အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 လူနာများ ထားရှိကုသရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်ဆေးရုံနှင့် ဟင်္သာတဆေးရုံတို့ကို အဆင့်မြှင့်တင်မှုများ အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံက သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဌေး က “တကယ် ဖြစ်လာရင် ကုသနိုင်တဲ့ အဓိက ဆေးရုံကြီး၂ ရုံဖြစ်တဲ့ ပုသိမ်ဆေးရုံနဲ့ ဟင်္သာတ ဆေးရုံကို အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်သွား မှာပါ” ဟု ဧရာဝတီကို ပြောသည်။
ဆေးရုံများ အဆင့်မြှင့်တင်မှု လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု အစိုးရထံတင်ပြ တောင်းခံထားပြီး လတ်တလော ကာလ အတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ ပေါ်ပေါက်လာပါက ပုသိမ်ဆေးရုံကြီးနှင့် ဟင်္သာတ ဆေးရုံကြီးတို့တွင် အလျင်အမြန် ကုသပေးသွားရန် ပြင်ဆင်ထားကြောင်းလည်း တိုင်းအစိုးရက ပြောဆိုထားသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရန် အပန်းဖြေ ကမ်းခြေများ၊ တန်ခိုးကြီးဘုရားများကို ဖူးမျှော်ခွင့် ပိတ်သိမ်းထားကာ၊ မြို့နယ်၂၆ မြို့နယ်၏ မြို့အဝင်ဂိတ်များတွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ပြည်ပမှ ပြန်လာသူများကို စောင့်ကြည့်စင်တာ (Community Based Facility Centre) ပေါင်း ၁၅၀ ဖွင့်လှစ်ကာ ကျန်းမာရေး ဝန် ထမ်းများမှ ၁၄ ရက် စောင့်ကြည့်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြည်ပမှ ပြန်လာပြီး ၁၄ ရက် စောင့်ကြည့်မှု မခံယူပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ၊ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်သွားရန် ကြေညာထားပြီး၊ လူစုလူဝေးများ မပေါ်ပေါက်စေရန် တိုင်းအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ အဖျော် ယမကာဆိုင်နှင့် အစားအသောက် ရောင်းချ သည့် ဆိုင်များအားလုံး ဆိုင်ထိုင် စနစ်ဖြင့် မရောင်းချဘဲ ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန် မတ်လ ၃၁ ရက်က ကြေညာ ချက် ထုတ်ပြန်ထားသည်။
ဝန်ကြီး ဦးဝင်းဌေးက “ကျနော်တို့က ပြည်သူလူထုရဲ့ကျန်းမာရေးအတွက် ပါဆယ်စနစ်နဲ့ ရောင်းချပေးဖို့ ပန်ကြားတာပါ။ ကိုရိုနာ ဗိုင်းရပ်စ်က လူစုလူဝေးနဲ့ဆို ကူးစက်မှု ပိုဖြစ်နိုင်တယ်။ ဒါကြောင့် ဆိုင်တင်မဟုတ်ပါဘူး၊ ဘယ်နေရာမှာမဆို လူစုလူဝေး မလုပ်ကြဖို့ ပန်ကြားတာပါ။ အားလုံး ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုရင် ဒီကပ်ဆိုးကို အတူတူ ပူးပေါင်း ကျော်လွှားနိုင်မှာပါ”ဟု ပြောသည်။
အစားအသောက် ရောင်းချသည့် ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် တိုင်းအစိုးရက စာထုတ်ပြန်ထားသော်လည်း ပြည်သူများ ချက်ပြုတ်စားသောက်ရေး အဆင်ပြေစေရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဈေးများအားလုံးကို ပိတ် သိမ်းမည် မဟုတ်ကြောင်း တိုင်းအစိုးရက ဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က “ကျနော်တို့က ရောဂါကာကွယ်ရေး တခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ ပြည်သူလူထု စားဝတ်နေရေးကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် ဈေး တွေကိုတော့ မပိတ်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် အစားအသောက် ရောင်းချသည့် ဆိုင် များမှာ ပါဆယ်စနစ် ပြောင်းလဲရောင်းချသူများ ရှိသလို အစိုးရ ပန်ကြားချက် မလိုက်နာဘဲ ဆိုင်ဖွင့် ရောင်းချနေသူများ ရှိနေဆဲ ဖြစ်ကြောင်း ပုသိမ်မြို့ခံများက ပြောသည်။
“အစိုးရ ပန်ကြားချက်ကို လက်ဖက်ရည်ဆိုင်၊ အစားအသောက် ရောင်းတဲ့ဆိုင်တွေ လိုက်နာကြပေမယ့် အရက်ဆိုင် အများ စုကတော့ အရင်လိုပဲ ဆိုင်မှာ ထိုင်ပြီး စားသောက်ရောင်းချနေတာ တွေ့နေရတယ်။ အဲဒီတော့ လူတဦးတယောက် အတွက်နဲ့ အများ ဒုက္ခရောက်ကုန်ရင် မကောင်းပါဘူး။ တိုင်းအစိုးရ အနေနဲ့ ပန်ကြားတယ် ဆိုတာထက် ဒေသန္တရအမိန့်နဲ့ ထိထိရောက်ရောက် တားမြစ်သင့်တယ်။ အခုအချိန်က တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့ အချိန် ရောက်နေပါပြီ”ဟု ပုသိမ် မြို့မှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဒေါ်မြင့်မိုရ်တင့် က ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ခရိုင် ၆ ခရိုင်၊ မြို့နယ်ပေါင်း ၂၆ မြို့နယ်နှင့် မြို့ ၇ မြို့ရှိပြီး လူဦးရေ ၆ ဒသမ ၂ သန်းကျော် မှီတင်းနေထိုင်ကြကာ အများစုမှာ လယ်ယာ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင် ကြသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဖွဲ့စည်း
စောင့်ကြည့်မှု မခံယူသည့် ပြည်တော်ပြန်များကို အရေးယူမည် ဟု ဧရာဝတီတိုင်း အစိုးရပြော