်း နေအိမ်တွင်နေရမည့်အမိန့်ကို ဧပြီလ ၃၀ ရက်အထိ တိုးချဲ့ကြောင်း တွစ်တာတွင် သူရေးသည်။

ရောဂါဖြစ်ပွားမှု မြင့်မားသည့် အခြားဒေသများတွင် နယူးဂျာဆီ (၁၈၆၉၆)၊ မီရှီဂန် (၇၆၃၀)၊ ကယ်လီဖိုးနီးယား (၇၅၆၆)၊ မက်ဆာချူးဆက် (၆၆၁၈)၊ ဖလော်ရီဒါ (၆၃၃၀) နှင့် အီလီနွိုက်စ် (၅၉၅၅) တို့ပါဝင်ကြောင်း နယူးယောက်တိုင်းမ်က ဆိုသည်။

“နာကြင်ရ”ပြီး “တင်းကျပ်”သည့် ခပ်ခွာခွာ နေထိုင်ရေး လူမှုနေထိုင်မှုအစီအစဉ်သစ်များကို ရှင်းပြနေသော သမ္မတ ထရမ့်

ဆေးဝန်ထမ်းနှင့် စစ်သားများကိုလည်း ကူးစက်

ယခုအချိန်အထိ အမေရိကန်နိုင်ငံတွင် ကျန်းမာရေးလုပ်သား ၁၀၇ ဦး သေဆုံးပြီးကြောင်း သမားတော်တဦးက တွစ်တာတွင် စာရင်းဖြင့်ဖေါ်ပြသည်။ ဘော့စတွန်ရှိ အဓိကဆေးရုံ လေးခုတွင် ၃၄၅ ကျန်းမာရေးလုပ်သားများ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရကြောင်းသိရသည်။

စစ်တပ်အတွင်း ကိုဗစ်-၁၉ ကြောင့် ပထမဆုံး လက်ရှိတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင် သေဆုံးမှုကို တနေ့က ထုတ်ပြန်ကြေညာသည်။ နယူးဂျာစီ တပ်မတော် အမျိုးသား အစောင့်တပ်ဖွဲဝင်သည် မတ်လ ၂၈ ရက်နေ့ကသေဆုံးကြောင်းလည်း ဖေါ်ပြထားသည်။ ထိုလူနာကို ဆေးရုံတင်ထားရသည်မှာ မတ်လ ၂၁ ရက်နေ့ကပင်ဖြစ်သည်။

မက်ဆာချူးဆက်တွင်မူ ဟိုလယုက်ရှိ စစ်သားတစ်ယောက်၏ နေအိမ်တွင် စစ်ပြန် ၁၁ ဦး ကူးစက်ခဲ့သည်။ ရေတပ်သား ၄၀၀၀ ပါသော သူ၏ သင်္ဘောမှ တပ်သား ၁၀၀ ရောဂါကူးစက်ခံနေရကြောင်း USS Theodore Roosevelt သင်္ဘော တပ်မှူးကကြေညာပြီး ထိုရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ရာတွယ် ပင်တဂွန်က ပိုမိုကူညီရန်လိုကြောင်း သူပြောသည်။

ရောဂါကူးစက်ခံရသူများ၏ အနည်းငယ်ကိုသာ သင်္ဘောပေါ်မှ ချပေးနိုင်သေးကြောင်းနှင့် သင်္ဘောပေါ်တွင် ရှိနေသေးသော အခြား ကူးစက်ခံရသူများနှင့် ထိတွေ့ခံရသူများကို ထိထိရောက်ရောက် သီးခြားခွဲထားရန် မဖြစ်နိုင်ကြောင်း သင်္ဘောတပ်မှူး ဘရက် ခရိုဇီယာက စာမျက်နှာ ၄ မျက်နှာရှိ ပေါက်ကြားသွားသောစာတွင် ရေးသားထားကြောင်း San Fransisco Chronicle သတင်အရ သိရသည်။

“စစ်သင်္ဘောတွင် နေရာထိုင်ခင်း အကန့်အသတ်ရှိသောကြောင့် ကျနော်တို့ ဒါကိုမဟုလ်နိုင်ဘူး။ ရောဂါကူးစက်မှုက အရှိန်မြင့်နေတုန်းပဲ” ဟုလည်း သူရေးသားသည်။

တပ်သား ၁၀၀ ရောဂါကူးစက်ခံနေရသော USS Theodore Roosevelt လေယာဉ်တင် စစ်သင်္ဘော

ရောဂါခံရှိသူများ ပိုမိုထိခိုက်

ရောဂါခံရှိခြင်းနှင့်သေဆုံးမှုအပါတ်စဉ်အစီရင်ခံစာ၏ ယနေ့လေ့လာမှုအရ အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများ၏ ၃၇.၆ ရာခိုင်နှုန်းတွင် နောက်ခံရောဂါများ ရှိနေကြောင်း သိရသည်။ အထူးကျပ်မတ်ကုသဆောင်သို့ ပို့ဆောင်ရသည့် လူနာများ၏ ၇၈ ရာခိုင်နှုန်းတွင် နောက်ခံရောဂါများရှိနေသည်။

ထိုအချက်အလက်များကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ရောဂါရှိကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက အတည်ပြုသည့် ကိုဗစ်-၁၉ လူနာ ၁၂၂၆၅၃ ဦးထံမှ ရရှိခြင်းဖြစ်သည်။ ယခင်ဆေးရုံတွင်ကူသဖူးသည့် အဆင့်ရှိသူနှင့် ထိုအချက်အလက်များဖြည့်စွက်သူ ၇၁၆၂ ဦး၏ ၆.၉ ရာခိုင်နှုန်း အထူးကျပ်မတ်ကုသဆောင်တွင် စောင့်ရှောက်မှု လိုအပ်ခဲ့ပြီး ၂၂.၅ ရာခိုင်နှုန်းကို ဆေးရုံတင်ရန်လိုသည်။ ဆီးချို၊ နာတာရှည် အဆုတ်ရောဂါနှင့် နှလုံးရောဂါတို့သည် အတွေ့ရများသော ရောဂါခံများဖြစ်ကြသည်။

“ထိုအချက်များသည် တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံမှ ရရှိထားသောအချက်အလက်များနှင့်လည်းကိုက်ညီပြီး ထိုရောဂါများတွင် ဆီးချို၊ သွေးတိုး၊ နာတာရှည်အဆုတ်ရောဂါ၊ သွေးကြောပိတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါနှင့်ဆေးလိပ်သောက်ခြင်းတို့သာမက အခြားရောဂါများလည်းပါဝင်ပြီး ထိုသူများသည် ကိုဗစ်-၁၉ ကြောင့်ပြင်းထန်သောရောဂါခံစားမှု သို့မဟုတ် သေဆုံးမည့်အန္တရာယ် ပိုမိုများပြားနေသည်” ဟု ထိုအစီရင်ခံစာရေးသားသူများဖေါ်ပြသည်။

စုစုပေါင်းလူနာ ၁၂၂၆၅၃ ဦးအနက် ၂၁၁၂ ဦးသေဆုံးပြီး သေဆုံးမှုနှုန်းအရ ၁.၇ ရာခိုင်နှုန်းရှိသည်။

ဈေးဝယ်စင်တာတခုက ကားပါကင်မှာ ၆ ပေခြား အိပ်နေကြသော လော့စ်အင်ဂျလစ်က အိမ်ယာမဲ့များ

ကယ်လီဖိုးနီးယားဒေတာ

လော့စ်အိန်ဂျယ်လိစ်မှ အားနည်းသည့် တုတ်ကွေးလက္ခဏာသာပြသူများ၏ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကိုဖြစ်စေသည့် SARS-CoV-2 ပိုးကူးစက်ခံထားရကြောင်း တွေ့ရသည် ဟုတောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘရက် ဆပဲလ်ဘတ်နှင့် အဖွဲ့က အားနည်းတုတ်ကွေးလက္ခဏာရှိသူများကို ရုတ်တရက်စစ်ဆေးပြီး JAMA အင်တာနက်စာမျက်နှင့်ဖေါ်ပြသည့် သုတေသနအရ သိရသည်။

ထိုလေ့လာမှုသည် မတ်လ ၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အတွင်း အရေးပေါ်ဌာနသို့ရောက်လာသည့် လူနာများကို အခြေခံသည်။ ထိုလူနာများတွင် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိသူများ မပါဝင်ပေ။ ၎င်းတို့ကို ကိုဗစ်-၁၉ စမ်းသပ်မှု ၁၃၁ ခုပြုလုပ်ပြီး ၇ ဦးတွင် ပိုးကူးစက်ခံထားရကြောင်းတွေ့ရပြီးလူနာများ၏ ပျမ်းမျှအသက်မှာ ၃၉ နှစ်ဖြစ်သည်။

“အားပျော့သော တုတ်ကွေးလက္ခဏာပြသော်လည်း ကြီးမားသည့် အန္တရာယ်မရင်ဆိုင်ရသော SARS-CoV-2 ကူးစက်ခံရသူ ၅ ရာခိုင်နှုန်းဆိုသည်မှာ စိတ်ပူစရာကောင်းလှသည်။ ထိုသူများ ဖျားနေသမျှကာလပတ်လုံး ရောဂါပျံ့နှံ့နေစေနိုင်သည်” ဟုလည်း ထိုအစီရင်ခံစာက ဆိုသည်။

“ထိုကဲ့သို့သော ပျံ့နှံ့မှုသည် ရာသီနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော ထူးခြားသည့် တတိယအကြိမ်မြောက် နိုင်ငံတဝန်း တုတ်ကွေးရောဂါသဖွယ် အကြီးအကျယ်ဖြစ်ပွားမှုနှင့် တုတ်ကွေးကူးစက်ခံသည့် လက္ခဏာ ကျဆင်းသည့် ပုံစံနှင့်တူညီနေသည်” ဟုလည်းဆိုသည်။

ကိုးကား။. ။ University of Minnesota ၏ Center for Infectious Disease Research and Policy မှ US COVID-19 deaths top China’s; data show impact on those with chronic disease

You may also like these stories:

COVID-19 ကြောင့် အမေရိကန်မှာ တရက်အတွင်း လူ ၇၀၀ သေဆုံး

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ထွက်ရှိလာ

COVID-19 ကူးစက်မှုများကြောင့် ကာစီနိုရုံတွေ ပိတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီး ညွှန်ကြား

Loading