သတင်း

မန္တလေးတိုင်းအတွင်း ပြည်တော်ပြန်များ Quarantine လုပ်မည့်နေရာ ၆၀၀ ကျော်ရှိ

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း (Facility Quarantine) အတွက် မြို့ နယ် ၂၈ မြို့နယ်တွင် သတ်မှတ်နေရာ ၆၀၀ ကျော်၌ စီစဉ်ထားရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ တိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန် ရည် ရွယ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲရုံးမှ တာဝန်ရှိသူတဦးက “တိုင်းအတွင်း ပြန်ရောက်လာတဲ့ ပြည်တော်ပြန်တွေကို Facility Quarantine ပြုလုပ်နိုင်ဖို့ ခရိုင်၊ မြို့နယ်များအလိုက် ကြိုတင် ပြင်ဆင်ထားတဲ့နေရာ ၆၀၀ ကျော်ရှိပါတယ်။ အဲ ဒီ ၆၀၀ ကျော်မှာ လူပေါင်း၂၃၀၀၀ ကျော်ထိ ထားရှိ စောင့်ကြည့်နိုင်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ပြည်ပနိုင်ငံများမှ မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ပြန်လည် ရောက်ရှိလာသူ အားလုံး Facility Quarantine သတ် မှတ်နေရာတွင် ကျန်းမာရေး စောင့်ကြည့်မှု ခံယူရမည် ဖြစ်ပြီး၊ လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူခြင်းများ လုပ် ဆောင်သွားမည်ဟု မတ်လ၂၇ ရက်က မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။

“ကျနော်တို့တိုင်းထဲကို ပြည်ပနိုင်ငံ ဘယ်နိုင်ငံကနေပဲ ရောက်လာလာ၊ ရောက်လာသူ အားလုံး Facility Quarantine ၁၄ ရက် မဖြစ်မနေ ဝင်ကို ဝင်ရပါမယ်။ အကယ်၍ မဝင်ခဲ့ဘူးဆိုရင် ကူးစက် ဥပဒေနဲ့ အရေးယူသွားမယ်၊ လောလော ဆယ်အရ Lockdown လုပ်ဖို့ မလိုသေးပေမယ့် အဲဒီအခြေအနေ မရောက်သွားအောင် ပြည်သူအားလုံး ဝိုင်းပါဝင်ပေး ကြဖို့ လိုပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောဆိုထားသည်။

ယခုအခါ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများကို စောင့်ကြည့်ရန်နှင့် COVID-19 ကာကွယ်ရေးအတွက် လူ ၃၀ ဦး ခန့် ပါဝင်သည့် စေတနာ့ ဝန်ထမ်းအဖွဲ့များကို တိုင်းအတွင်းရှိ ကျေးရွာများတွင် ဖွဲ့စည်း၍ စောင့်ကြည့်မှုများကို လုပ် ဆောင်လျက် ရှိသည်။

ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာမှ ဦးအောင်ရွှေက “ပြည်တော်ပြန်တွေ ပြန်ရောက်တာကို သိရှိတာနဲ့ တခါတည်း Quarantine ထဲကို တန်းပို့ပါတယ်။ စောင့်ကြည့်မှု ခံယူဖို့ တိုက်တွန်းတာမျိုးတွေ လုပ်နေတာပေါ့နော်၊ ပြောရဆိုရ နည်းနည်းခက်တဲ့ သူမျိုးတွေလည်း ပါတာပေါ့။ သို့သော် သူတို့လည်း သေချာရှင်းပြတော့ နားလည် လက်ခံကြပါ တယ်” ဟု ပြောသည်။

လက်ရှိတွင် မတ်လ ၃၁ ရက်အထိ စာရင်းများအရ မန္တလေးတိုင်း ဒေသကြီးရှိ ဟိုတယ်တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း (Hotel Quarantine) ပြုလုပ်ထားသူ ၉၀ ဦး၊ သတ်မှတ်နေရာတွင် အသွားအလာ စောင့်ကြည့်ခြင်း (Facility Quarantine) ပြုလုပ်ထားသူ ၃၁၄၂ ဦး ထိရှိပြီး ဟိုတယ်နှင့် သတ်မှတ်နေရာများတွင် ထားရှိကာ အသွား အလာ ကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) ပြုလုပ်ထားသူ ၃၂၀၀ ကျော် ရှိကြောင်း သိရသည်။

ချမ်းမြသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “သက်ဆိုင်ရာ မြို့နယ် အလိုက် လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ လုပ်ဆောင်ပေးနေကြပါတယ်။ ရပ်ရွာ အုပ်ချုပ်ရေးပိုင်းကပါ ပူးပေါင်း ပါဝင် လုပ်ဆောင်ပေးနေကြတဲ့ အတွက် အခက်အခဲကတော့ မရှိသလောက်ပါပဲ” ဟု ပြောသည်။

Hotel Quarantine ပြုလုပ်ထားသူ ၉၀ ဦးမှာ မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တလုံးနှင့် ပုဂံညောင်ဦးရှိ ဟိုတယ် ၃ လုံးတို့ တွင် ထားရှိထားခြင်း ဖြစ်ပြီး အားလုံးမှာ သတ်မှတ်ထားသည့် ၁၄ ရက် ပြည့်မြောက်ခြင်း မရှိသေး၍ ဆက်လက် စောင့် ကြည့်နေဆဲ ဖြစ်သည်။

ထို့ပြင် ပြည်တော်ပြန်များကို သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း Facility Quarantine ၁၄ ရက် ပြည့်မြောက်သူ ၂၇ ဦး ရှိကြောင်းသိရသည်။

“Quarantine ပြုလုပ်ခံရတဲ့သူ တော်တော်များများက သတ်မှတ်ချက်တွေအတိုင်း လိုက်နာကြပါတယ်၊ စောင့်ကြည့် လူနာမဟုတ်ဘဲ သံသယလူနာတွေကတော့ ပိုးမတွေ့ဘူး ဆိုတဲ့အဖြေကို ရရှိထားကြပြီးဖြစ်ပါတယ်။ သံသယလူနာ တွေကို Quarantine ကာလကျော်ရင် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဌာနတွေနဲ့ ချိတ် ဆက်ပြီး မေးရဦးမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်အောင်မိုးက ဆက်လက် ပြောသည်။

ပြည်တော်ပြန်များကို Facility Quarantine ပြုလုပ်ရာတွင် ရမည်သင်း ခရိုင်နှင့် မိတ္ထီလာခရိုင်များတွင် လူဦးရေ အများ ဆုံးဖြစ်ပြီး ရမည်သင်း ခရိုင်တွင် ၉၇၀ ကျော်နှင့် မိတ္ထီလာခရိုင်တွင် ၉၅၀ ကျော် ရှိကာ မတ္တရာမြို့နယ်သည် Facility Quarantine ၂၅ နေရာဖြင့် အများဆုံး ဖြစ်သော်လည်း Facility Quarantine ပြုလုပ်ခံရသူ ၃၀၀ ကျော်သာ ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက “ပြည်တော်ပြန်တွေကို အများဆုံး ထား တာပါ။ လောလောဆယ် အနေအထားအရတော့ Quarantine အားလုံး အဆင်ပြေကြပါတယ်၊ ပြဿနာ ဖြစ်တာမျိုး တွေ မရှိပါဘူး၊ အဓိက သူတို့ကို သတ်မှတ်နေရာမှာပဲ နေထိုင်နိုင်အောင်လို့ အစားအသောက်ကအစ ပြည့်စုံအောင် စီစဉ်ပေးထားပါတယ်”ဟု ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်ထိ မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြု လူနာ တဦးရှိပြီး ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေပြီး ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ စစ်ဆေးရာ ပိုးတွေ့နေရဆဲဟု သိရသည်။

ကန်တော်နဒီ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က “ပိုးတွေ့လူနာက အောက်ဆီဂျင်တော့ လွတ်သွားပါပြီ။ မနေ့က ပိုးတွေ့လူနာကို တခေါက်ထပ်စစ်တော့ ပိုးတွေ့ သေးတယ်၊ သူ့အမျိုးသမီးကတော့ သူနဲ့ အနီးကပ် နေထိုင်သူဖြစ်တာ ကြောင့် တခါတည်း Quarantine သဘောမျိုး အတွင်း သွင်းထားတာပေါ့နော်။ အပြင်ပေးမထွက်ဘူး၊ မထွက်တဲ့ အတွက် သူ့ကိုမဖြစ်မနေ စစ်ခဲ့တာမှာ ပိုးမတွေ့ပါဘူး” ဟု ပြောသည်။

ပိုးတွေ့လူနာမှာ အမေရိကန် နိုင်ငံသား ခံယူထားသော အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားဖြစ်ကာ မိသားစုဝင် ၇ ဦးကိုလည်း နဒီမြန်မာ ဟိုတယ်တွင် Facility Quarantine ပြုလုပ်ထားသည်။

ဒေါက်တာ ခင်ကျော်က “ကျန်မိသားစုတွေကတော့ ပိုးမစစ်ပါဘူး။ Quarantine ၁၄ ရက်ပြည့်အောင်တော့ ဆက်ထား မယ်၊ စောင့်ကြည့်နေရင်းနဲ့ လက္ခဏာ ပေါ်လာမှ သံသယလူနာ အဖြစ် သတ်မှတ်ပြီး စစ်မှာပေါ့နော်၊ အဖြေစောင့်လူနာ က ၃ ယောက်ပဲ ကျန်ရှိပြီး ကျန်လူနာများက အားလုံး ပိုးမတွေ့ပါဘူး”ဟု ဆက်လက် ပြောသည်။

ယခုအခါ စောင့်ကြည့်လူနာ၊ သံသယလူနာများကို ထားရှိသည့် ကန်တော်နဒီဆေးရုံ၊ နဒီမြန်မာဟိုတယ်နှင့် Facility Quarantine များမှ ပိုးမတွေ့ လူနာများကို သတ်မှတ်ရက်ပြည့်သည်နှင့် အဆုတ် ဓာတ်မှန်ကောင်းမွန်မှု၊ အနည်းဆုံး ၄၈နာရီ အဖျားကင်းစင်လျှင် နေရပ်များသို့ ပြန်ခွင့်ပြုထားကြောင်း သိရသည်။

ဒေါက်တာ ခင်ကျော်က “သူ့ရပ်ရွာကို ပြန်ရောက်သွားပေမယ့်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကနေ စောင့်ကြည့် တာမျိုးတွေ လုပ်နေပါတယ်၊ ကျနော်တို့ကလည်း အိမ်ကနေ ဘယ်မှမထွက်ဘဲ နေရမယ်၊ ကျန်းမာရေးဌာနရဲ့ညွှန် ကြားချက်အတိုင်း နေရမယ်ဆိုပြီး သေသေချာချာ လမ်းညွှန်ပေးပါတယ်။ ပိုးမတွေ့ရတဲ့ လူနာတော်တော်များများကို ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ”ဟု ဆက်လက် ပြောသည်။

ယခုအခါ COVID-19 ရောဂါနှင့်ပတ်သက်၍ လူနာများ ပို့ဆောင်သည့် လမ်းကြောင်း လိုအပ်ချက်များကို ပိုမိုကျယ်ပြန့် စွာ လုပ်ဆောင်ပေးနိုင်ရန်နှင့် အကူအညီ ပေးနိုင်ရန်အတွက် တိုင်းအတွင်းရှိ လူမှုကူညီရေး အသင်း ၂၅၀ ကျော် ချိတ် ဆက်ထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ ၃၁ ရက်ထိ သတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဖြစ်ပွား သူ ၁၅ ဦး ရှိပြီး တဦးမှာ သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ဝက်လက်မြို့နယ်မှ ထွက်ပြေးသည့် COVID-19 စောင့်ကြည့်လူနာကို ဖမ်းမိ

COVID-19 ပိုး တွေ့သူနှင့် လေယာဉ်စီးခဲ့သည့် အမျိုးသမီး စစ်ဆေးမှု လာရောက်ခံယူ

Loading