ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနှင့် ပက်သက်ပြီး Quarantine ဝင်ကြရမည့်သူများအနေဖြင့် ၁၄ ရက်ဆိုသည့် အချိန်တခုကို ကြည်ကြည်ဖြူဖြူဖြင့် နေရန် အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးမှ ဆွေးနွေးချက်များကို ယနေ့ညနေ ၆ နာရီနှင့် ည ၈ နာရီ သတင်းအပြီးတွင် ပြန်လည် ထုတ်လွှင့် ပြသခဲ့သည်။
နေအိမ်ကျဉ်းကျဉ်းလေးထဲတွင် နေရသူများအတွက် ၁၄ ရက် Quarantine နေကြရမည့်သူများအတွက် မလွယ်ကူသည်က မိမိလက်ခံကြောင်း၊ စိတ်ကျဉ်းကျပ်၊ ကိုယ်ကျဉ်းကျပ် ဖြစ်နေမည်ကို နားလည်ပါကြောင်း သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အားလုံးက မနေချင်တာမျိုး ဖြစ်မှာပဲ။ အဲ့ဒီမှာ ဒီ ၁၄ ရက်နဲ့ ကိုယ့်တသက် လဲမှာလား။ ဒီ ၁၄ ရက်လေး ပေးရတာက ကိုယ့်တသက်အတွက် ဘယ်လောက်အကျိုးရှိသလဲ ဆိုတာကို ထပ်တလဲလဲ ပြောရမှာပဲ။ ဒါက အရေးကြီးဆုံးပဲ” ဟု ဆိုသည်။
၁၄ ရက် Quarantine နေရာတွင် ကိုယ်တိုင်က အရေးကြီးသလို မိသားစုဝင်များတွင်လည်း အများကြီး တာဝန်ရှိကြောင်း၊ ကြည့်ရှု့စောင့်ရှောက်ရန်နှင့် ရပ်ရွာအတွင်း သွားလာမှုများမရှိစေရေး ရပ်ရွာအတွင်းရှိ အုပ်ချုပ်ရေးကအစ ပတ်ဝန်ကျင်ရှိ သူများအားလုံးကလည်း တာဝန်ရှိပါကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အခု ပြည်ပကနေ ပြန်လာကြတဲ့ ကိုယ့်နိုင်ငံသားတွေ ပြန်လာတာကို ကိုယ့်သားသမီးတွေလို ပြန်လက်ခံရမှာပဲ။ လက်မခံလို့မရဘူး။ သူတို့မှာ (COVID-19) ပါချင်လဲ ပါလာမှာပဲ။ ဒီဟာကို Quarantine နဲ့ ထိန်းချုပ်လို့ရမှာပဲ။ ဒီ ၁၄ ရက်လေးကိုတော့ အားလုံးသည်းခံရမှာပဲ။ ရောဂါပါလာရင်လည်း စောစောစီးစီးသိရင် စောစောစီးစီး ကုသမှု ခံယူလို့ရတာပဲ” ဟု ဆိုသည်။
ရှမ်းပြည်နယ်တွင် Quarantine လုပ်ရန် သူနာပြုဆရာမက ပြောသည်ကို မချေမငံ ဆက်ဆံမှုများတွေ့ကြုံခဲ့ရသလို ထိုင်းနိုင်ငံမှ ပြန်လာသည့် COVID-19 သံသယလူနာတဦးလည်း Quarantine လုပ်ခြင်းကိုမခံပဲ ထွက်ပြေးမှုများ ရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရပြီးသည့်လူနာ ၁၅ ဦးရှိခဲ့ရာမှ ၁ ဦးသေဆုံးခဲ့ပြီဖြစ်သည်။
You may also like these stories:
ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွား
နေပြည်တော် စစ်ကြောရေးစခန်းတွင် ကိုဗစ်စောင့်ကြည့်လူနာ ၁ သောင်းခွဲထိ ထားနိုင်ရန် ပြင်ဆင်
မန္တလေးတိုင်းအတွင်း ပြည်တော်ပြန်များ Quarantine လုပ်မည့်နေရာ ၆၀၀ ကျော်ရှိ