ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လူ ၁ သိန်းကျော် ဆက်တိုက် ပြန်သွားခဲ့ပြီးနောက် Covid-19 ရောဂါပြန့်ပွားမှု တားဆီးရေးကို အထောက်အကူဖြစ်စေရန် အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ် ဖြစ်သော အနောက်ဂျာဗားမှ ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံရပ်ခြား သို့မဟုတ် နိုင်ငံ အတွင်းမှ အခြားနေရာများရှိ အိမ်များသို့ ပြန်မသွားရန် တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။
“Mudik (ဇာတိမြို့ သို့မဟုတ် ကျေးရွာများသို့ ပြန်ခြင်း)က ကျနော်တို့ရဲ့ အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်။ ကျေးဇူးပြုပြီး တော့ ခင်ဗျားတို့ အခုရှိနေတဲ့ နေရာမှာပဲ နေပေးကြပါ” ဟု လူပေါင်းသန်း ၅၀ ခန့် နေထိုင်သော အနောက်ဂျာဗား ပြည်နယ်၏ အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောသည်။
ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးမှုများ နောက်ထပ် မြင့်တက်လာသည့် အချိန် မတ်လ ၃၁ ရက်နေ့တွင် သမ္မတ Joko Widodo က အရေးပေါ်အခြေအနေကြေငြာခဲ့သည်။ ပြင်းထန်သော ဝေဖန်မှုများ ရှိနေသည့်တိုင် တနိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုနေခြင်းများအား ထပ်မံငြင်းပယ်ခဲ့သည်။
နိုင်ငံ၏ ပြည်နယ်နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအချို့ က ပြည်သူများ ဆက်တိုက် ရွှေ့ပြောင်းစီးဆင်းနေမှုကို ရပ်တန့်ရန် နယ်နိမိတ်များအား ပိတ်ပစ်ရေး အပူတပြင်း ကြိုးစားနေကြသော်လည်း ထိုသို့ပြုလုပ်ရန် ဗဟိုအစိုးရ၏ ခွင့်ပြုချက် လိုအပ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ Covid-19 ဖြစ်ပွားမှု ဗဟိုချက်ဖြစ်သော ဂျကာတာမှ လူပေါင်း ထောင်နှင့်ချီ၍ ထွက်ခွာခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၁၅၂၈ ခုရှိပြီ ဖြစ်သော အတည်ပြုထားသည့် ရောဂါကူးစက်မှု အများစုက ဂျကာတာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ထိုကိန်းဂဏန်းက လူဦးရေသန်း ၂၇၀ ကျော်နှင့် ယှဉ်လျှင် အရေအတွက် များစွာ နည်းနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသည်။ မတ်လ ၃၁ ရက် နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ Covid-19 ကြောင့် လူသေဆုံးမှု က ၁၃၆ ယောက် ရှိခဲ့ပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည်။
သမ္မတ Joko Widodo က နီးနီးကပ်ကပ်မနေသည့် အလေ့အထကို တင်းကျပ်စွာ ကျင့်သုံးရန် တောင်းဆိုခြင်းအပြင် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် အနည်းငယ်သာ ဖော်ပြခဲ့သည်။ သို့သော်လည်း လူမှုရေး အကူအညီနှင့် ဝင်ငွေနည်းပါးသော အလုပ်သမားများအတွက် ထောက်ပံ့ငွေများ ပေးရန် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထပ်တိုးခြင်းကို ကြေငြာခဲ့သည်။ အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော စီးပွားရေးတွင် သန်းပေါင်း ဆယ်ဂဏန်းနှင့် ချီသည့် ပြည်သူများစွာသည် လုပ်ခ လခနည်းပါးသော အလုပ်အကိုင်ဖြင့် အသက်မွေးနေကြရသည်။
“Covid-19 ရဲ့ သက်ရောက်မှုတွေကို ကျော်လွှားနိုင်ရေး ကျနော်တို့က နီးနီးကပ်ကပ်မနေသည့် အလေ့အထကို ကျင့်သုံးဖို့ ရွေးချယ်ခဲ့ပါတယ်” ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ကျနော်တို့က တခြား နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူရပါမယ်။ ဒါပေမယ့် တိုင်းပြည်တိုင်းမှာ ကိုယ်ပိုင်စရိုက်လက္ခဏာတွေ ရှိတဲ့အတွက် ကျနော်တို့က အဲဒါတွေကို တထပ်တည်း ပုံတူကူးလို့တော့ မရနိုင်ပါဘူး။”
Covid-19 ပြဿနာက တရားဝင်ထုတ်ပြန်ထားသည်ထက်ပိုမို ဆိုးရွားကြောင်းနှင့် အစိုးရ၏ တုန့်ပြန်မှုက ဖရိုဖရဲ ဖြစ်နေကြောင်း အင်ဒိုနီးရှား ဆရာဝန်များ အသင်းက သတိပေးခဲ့သည်။
အနောက်ဂျာဗား ပြည်နယ်သား အနည်းဆုံး ၁ သန်းခန့်က မဟာဂျကာတာတွင် အလုပ်လုပ်နေကြပြီး ထိုဧရိယာသည် မြို့တော်နှင့် ၎င်း၏ အနီးပတ်ဝန်းကျင်ရှိ မြို့ပြရိယာများ ပေါင်းစပ်ထားခြင်းဖြစ်သည်။
ယနေ့ အချိန် အထိ အနောက်ဂျာဗားသို့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား ၄၄၆၀ ပြန်လာခဲ့ကြပြီး အချို့မှာ “တရားမဝင် လမ်းကြောင်းများ” မှတဆင့် ဖြစ်သည့်အတွက် ဒေသဆိုင်ရာ အစိုးရအနေဖြင့် သူတို့ကို ရှာဖွေတွေ့ရှိရန် ခက်ခဲစေသည် ဟု အနောက်ဂျာဗား ပြည်နယ်၏ အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောသည်။
ထိုင်ဝမ်တွင် အနောက်ဂျာဗား ပြည်နယ်မှ အလုပ်သမား ၂၄၀၀၀ ကျော်နှင့် ဟောင်ကောင်တွင် ၁၂၀၀၀ ခန့်ရှိသည်။ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အနောက်ဂျာဗားမှ အလုပ်သမား ၉၀၀၀ နှင့် ၆၀၀၀ ကျော် အသီးသီးရှိသည်။
“တရုတ်၊ မလေးရှား၊ တောင်ကိုရီးယားတို့လို ကူးစက်ရောဂါ ခံစားခဲ့ရတဲ့ နိုင်ငံတွေကနေပြန်လာတဲ့ ရွှေ့ပြောင်း အလုပ်သမား အားလုံးက ပြန်လာရင် စမ်းသပ်စစ်ဆေးခံရပါလိမ့်မယ်။ ဂျကာတာက ပြန်လာတဲ့သူတွေကို Covid-19 သံသယ ရှိသူများအဖြစ် သတ်မှတ်ပါလိမ့်မယ်။ သူတို့က ၁၄ ရက်ကြာ ကိုယ့်ဖာသာသီးခြားခွဲပြီး နေထိုင်မှု ပြုလုပ်ရမှာ ဖြစ်ပြီးတော့ စောင့်ကြည့်စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်” ဟု Ridwan က ပြောသည်။ သမ္မတ Joko Widodo က ဂျကာတာရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် အစားအစာများ ထောက်ပံ့ပေးလိမ့်မည်ဟု သူက ထပ်ပြောသည်။
ဂျကာတာမြို့တော်အုပ်ချုပ်ရေးမှူး Anies Baswedan က ခေါင်းစဉ်အတိအကျ မတပ်နိုင်သည့် ရောဂါတခုဖြင့် ပြည်သူများ ပိုမိုသေဆုံး လာနေသည့် သတင်း များကြောင့် မြို့တော်တွင် ထိရောက်သော ပိတ်ဆို့မှုတခုပြုလုပ်ရေး ဒေသအလိုက် Lockdown တခု ပြုလုပ်ရန် သမ္မတ Joko Widodo ကို တောင်းဆိုထားသည်ဟု သတင်းထောက်များကို ပြောသည်။
ပြည်ပတွင် အလုပ်လုပ်နေသော အင်ဒိုနီးရှားနိုင်ငံသားများ အိမ်သို့မပြန်ကြရန် လူသားဖွံ့ဖြိုးမှုနှင့်ယဉ်ကျေးမှုဝန်ကြီး Muhadjir Effendy က မတ်လ ၃၁ရက်နေ့တွင် တောင်းဆိုလိုက်သည်။
“အင်ဒိုနီးရှားနိုင်ငံက တိုင်းပြည်အတွင်းမှာ နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို စောင့်ရှောက်နေရတဲ့ အခုအချိန်မှာ လက်ရှိနေရာမှာပဲ နေထိုင်ခြင်းက ပို ကောင်း ပါတယ် ” ဟု သူက ပြောကြားခဲ့ကြောင်း ပြည်တွင်း မီဒီယာတွင် ဖော်ပြခဲ့သည်။
အနောက်ဂျာဗားပြည်နယ်မှ Ridwan က ပိတ်ဆို့တားဆီးမှုများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော ပထမဆုံး ဒေသခံခေါင်းဆောင်များ အနက်မှ တဦး ဖြစ်သည်။ “ ဒီကိစ္စကိုဆွေးနွေးဖို့ ကျနော်က သမ္မတ Joko Widodo နဲ့ (ဗီဒီယို ကွန်ဖရင့်မှတဆင့်) တွေ့ဆုံမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Covid-19 ဖြစ်ပွားမှု ကြီးမားစွာ အစုအပြုံလိုက်ရှိပြီး ပိတ်ဆို့ထားဖို့ လိုအပ်တဲ့ မြို့တမြို့ရှိပါတယ်”ဟု သူကပြောသည်။
Ridwan က ပြည်နယ်အစိုးရသည် အနောက်ဂျာဗားရှိ မြို့နှင့် ဒေသကြီး ၂၇ ခုတွင် လူပေါင်း ၂၂၀၀၀ ကို အလျှင်အမြန် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရောဂါပိုးကူးစက်ခံထားရသူ ၃၀၀ တွေ့ရှိခဲ့ရကြောင်းပြောသည်။ အများစုမှာ Sukabumi မြို့ တွင် ဖြစ်သည်။
ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ ရှိရသူများကို ထိုနောက်ပိုင်းတွင် ပိုမိုတိကျပြီး ဈေးကြီးသော စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ရလဒ်များကို စောင့်ဆိုင်းနေသည်။
အနောက်ဂျာဗားမှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်သားများ ရင်ဆိုင်နေရသော ဓာတ်ခွဲခန်းသုံး မျက်နှာဖုံးများနှင့် ဘေးအန္တရယ် ကာကွယ်ပေးသည့် PPE ဝတ်စုံများ ပြတ်လပ်နေမှုကိုလည်း အုပ်ချုပ်ရေးမှူးက အလေးပေးပြောကြားခဲ့သည်။
“ ဒီပစ္စည်းနှစ်ခုလိုအပ်တယ်။ အဲဒါတွေက ထောက်ပံ့မှု ပြတ်လပ်နေတယ်။ အခု ဘယ်မှာရှာရမှန်း မသိသေးပါဘူး။ သိတဲ့သူ တယောက်ယောက်များရှိရင် ကျနော်တို့ကို အသိပေးပါ” ဟု သူကပြောသည်။
အနောက်ဂျာဗား ပြည်နယ်က ကူးစက်မှုကို ဖော်ထုတ်နိုင်ရန် သူတို့ကို တွေ့ရှိရသည့် နေရာတွင် တောင်ကိုရီးယားပုံစံ အကြီးအကျယ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်သွားမည်ဟု Ridwan က ထပ်ပြောသည်။ ပြည်နယ်အတွင်းတွင် ကူးစက်မှု ၁၀၀၀ ရှိလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံက မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံခြားသားများကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်းမှ တားမြစ်လိုက်သည်။ ခရီးစဉ် အကူးအပြောင်းပြုလုပ်မည့်သူများ အပါအဝင်ဖြစ်သည်။ နေထိုင်ခွင့်ဗီဇာရှိသည့် နိုင်ငံခြားသားများနှင့် သံတမန် ဧည့်သည်အချို့က ခြွင်းချက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဆိုသည်။
အစိုးရအနေဖြင့် နိုင်ငံတွင်းသို့ ပြန်လာသည့် အင်ဒိုနီးရှားနိုင်ငံသားများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လိမ့်မည်ဟုလည်း ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသား ၁၁၀၀၀ ကျော်က နိုင်ငံခြားသင်္ဘောများပေါ်တွင် သင်္ဘောသားများအဖြစ် လုပ်ကိုင်နေကြပြီး ၎င်းတို့ ပြန်လာသည့်အခါ သူတို့ကိုစစ်ဆေးရန် တိုင်းပြည်က ပြင်ဆင်ထားရမည်ဟု သမ္မတ Joko Widodo က ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ သတင်းတခုအရ သိရသည်။
အရေးပေါ် ဥပဒေတခု ထုတ်ပြန်ရန် အင်ဒိုနီးရှားနိုင်ငံက စီစဉ်နေပြီး အဆိုပါ ဥပဒေက ဗဟိုအစိုးရကို အသုံးစရိတ် တိုးမြှင့်ရန်နှင့် ကပ်ရောဂါတုန့်ပြန်ရာတွင် ကျယ်ပြန့်သည့် လိုငွေပြမှုတခုကို စီမံခန့်ခွဲရန် ခွင့်ပြုပေးလိမ့်မည် ဖြစ်သည်။
အဆိုပါ လုပ်ရပ်က ဘဏ္ဍာရေးနှစ်တခုအတွက် အင်ဒိုနီးရှားနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုကို GDP ၏ ၃ ရာခိုင်နှုန်းသာ ရှိစေရန် ကန့်သတ်ထားသည့် ၂၀၀၃ ခုနှစ်က ဥပဒေတခုကို ထိရောက်စွာ ပြန်လည်ပြင်ဆင်လိုက်ခြင်း ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ရေကြောင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Luhut Pandjaitan က မတ်လ ၃၁ ရက်နေ့တွင် ပြောသည်။
ဥပဒေသစ်များကို အစိုးရကို ဘဏ္ဍာရေးနှစ် ၃ နှစ်ဆက်တိုက် အဆိုပါ ကန့်သတ်ချက် ထက် ကျော်လွန်ခွင့်ပေးထားသော်လည်း ၂၀၂၃ ခုနှစ်တွင် ကန့်သတ်ချက်အတိုင်း ပြန်လည်ထားရှိလိမ့်မည်ဟု သူကဆိုသည်။
Covid-19 ကပ်ရောဂါက အာရှ-ပစိဖိတ် ဒေသတွင် ပြီးဆုံးရန် ဝေးကွာနေဆဲ ဖြစ်ပြီး ဆေးစစ်ခြင်းအားဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးစားသည့် လက်ရှိ အားထုတ်မှုများဖြင့် ကြီးမားသော အသိုင်းအဝိုင်းများအတွင်း ကူးစက်ပျံ့ နှံ့မှုအတွက် ပြင်ဆင်ရန် တိုင်းပြည်များက အချိန်ကိုဝယ်နေခြင်း ဖြစ်သည်ဟု ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၃၁ ရက်နေ့တွင် ပြောသည်။
“ဒီဟာက ရေရှည်စစ်ပွဲတခု ဖြစ်လာတော့မှာပါ။ ကျနော်တို့က ကျနော်တို့ရဲ့ကာကွယ်မှုကို အကျဆုံးခံလို့ မရပါဘူး” ဟု WHO ၏ ပစိဖိတ် အနောက်ပိုင်းဒေသဆိုင်ရာ ဒါရိုက်တာ Takeshi Kasai ကပြောသည်။
ကိုးကား။ ။ South China Morning Post ၏ Coronavirus: Indonesia’s migrant workers urged not to return home as Widodo declares state of emergency
You may also like these stories:
အမေရိကန် ကိုဗစ်-၁၉ သေဆုံးမှု တရုတ်ထက်မြင့်
COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ လူ ၁၂ ဦးသေဆုံး
COVID-19 ကာကွယ်ဖို့ မျက်နှာဖုံး လုပ်နည်းများကို မျှဝေခဲ့တဲ့ ဗိသုကာပညာရှင်များ