ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခသတင်းများနှင့် ပတ်သက်၍ ရေးသားရာတွင် ရက္ခိုင် စစ် တပ် (AA) ကို ဆက်သွယ်မေးမြန်းသည့် အတွက် ဟုဆိုကာ သတင်းမီဒီယာဌာန၏ အယ်ဒီတာချုပ်၊ သတင်း ထောက် များကို ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီး စစ်ဆေးကာ အမှုဖွင့်မှုများ ပြုလုပ်လျက်ရှိသည်။
AA ကို မတ် ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် မတရားအသင်း အဖြစ် သတ်မှတ်လိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားရာ၊ ထိုရက်နောက်ပိုင်း တွင် ရခိုင်စစ်ပွဲများ၊ လက်နက်ကိုင် ပဋိပက္ခသတင်းများနှင့် ပတ်သက်ပြီး ရေးသားဖော်ပြရာတွင် AA နှင့် အင်တာဗျူးများ ပြုလုပ်ခဲ့သည့် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ တချို့ကို အရေးယူမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
ထို့အတွက် ရဲတပ်ဖွဲ့သည် မန္တလေးမြို့ အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ် ဦးနေမျိုးလင်း ကိုလည်း မတ် ၃၀ ရက် ညပိုင်းတွင် နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မတ် ၃၁ ရက်တွင် ချုပ်ရမန် ယူကာ ဖမ်းဆီးထားသည်။
VOM သတင်းဌာနသည် AA အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းက ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ဖျက်ဆီးသကဲ့သို့ ဖြစ်သည်ဟူ၍ ဦးခိုင်သုခ၏ ဖြေဆိုချက်များကို အင်တာဗျူးအဖြစ် မတ် ၂၇ ရက်က ဖော်ပြခြင်း ကြောင့်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခံရခြင်း ဖြစ်သည်။
ဦးနေမျိုးလင်းကို ဖမ်းဆီးပြီးနောက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် နိရိဉ္စရာ သတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် ရန်ကုန်မြို့ အခြေစိုက် ခေတ်သစ်သတင်းဌာန အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက် တို့ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့ဖြင့် ရဲသတင်းတပ်ဖွဲ့က ထပ်မံ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
ဦးခိုင်မြတ်ကျော်ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး ၎င်း၏ သတင်းဌာနမှ သတင်းထောက် ၃ ဦးနှင့် ရုံးသုံး ကွန်ပျူတာများကို မတ် ၃၁ ရက်က ခေတ္တ ဖမ်းဆီးကာ စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။
နိရိဉ္စရာသတင်းဌာနမှ သတင်းထောက် ဦးနီမင်းထွန်းက “တိုင်းဗဟိုကိစ္စနဲ့ပတ်သက်ပြီး သတင်းရေးလို့ ဆိုပြီး သူတို့ ပြောပြချက်အရ သိရတယ်။ အဲဒီ့သတင်းကို ဘယ်သူရေးတာလဲဆိုပြီး သတင်းရေးသူရဲ့ နောက်ကြောင်းတွေကို မေးတယ်။ ပြီးတော့ Laptop ၂ လုံးထဲမှာ ၁လုံးကို သူတို့ သိမ်းထားလိုက်တယ်”ဟု ပြောသည်။
နိရိဉ္စရာ သတင်းဌာနမှ ငှားရမ်းကာ ရုံးခန်း ဖွင့်ထားသည့် တိုက်ခန်းကိုလည်း သက်တမ်းပြည့်ပြီး ထပ်မံ မငှား နိုင်တော့ကြောင်း ပိုင်ရှင်က ပြောသဖြင့် ရုံးခန်းကို ပြောင်းရွှေ့ရန် ပစ္စည်းများ သိမ်းဆည်း နေကြရသည်ဟုလည်း သိရသည်။
အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ဖမ်းဆီးမိခြင်း မရှိသေးသည့် အပြင် ခေါ်ယူစစ်ဆေးခံရသည့် သတင်းထောက် များ၏ ပြောဆိုချက်အရ ဦးခိုင်မြတ်ကျော်အပြင် အခြားသတင်းထောက် များကိုလည်း အမှုဖွင့်ထားသည်ဟု သိရသည်။
ဦးနီမင်းထွန်းက “ဆရာခိုင်မြတ်ကျော် တယောက်တည်း မဟုတ်ဘဲ တခြားသူတွေလည်း ပါတယ်လို့ သိရတယ်။ ဘယ်သူတွေပါလဲ ဆိုတာကတော့ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရပါဘူး”ဟု ပြောသည်။
နိရိဉ္စရာ သတင်းဌာနသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့တွင် တပ်မတော်၏ ကမ်းနီ တိုင်းဗဟို (၉) တန်းမြင့် လေ့ကျင့်ရေးကျောင်းကို AA က ဝင်ရောက်တိုက်ခိုက်သည့် သတင်းအား မတ် ၂၃ ရက်၊ မနက်ပိုင်းတွင် သတင်း ရေးသား ဖော်ပြခဲ့သည်။
မတ် ၂၆ ရက်တွင်လည်း တိုင်းဗဟို (၉ ) အနီး တိုက်ပွဲဖြစ်သဖြင့် ကျေးရွာ ၅ ရွာမှ အရပ်သား ၁၀၀၀ ကျော် ထွက်ပြေး ခဲ့ရသည့် သတင်းကို ရေးသားဖော်ပြထားသည်။
မတ် ၂၃ ရက်က ရေးသားဖော်ပြသည့် သတင်းတွင် AA ဘက်သို့ ဆက်သွယ် မေးမြန်းထားခြင်း မရှိသော်လည်း မတ် ၂၆ ရက်၊ သတင်းတွင် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ဦးခိုင်သုခကို မေးမြန်းထားကြောင်း သတင်းတွင် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
သတင်းစာဆရာများကို အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်နေသည်များနှင့် ပတ်သက်၍ သတင်းစာပညာ သင်တန်းဆရာ ဦးသီဟက “ကျနော်တို့ မြင်တာကတော့ အစိုးရက ဖမ်းတယ်ပဲပေါ့။ အစိုးရအတွင်းထဲမှာတော့ တပ်က ဖမ်းတာ ပြည်ထဲရေးက ဖမ်းတာပေါ့။ ဒါပေမယ့် အစိုးရအဖွဲ့တွေ ဖြစ်တဲ့အတွက်ကြောင့် အတူတူလို့ပဲ သတ်မှတ်ပြီး ပြောရင်တော့ အစိုးရလက်ထက်မှာ သတင်းစာလွတ်လပ်ခွင့်ကတော့ ထင်ထားတာထက်ကို အများကြီး နည်း ပါတယ်”ဟု ပြောသည်။
မတ် ၃၁ရက်၊ ညပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်များသည် ခေတ်သစ်မီဒီယာ၏ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်၏ နေအိမ်ကိုလည်း ဝင်ရောက် ရှာဖွေခြင်း၊ ပိုင်ဆိုင်မှု စာရင်းများကို ကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်။
VOM ၏ မိတ်ဖက်သတင်းဌာနဖြစ်သည့် ခေတ်သစ်သတင်းဌာနက မတ် ၂၈ ရက်တွင် ဦးခိုင်သုခ ၏ အင်တာဗျူးကို ကူးယူ ဖော်ပြထားမှုကြောင့် ထိုသို့ ရှာဖွေမှုများ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
ဦးသာလွန်ဇောင်းထက်သည် နိုင်ငံတော်သမ္မတ၏ အမိန့်ပြန်တမ်းဖြင့် မြန်မာသတင်း မီဒီယာ ကောင်စီတွင် အတွင်းရေးမှူး ၂ အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။
လက်ရှိတွင် ရဲသတင်းတပ်ဖွဲ့မှ သတင်းအယ်ဒီတာချုပ်များကို အမှုဖွင့်ထားသည့် ပုဒ်မ ၅၀ (က) မှာ အာဏာပိုင် အဖွဲ့ အစည်းများ အနေဖြင့် ၎င်းတို့ပြောသည်ကိုပဲ ရေးစေပြီး၊ ဆန့်ကျင်ဘက်အဖွ့ဲ၏ ပြောဆိုချက်များကို မရေးသားနှင့် ဆိုသည်မှာ ဘက်မျှအောင် သတင်းရေးသားနေရသည့် သတင်းသမားများအတွက် မဖြစ်နိုင်သည့် အခြေအနေတခု ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်ကသုံးသပ်သည်။
ဦးသန်းဇော်အောင်က “သတင်းမီဒီယာ ဥပဒေမှာက ပြောပြီးသား။ သတင်းသမားတွေရဲ့ ရပိုင်ခွင့်တွေမှာ သေချာ ဖော်ပြထားတယ်။ သတင်းမီဒီယာဥပဒေနဲ့ မစွဲဘဲ ပုဒ်မအကြီးကြီးတွေနဲ့ တရားစွဲတာက သတင်းသမားတွေတင် မက ဘူး။ အများပြည်သူရဲ့ သိရှိပိုင်ခွင့်ကိုပါ တားဆီးရာ ရောက်ပါတယ်”ဟု ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုသည်မှာ အကြမ်းဖက်သမားနှင့် အကြမ်းဖက်မှု ကျူးလွန်နိုင်အောင် လူသစ်စုပေးသူ၊ ငွေကြေးထောက်ပံ့သူ၊ ကူညီပေးသူများကို အရေးယူနိုင်ရန် အဓိက ရည်ရွယ်ထားသည့် ဥပဒေ ဖြစ်ကြောင်း ၎င်းအနေဖြင့် နားလည်ပါသည်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် ဦးရဲထွဋ်က “သတင်းဌာနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံဖို့ သက်သက်ဖွင့်ထားတဲ့ Facebook Account တွေ ဝက်ဘ်ဆိုက်တွေ သဘောသဘာဝ မတူတာ ကိုလည်း ထည့်စဉ်းစားရမယ်လို့ ထင်ပါတယ်။ နိုင်ငံ တကာ သတင်းဌာနတွေလည်း တာလီဘန်တို့ အိုင်အက်စ်အဖွဲ့ဝင်တွေကို အင်တာဗျူးမေးပြီး သတင်းရေးတာတွေ ရှိခဲ့တာပဲလေ”ဟုလည်း ရေးသား ထားသည်။
တိုင်းရင်းသားဒေသတွင်း ပဋိပက္ခသတင်းများကို အစဉ်တစိုက် ရေးသားနေသည့် သတင်းစာဆရာများ စုဖွဲ့ထားသည့် တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းထောက်များ ကွန်ရက် (EPRN) ကလည်း ပြင်းထန်သည့် ပုဒ်မများဖြင့် တရားစွဲဆိုခြင်းကို ပြန်လည်သုံးသပ်ပေးရန်၊ သတင်းမီဒီယာ ကောင်စီနှင့် သတင်းမီဒီယာ ဥပဒေအရ ဦးစွာ ညှိနှိုင်းပေးရန် တိုက်တွန်းကြောင်း စာတစောင်ကို ယနေ့ ထုတ်ပြန်ထားသည်။
သတင်းစာပညာရပ်၏ အခြေခံ သတင်းရေးသားနည်း စည်းမျဉ်းစည်းကမ်းအရ သတင်းစာဆရာများသည် ပဋိပက္ခ သတင်းများ ရေးသားရာတွင် ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသူ ဘက်ပေါင်းစုံကို ဆက်သွယ် မေးမြန်းပြီး ရေးသားဖော်ပြရမည် ဖြစ်သည်။
ပဋိပက္ခသတင်းရေးသားရာတွင် ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် နှစ်ဖက် (သို့) နှစ်ဖက်ထက် ပိုသည့် လက်နက်ကိုင်တပ်ဖွဲ့များ၊ ပဋိပက္ခ၏ အကျိုးဆက်ကို ခံစားနေရသည့် အရပ်သားများ၏ အသံများကို ရေးသား ဖော်ထုတ်ရမည်မှာ သတင်းစာပညာရပ်ဖြစ်သည်။
ပဋိပက္ခသတင်း ရေးသားဖော်ပြရာတွင် ဘက်ပေါင်းစုံအောင် မေးမြန်းခြင်း မရှိဘဲ ဘက် တဖက်တည်း၏ အသံကိုသာ ဖော်ပြခြင်းမှာ ဘက်လိုက်ပြီး သတင်းစာကျင့်ဝတ်နှင့် မညီသည့် သတင်း ရေးသားဖော်ပြမှုသာ ဖြစ်သည်ဟု ပဋိပက္ခဆိုင်ရာ သတင်းရေးသားနည်း ကျင့်ဝတ်များတွင် ဖော်ပြထားသည်။
သတင်းရဲတပ်ဖွဲ့မှ အယ်ဒီတာချုပ်များကို အမှုဖွင့်ထားသည့် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) သည် အရေးကြီးသည့် အခြေခံ အဆောက်အအုံများ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာများကို ပြင်းထန်စွာ ထိခိုက် ဆုံးရှုံးစေရန် ပြုလုပ်မှုများ၊ စစ်ပြိုင်မှုတွင် မပါဝင်သူ တဦးဦးကို သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန် နှင့် အခြားပြုလုပ်မှုများ လုပ်ဆောင်သည်ဟု စွပ်စွဲခံရပါက တရားစွဲဆိုနိုင်သည့် ပုဒ်မ ဖြစ်သည် ။
ထို့ပြင် အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေး၊ ဘေးကင်းရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ဖြစ်စေ ဆိုးရွားစွာ ထိခိုက်စေသည့် အကြမ်းဖက်မှုများ လုပ်ဆောင်သည်ဟု စွပ်စွဲခံရပါကလည်း ပုဒ်မ ၅၀ (က) ဖြင့် တရားစွဲဆိုခံရနိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
ပြစ်မှုကျူးလွန်ကြောင်း တရားရုံးမှ ဆုံးဖြတ်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ တသက်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ပုဒ်မ ၅၂ (က) သည် အစိုးရမှ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသူတို့၏ လုပ်ငန်းတာဝန် တစုံတခုကို လုပ်ကိုင် ပေးသည်ဟု စွပ်စွဲခံရပါက တရားစွဲဆို ခံရနိုင်သည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်