နေပြည်တော် အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ စောင့်ကြည်လူနာ တသောင်းခွဲထိ ထားရှိနိုင်ရန် ယနေ့စတင်ကာ ပြင်ဆင်ထားပြီဖြစ်ကြောင်း နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပြောသည်။
ဗိုလ်ချုပ်မြင့်မော် က “ပြည်သူလူထု အနေနဲ့ စောင့်ကြည်ဖို့ လိုအပ်လာပြီ Quarantine လုပ်ဖို့လိုလာပြီ ဆိုရင် အမှတ်၃ စစ်ကြောရေးနှင့် တည်းခိုရေးမှာ တသောင်းခွဲလောက် အထိ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ စားရေးသောက်ရေးကစ တပ်မတော်ကနေ လိုအပ်တဲ့ဟာတွေ ကူညီပေးဖို့ စီမံထားပါတယ်” ဟု ယနေ့ ပျဉ်းမနားတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် သတင်းထောက်များကိုပြောသည်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကုသရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက် နေကြသည်ကို မြင်တွေ့နေရသောကြောင့် တပ်မတော်က ပညာပေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေခြင်းဖြစ်ပြီး လိုအပ်လာပါက အသင့်ထားရှိရန် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ဗိုလ်ချုပ်မြင့်မော် က “ပရဟိတအဖွဲ့တွေရော ပြည်သူလူထု တတ်နိုင်တဲ့ဘက်က အဘက်ဘက်က လုပ်ကြပါတယ်။ အဲဒီလိုပဲ တပ်မတော်အနေနဲ့ မိမိတို့တတ်နိုင်တဲ့ဘက်က ပြည်သူလူထုအတွက် အထောက်အကူပြုအောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
တပ်မတော်က ပြင်ဆင်ထားသည့် နေရာများအနက် ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင့်ကြည့် လူနာများကို ယမန်နေ့ညက ပထမဆုံး စတင်လက်ခံနေပြီး ဧပြီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီထိ တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်နေသော အရပ်သား စောင့်ကြည့်လူနာ ၅၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ရန်ကုန်မှာတော့ စလက်ခံနေပြီ။ နေထိုင် စားသောက်ရေး ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေဆေးကုသရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
တပ်မတော်အတွင်းတွင်မူ COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးဘဲ၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူနှင့် ၎င်းတို့နှင့် ထိတွေ့သူများကို စောင့်ကြည့်လူနာ အဖြစ် ထားရှိသော အရာရှိ၊ စစ်သည်နှင့် မိသားစုဝင် စုစုပေါင်း ၄၃ ဦးရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၃၀ ရက်နေ့က ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ပြီး ထိုကော်မတီတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးနှင့် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးများကပါ အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် အစိုးရနှင့် ပရဟိတ ပူးပေါင်းအဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်နေသော စည်ပင် ရိပ်သာ(၁)နှင့် သက်ဆိုင်ရာ နယ်မြေအသီးသီးရှိ ဆေးရုံများတွင် ထားရှိသော စောင့်ကြည့်လူနာ ၇၀၀ နီးပါးထိ ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၃၁ ရက်နေ့ ည ၈ နာရီအထိ ကိုရိုနာဗိုင်းစ် ပိုးတွေ့ရှိသူ ၁၅ ဦး ရှိသည့်အနက် သေဆုံးသူ ၁ ဦးနှင့် စောင့်ကြည့်လူနာ ၅၅၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ကပေါ်ရှိ နိုင်ငံအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့နေပြီး ကမ္ကာနှင့်အဝှမ်းတွင် (COVID-19) ကူးစက်ခံရသူ ၈ သိန်း ၆ သောင်းကျော် နှင့်သေဆုံးသူ ၄ သောင်းကျော်ထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်
AA သတင်းရေးသည့် သတင်းအယ်ဒီတာချုပ်နှင့်သတင်းထောက်များကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်
COVID -19 ကြောင့် ရန်ကုန်မြို့သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ လျှော့ချ