ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ လူသုံးကုန်၊ ဆေးဝါး၊ အထည်အလိပ် စသည့် ပစ္စည်းများ လက်ကား ရောင်းချ ပေးနေသော ယုဇနပလာဇာ၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးများကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ယာယီ ကန့်သတ် ပိတ်ထားလိုက်သည်။
COVID-19 ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ်သည့် အနေဖြင့် ယုဇနပလာဇာ အပါအဝင် ဈေးဝယ်စင်တာကြီးများကို ယာယီ ပိတ်သိမ်းသွားရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လက်အောက်ရှိ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှ မတ် ၃၀ ရက်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဧပြီ ၉ ရက်အထိ ယာယီကန့်သတ်ထားတာ ဖြစ်တယ်။ မင်္ဂလာတောင်ညွှန့် ၁၀၁ လမ်းမှာ Lockdown ရှိလို့ လူများမှာ စိုးလို့ ကန့်သတ်တာ ဖြစ်တယ်။ ဈေးပိတ်ထားတာ မဟုတ်ဘူး။ စားသောက်ကုန်၊ ဆေးဝါးတွေက လွဲလို့ ကျန်တာတွေကို ခဏရပ်ထားတာ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဈေးများဌာန ဌာနမှူး ဦးသန်းထိုက်က ဧရာဝတီသို့ ပြောသည်။
ဈေးများ ယာယီကန့်သတ်ပိတ်ခြင်းကို YCDC က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ အခြေအနေနှင့် အချိန်အခါ အရ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက ကြေညာချက် ထုတ်ရခြင်းဖြစ်ကြောင်း၊ ယင်းဈေးများအတွင်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကုန်ခြောက်ပစ္စည်း စသည့် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းများကို ဆက်လက် ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။
အခြား လူသုံးကုန် ပစ္စည်းများ၊ အများပြည်သူများ အတွက် အရေးကြီးပြီး လိုအပ်မှု မရှိသည့် ကုန်ပစ္စည်းများ လက်လီ၊ လက်ကား ရောင်းချခြင်းကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ယာယီပိတ်သိမ်းသွားမည် ဖြစ်ပြီး အကယ်၍ လိုအပ်ပါက ပိတ်သိမ်းကာလကို ထပ်မံ တိုးမြှင့်သွားရန် ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ ၂ ဦး တွေ့ရှိပြီးနောက် ထိုရောဂါပိုး ကာကွယ် ထိန်းချုပ်သည့် အနေဖြင့် အများပြည်သူ ဝင်ထွက်သွားလာခြင်းကို လျှော့ချနိုင်ရန် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သီတာလမ်းတွင် နေထိုင်သူ တဦးက “ဈေးဝယ်တဲ့သူတွေကတော့ ရှင်းသွားတယ်။ ခါတိုင်းဆို ဒီလမ်းက ဝယ်သူတွေ ရောင်းသူတွေနဲ့ ပိတ်ဆို့နေတာ။ ဒီနေ့တော့ ဆိုင်ခန်းရွှေ့ပြောင်းတဲ့သူတွေပဲများတယ်။ အစားအသောက်နဲ့ ဆေးဝါးဆိုင် တွေ ကတော့ ဖွင့်တယ်။ အထည်ရောင်းတဲ့ဆိုင်တွေက ပိတ်တယ်”ဟု ပြောသည်။
ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု ကို ကာကွယ် တားဆီးနိုင်ရန် ရည်ရွယ်၍ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခြင်း၊ လူစုလူဝေးဖြစ်ပေါ်စေသော ပွဲလမ်းသဘင်များကို ယာယီ ပိတ်ပင်ထားခြင်း၊ တန်ခိုးကြီး ဘုရားအချို့ကို ဘုရားဖူးခွင့် ပိတ်ခြင်း၊ ဖူးမျှော်ချိန် ကန့်သတ်ခြင်း စသည်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများက လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ
ဖြစ်စေချင်တာကတော့ အထည်ချုပ်လုပ်ငန်းတွေကို ပိတ်ပေးပါ