ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တွင် ယနေ့ ညနေ ၅ နာရီဝန်းကျင်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ကျောက်တော်မြို့ ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က “ကျည်ဆန်တွေက ကျနော်တို့ နားရွက်နားက ဖြတ်သွား သလိုပဲ အသံတွေကြားရတယ်။ မြို့အပြင်ဘက်က အသံလည်း ကြားရတယ်။ ကမ်းနားလမ်းဘက်၊ ကားလမ်းဘက် ပစ်သံတွေက အစုံကြားရပါတယ်။ ဘယ်အခြေအနေ ဖြစ်တာလည်း၊ တိုက်ပွဲဖြစ် တာလား၊ မြို့ကို လှမ်းပစ်တာလားဆိုတာ မသိနိုင်ဘူး။ အားလုံး ကိုယ်အိမ်ထဲမှာ ကိုယ် ပြားပြား ဝပ်နေကြရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မြို့တွင်း၊ မြို့ပြင် ပစ်ခတ်မှုများ ဖြစ်ပွားသည့်အတွက် မြို့ခံ တချို့လည်း ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ပြီး ပစ်ခတ်မှုများ ရှိနေသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသည့် အရေအတွက်နှင့် အသေးစိတ် အခြေအနေကို မသိရှိနိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဆက်လက် ပြောကြားသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ ကုလားတန်မြစ် အရှေ့ဘက် ကမ်းတွင် ရပ်တန့်ထားသော တပ်မတော် စစ်ရေယာဉ် ၂ စင်းအား AA အဖွဲ က မြို့ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် ပြန်လည် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဒီနေ့ ညနေ ၅ နာရီလောက်မှာ ကျောက်တော်မြို့ရဲ့ အရှေ့ဘက်ကမ်းမှာ လုံခြုံရေး အတွက် ရပ်ထားတဲ့ စစ်ရေယာဉ် ၂ စီးကို မြို့ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လှမ်းပြီး ပစ်ခတ်တာ ရှိတယ်။ အဲဒါကြောင့်မို့ ပစ်ခတ်တဲ့ နေရာနဲ့ အနီးဆုံးနေရာကို ပြန်လည် တုန့်ပြန်ပြီး ပစ်ခတ် ရတာတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ မနက်ပိုင်းကလည်း ကျောက်တော်မြို့၏ အနောက်တွင် တည်ရှိသော သရက်အုပ် ကျေးရွာ အတွင်းသို့ တပ်မတော် စစ်ကြောင်းတခုက ဝင်၍ ရွာသူ ရွာသားများကို ထိန်းသိမ်း စစ်ဆေးမှုများ ရှိပြီး ရွာသား တချို့ကိုလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံ ကျေးရွာသားများက ဆိုသည်။
သရက်အုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တပါး က “ရွာသားတွေ အစစ်ဆေးခံရ တာတော့ ရှိတယ်။ ရွာသားတွေ ပစ်ခတ်ခံရလို့ သေဆုံးတယ်ဆိုတာတွေတော့ မဟုတ်ဘူး။ ကောလာဟလ သတင်းတွေပါ။ သူတို့ ထွက်သွားတဲ့အခါ အုပ်ချုပ်ရေးမှူးနဲ့ ရွာသား တယောက်ကိုတော့ ခေါ်သွားတယ်။ သူတို့ အခုထိတော့ ပြန်မရောက် ကြသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သရက်အုပ်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်း ခဲ့ရာ ၎င်း ဖြစ်စဉ် အပေါ် မသိရှိသေးကြောင်း ပြောသည်။
မတ်လ ၁၉ ရက်နေ့ ညပိုင်းက ကျောက်တော်မြို့ပေါ် ပိုက်သည်ရပ်ကွက်နှင့် ဝက်မိုင်းကျေးရွာတွင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရခိုင်တိုင်းရင်းသား ၂ ဦးနှင့် မွတ်ဆလင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
လက်ရှိ အခြေအနေတွင် ကျောက်တော်မြို့ခံများသည် စိုးရိမ်စိတ်များဖြင့် အိမ်ပြင်ကို မထွက်ရဲကြဘဲ ဘေးလွတ်ရာများတွင် ပုန်းခိုနေကြရကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်း ကျောက်တော်မြို့ပေါ် လူနေရပ်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ လည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက် တော်မြို့ေ ပါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယတန်း ကျောင်သားလေး ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက် ရောက် ကုသခဲ့ရသည်။
You may also like these stories:
တရုတ်ပိုင် အထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းပိတ်လိပ်များ လေကြောင်းဖြင့် တင်သွင်း
မင်းပြား တပ်မတော် လေ့ကျင့်ရေးကျောင်း AA ဝင်တိုက်
မင်းပြားတွင် ဗုံးထိ၍ ချင်းလူငယ် ၁ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာပြင်းထန်