ကမာ္ဘ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ရန်ကုန်မြို့တွင်း သွားလာသည့် လူဦးရေ လျော့ကျသွားသဖြင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လျှော့ချ ပြေးဆွဲလာကြောင်း သိရသည်။
ရထားခရီးစဉ်များကို ခရီးသည် စီးနင်းမှု လျော့ကျလာသဖြင့် မတ်လ နောက်ဆုံးပတ်မှ စတင်၍ နေ့စဉ် မြို့ပတ် ရထား ၁၆၈ စီး ပြေးဆွဲခဲ့ရာမှ ယခုအခါ ၆၉ စီးလျှော့ချကာ ၉၉ စီးသာ ပြေးဆွဲလျက် ရှိကြောင်း မြန်မာ့ မီးရထားက သိရသည်။
မြန်မာ့မီးရထား တိုင်း ၇ မန်နေဂျာ ဦးဇော်လွင်က “COVID-19 ကြောင့်ပဲ ပြောရမလား။ ခါတိုင်း ခရီးသည်က တရက် လူ ဦးရေ ၅ သောင်းကျော်လောက် ရှိတယ်။ အခုကတော့ မတ်လ ၃၁ ရက်ဆိုရင် လူဦးရေ၂ သောင်းခွဲလောက်ပဲ စီးတော့ တယ်။ အခု ခရီးသည် စီးနင်းမှု နည်းတဲ့ ရထားတွေ အားလုံး ၆၉ စီးကို လျှော့လိုက်တယ်။ ကျန်တဲ့ ၉၉ စီးကတော့ နေ့စဉ် ပြေးဆွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရထားအစီးရေ လျှော့ချခြင်းကို ရက်အကန့်အသတ် သတ်မှတ်ထားခြင်းမရှိဘဲ ခရီးသည် ပြန်လည်များလာမှသာ ယခင်အတိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းပြင် ရန်ကုန်မှထွက်မည့် အမြန်ရထားများ ယာယီရပ်နားထားခြင်း မရှိသော်လည်း ခရီးသည် စီးနင်းမှုကို နေ့စဉ် စောင့်ကြည့်၍ လူစီးတွဲ ချိတ်ဆက်မှုကို လျှော့ချသွားမည် ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားက သိရသည်။
ခရီးဝေး ရထားပြေးဆွဲမှု အနေနှင့် ရန်ကုန် ဘူတာကြီးမှ မန္တလေးသို့ အမြန်ရထား ၃ စီး၊ မော်လမြိုင်သို့ ၂ စီး၊ ပြည်သို့ ၁ စီး၊ ပုဂံသို့ ၁ စီးနေ့စဉ် ပြေးဆွဲလျက် ရှိသည်။
ထို့ပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသည့် YBS ယာဉ်လိုင်းများကိုလည်း အသုံးပြုသူ နည်းလာသည့် အတွက် လျှော့ချ ခြင်း၊ ရပ်နားထားခြင်းတို့ ပြုလုပ်လာကြကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဦိးလှ အောင်က “COVID-19 ကာကွယ်ရေး ဆောင်ရွက်နေတဲ့အတွက် ဒါတွေကို ရပ်ဆိုင်းထားတာ ဖြစ်တယ်။ ကျနော်တို့ YBS ယာဉ်လိုင်းတွေကိုတော့ ခရီးသွား ပြည်သူတွေရဲ့ သွားတဲ့ လမ်းကြောင်းအလိုက် မူတည်ပြီးတော့ စနစ်တကျ ပြေးဆွဲကြဖို့ အကြောင်းကြားထားပါတယ်။ အခု စာတွေ ထုတ်နေတယ်။ ဘယ်လောက် လျော့တာလဲ ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
Power Eleven ကုမ္ပဏီ ဒါရိုက်တာ ကိုတရုတ်လေးက “ကျနော်တို့ ယာဉ်လိုင်းအနေနဲ့ လျှော့ချတာတော့ မရှိသေးပါဘူး။ ယာဉ်လိုင်းတွေက COVID-19 စဖြစ်ခါစ မတ်လ လယ်လောက်ထဲက ရှုံးနေပြီ။ ယာဉ်လိုင်းတွေမှာက ပုဂ္ဂလိက ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းတွေ ရှိတယ်။ YBS ကုမ္ပဏီတွေ ပိုင်တဲ့ယာဉ်ရှိတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းတွေကတော့ ရပ်သွားတာ ကြာပြီ။ လက်ရှိက ကုမ္ပဏီတွေရဲ့ယာဉ်တွေက ဆွဲနေတာ” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၁၅ ဦး အနက် ၁ ဦးမှာ သေဆုံးခဲ့ပြီး ဖြစ်သောကြောင့် ယာဉ်မောင်းများ အပါအဝင် အခြားဝန်ထမ်းများ၏ ကျန်းမာရေးနှင့် အခြား သော အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ယာဉ်မောင်း ဝန်ထမ်းများအား မိမိတို့ ဆန္ဒရှိမှသာ ယာဉ်မောင်း တာဝန်ထမ်း ဆောင်ရန် ယနေ့တွင် Omini Focus ကုမ္ပဏီက ထုတ်ပြန်ထားသည်။
ခရီးသွားပြည်သူ စီးနင်းမှုများ အလွန်လျော့နည်းလာသည့် အတွက် တက္ကသိုလ် ၄ ခုအား ချိတ်ဆက် ပြေးဆွဲနေသည့် YBS (၁၀၁) ယာဉ်လိုင်းနှင့် ဆူးလေ-လေဆိပ် (Airport Shuttle Bus)လမ်းကြောင်းတို့မှ ယာဉ်အစီးရေ ၅၀ ကျော်ကို ယာယီ ရပ်နားမည်း ဖြစ်ကြောင်းလည်း Omini Focus က ကြေညာထားသည်။
ထို့ပြင် ဧပြီလ ၃ ရက်တွင် ပြေးဆွဲရန် စီစဉ်ထားသည့် ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် တတိယခေါက် ပြေးဆွဲခြင်းကို လက်ရှိ ဖြစ်ပေါ်နေသော COVID-19 ကြောင့် ရက် အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း YRTA က သိ ရသည်။
ရန်ကုန်မှ ကိုကိုးကျွန်းသို့ သွားရောက် စီးပွားရေး လုပ်ကိုင်နေသူ ကုန်သည် မမြင့်မြင့်သန်းက “ကျမက ကုန်ပို့တဲ့သူ ဆို တော့ အခုရပ်ပြီ ဆိုတော့ သိတဲ့အတိုင်းပဲ။ ကုန်ဈေးနှုန်းတွေ စားဝတ်နေရေးကတော့ တော်တော်တော့ ခက်ခဲသွားမှာ။ အခုက လှေတွေပါ အဲဒီကို သွားဖို့ ပိတ်သွားတာ။ လေယာဉ်ကလည်း စိစစ်ပြီး တင်တယ်။ အပြင်လူ လိုက်လို့ မရဘူး။ ကုန်တွေ ဘာတွေ မပို့ရတော့ အခက်အခဲတော့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသဖြင့် လိုအပ်မှသာ အပြင်ထွက်ကြရန်၊ အိမ်တွင်း၌ နေထိုင်ကြ ရန် ကျန်းမာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားလျက်ရှိပြီး၊ စက်ရုံ အလုပ်ရုံများ ပိတ်ထားခြင်း၊ ကုမ္ပဏီများမှ ဝန်ထမ်း များအား အိမ်မှနေ၍ အလုပ်လုပ်စေသော စနစ်ဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုသူဦးရေမှာ သိသိသာသာ လျော့ကျသွားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်
YBS များ မှန်တံခါးဖွင့် မောင်းရန် ညွှန်ကြား
YRTA ပိုင် ကားကုမ္ပဏီများ အရှုံးပေါ်နေဆဲဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
တကြောင်းလျှင် ကျပ်သိန်း ၂၀၀ အရှုံးခံ၍ ရန်ကုန်-ကိုကိုးကျွန်း သင်္ဘော ပြေးဆွဲပေး ဟုဆို